Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂-၅-၂၀၁၇ ရက်နေ့တွင် မေးမြန်းခဲ့သည့် မေးခွန်း၏ဆက်စပ်မေးမြန်းချက်အား ပြန်လည်စိစစ်ပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့အထိ တိုးတက်မှုမရှိ၍ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပျော်ဘွယ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်အတူ မြို့ပြနှင့် ကျေးလက်ဆက်သွယ်မှု ကောင်းပြီး လူမူစီးပွားရေးဘဝမြင့်မားလာစေရန် ကျေးလက်လမ်း၊ တံတား တည်ဆောက် ရေးနှင့် ပတ်သက်ပြီး မြို့နယ်စီမံကိန်းလျာထားချက်များတွင် ထည့်သွင်းဖော်ပြပြီး အဆင့် ဆင့် တင်ပြခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ခုနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ခွဲဝေမှု များမှာ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသလမ်း၊ တံတားတွေအတွက် ခွဲဝေချထားမှု မပါရှိလာသည့်အတွက်  ၂၂-၅-၂၀၁၇ ရက်နေ့ကဥက္ကဋ္ဌကြီးမှတစ်ဆင့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက ပျော်ဘွယ်မြို့နယ်သည် လူထုဗဟိုပြု စီမံကိန်းရရှိ ထားသည့်အတွက် လျာထားမှုမရှိခြင်းဖြစ်ကြောင်း ဖြေကြားခဲ့သည့်အပေါ် လူထု ဗဟိုပြုစီမံကိန်းသည် ကမ္ဘာ့ဘဏ်ချေးငွေက ချေးထားသည့် ငွေနှင့် ဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် ငွေကြေးစီမံခန့်ခွဲမှု၊ အသုံးပြုမှု၊ ကန့်သတ်ချက်စည်းကမ်းများ ရှိနေပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျေးရွာအသီးသီး၏ ရွာတွင်းလမ်းနှင့် ရွာတွင်း ကျေးလက်လုပ်ငန်းများသာ လုပ်ဆောင်နေရကြောင်းလျာထားတောင်းခံထားသည့် ကျေး လက်ရွာချင်းဆက်လမ်းများ ကျေးရွာများမှ လမ်းမကြီးများကို ဆက်သွယ်သည့် လမ်းများနှင့် အဆိုပါ လမ်းများအပေါ်ရှိ တံတားတွေကိုလူထုဗဟိုပြု စီမံကိန်းက လုပ်ဆောင်ရာတွင် အခက်အခဲရှိပါကြောင်း၊ တင်ပြထားသည့် လမ်း၊ တံတားများသည် ပြည်ထောင်စု အဆင့်နှင့် တိုင်းဒေသကြီးအဆင့်က ဘဏ္ဍာငွေခွဲဝေခွင့်ပြုရမည့် လုပ်ငန်းများ ြဖစ်ခြင်းကြောင့် ပြည်ထောင်စု ဘဏ္ဍာငွေခွဲဝေမှုကို ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့သည့် အပြင် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်သည် ဆင်းရဲနွမ်းပါးမှု၊ ချမ်းသာ ကြွယ်ဝမှုကြား ကွာဟမှုနည်းပါးရန် ရည်ရွယ် ထားခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးနေသည့် မြို့နယ်များကို ဦးစားပေးဆောင်ရွက်သည့် လုပ်ငန်းဖြစ်သည့်အတွက် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းကို ရရှိခြင်းကြောင့် ပြည်ထောင်စုဘဏ္ဍာငွေခွဲဝေမပေးပါက ဆင်းရဲ၊ ချမ်းသာကွာဟမှုလည်း မည်သို့မျှ လျော့ကျသွားနိုင်ခြင်းမရှိသည့်အတါက် ပြန်လည်ပြီးမူဝါဒကို သုံးသပ် တင်ပြခဲ့ ပါကြောင်း၊

အထက်ကတင်ပြချက်အပေါ်မှာ ဝန်ကြီးဌာနအနေဖြင့် လူထုဗဟိုပြုစီမံကိန်းရ၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေခွဲဝေချထားခြင်းမရှိသည့်မူဝါဒကို ပြန်လည်စိစစ် ဆောင်ရွက်ပေးမည့် အ ကြောင်းနှင့် ပျော်ဘွယ်မြို့နယ်အတွင်း ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက်ရန် ကျန်နေသည့် လမ်းမိုင်ပေါင်း ၁၉၀ ကျော်ကိုတိုင်းဒေသကြီးအစိုးရနှင့် ပြန်လည်ညှိနှိုင်းပြီး ပိုလျှံရန်ပုံငွေ ဖြစ်ပေါ်လာပါက ဦးစားပေးဆောင်ရွက်မည်ဟု ကတိပြုရှင်းလင်းခဲ့သော်လည်း ပြည်ထောင်စုဘဏ္ဍာငွေများ ခွဲဝေသည့်အခါ ပျော်ဘွယ်မြို့နယ်တွင် ကျေးလက်လမ်း၊ တံတားများအတွက် ခွင့်ပြုငွေသည် သိသာထင်ရှားစွာ ပါလာခြင်း မရှိခဲ့ပါသည့်အပေါ် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို  ဒေသခံပြည်သူများကို သိရှိလိုကြပါကြောင်း၊

ထို့ကြောင့် ပျော်ဘွယ်မြို့နယ်သည် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ဖြစ်၍ ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေခွဲဝေပေးမှုမရှိသည့်မူဝါဒကို ပြန်လည်စိစစ်ပေးပါ့မည်ဟု ကတိ ဖြစ်ပေါ်ခဲ့ သော်လည်း ယနေ့ထိထူးခြားပြောင်းလဲမှုမရှိသည့်အပြင် ကျေးရွာချင်းဆက်မြို့တက်လမ်း များ အတွက်ဘတ်ဂျက် ခွဲဝေမှုပေးခြင်းကိုလည်း တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းပြီး ပိုလျှံရန်ပုံငွေမှ ဦးစားပေးဆောင်ရွက် ပေးမည် ကတိသည်လည်း ယနေ့ထိတိုးတက်ဖြစ်ပေါ်မှု မရှိသည့်အပေါ် မည်သည့်အချိန်၌ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းတွေအတွက် ရန်ပုံငွေခွဲဝေစီမံခန့်ခွဲရာတွင် တိုင်း ဒေသကြီးပြည်နယ်အလိုက် အိမ်ခြေ၊ လူဦးရေ၊ လုံခြုံရေးအရ ဆောင်ရွက်ပေးရမည့် အခြေ အနေနှင့် ဆောင်ရွက်ပေးနိုင်မှုမရှိသည့် အခြေအနေ ဆင်းရဲနွမ်းပါးမှုရာခိုင်နှုန်း၊ ဖွံ့ဖြိုးမှုရှိပြီး ဖွံ့ဖြိုးမှုနည်းပါးခြင်း စသည့်  အခြေခံအချက်အလက်များမူတည်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို မြို့နယ်အားလုံးလွှမ်းခြုံမှုရှိစေရန် လျာထား ဆောင်ရွက်မှုရှိပါကြောင်း၊ လူထုဗဟိုပြု စီမံကိန်း(CDD-Community Driven Development)  အနေဖြင့် စီမံကိန်းမြို့နယ်များတွင် အခြေခံအဆောက်အအုံလုပ်ငန်းများကို လေးနှစ်ဆက်တိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ကျေးလက်လမ်း၊ တံတားတွေလုပ်ငန်းများ လျာထားဆောင်ရွက်ရာတွင် ရန်ပုံငွေ ကန့်သတ်ချက်များရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပျော်ဘွယ်မြို့နယ်အတွက် လျာထားပေးနိုင်ခဲ့ခြင်း မရှိသော်လည်း ကျေးလက်ရေပေးရေးလုပ်ငန်းအနေဖြင့် လူထုဗဟိုပြု စီမံကိန်းများကို မြို့နယ်တွင်းကျေးရွာအုပ်စုအားလုံးကို အုပ်စုရန်ပုံငွေပေါ်မူတည်ပြီး အခြေခံ အဆောက်အအုံလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၁-၇-၂၀၁၇ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီး ဌာန အောက်ကိုလွှဲပြောင်း အသစ်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ဆက်စပ်ချိတ်ဆက်ညှိနှိုင်းပြီး ကျေးလက်ဒေသဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးရွာချင်းဆက်လမ်း၊ ကျေးရွာနှင့်မြို့ကို ဆက်သွယ်သည့်လမ်း၊ တံတားလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ခုနှစ်ဘတ်ဂျက်လျာထား လုပ်ငန်းများနှင့် တကွ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသကဲ့သို့ မိမိတို့လည်းဘဲ ဆက်စပ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း ၃၈.၉၆၄၄ သန်းနှင့် ကတ္တရာလမ်း အရှည် ၂.၆၁၄ ကီလိုမီတာ၊ ‌ငွေကျပ် ၉၁.၃၈ သန်းနှင့်ဂျင်းလမ်းအရှည် ၂.၂၁ ကီလိုမီတာနှင့် ရန်ပုံငွေကျပ် ၅၀.၇၃ သန်းနှင့် Box Culvert ခုနစ်စင်းနှင့်တံတား ကွန်ကရစ်တံတား တစ်စင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂၀၅.၈၈ သန်းနှင့် ဂျင်းလမ်းအရှည် ၉.၇ ကီလိုမီတာကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်မြေသားလမ်းအရှည် ၂၂ ကီလိုမီတာဖောက်လုပ်ခြင်း လုပ်ငန်းကို ငွေကျပ် ၃၀.၆၃ သန်းနှင့်လိုအပ်သည့်စက်သုံးဆီ၊ ယန္တရားနှင့်နည်းပညာပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင်လည်း ဂျင်းလမ်း လေးလမ်းအရှည် ၁၉.၃၀၇ ကီလိုမီတာနှင့် Box Culvert နှစ်စင်းထည့်သွင်းလျာထားပြီး တိုင်းဒေသကြီး အစိုးရရန်ပုံငွေက ကတ္တရာလမ်းအရှည် ၃.၆၂ ကီလိုမီတာနှင့် ကျောက်ချောလမ်း ၈.၈၄၉ ကီလိုမီတာတို့ကို ထည့်သွင်းလျာထားအကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်