Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီး၊ ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြုငွေ ခွဲဝေရာတွင် နာဂဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ တိုးမြှင့်ခွင့်ပြုပေးရန် ရှိ/မရှိ သိလိုသည့် မေးခွန်း ဖြစ်ကြောင်း၊ ယခုမေးခွန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် အတည်ပြုပြီးဖြစ်သည့်အတွက် အကြုံးမဝင် သလို ဖြစ်သွားကြောင်း၊ သို့သော် လာမည့်ဘဏ္ဍာနှစ်များတွင် လုပ်ငန်းတိုးမြှင့် ခွင့်ပြုပေး နိုင်ရန်အတွက် လိုအပ်နေကြောင်း၊ မေးမြန်းရသည့် အကြောင်းအရင်းသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် တောင်ကုန်း၊ တောင်တန်းများ ပေါများပြီး အဘက်ဘက်က နောက်ကျနေသည်ကို အားလုံးအသိ ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်သည် လမ်းပန်းဆက်သွယ်ရေး အဓိကကျသည်ကို မည်သူမျှ ငြင်းမည်ဟုမထင်ကြောင်း၊ နာဂ လူမျိုးများသည် လူဦးရေ နည်းသော်လည်း တစ်ရွာနှင့် တစ်ရွာ စကား မပေါက်ကြကြောင်း၊ ထိုကဲ့သို့ ဘာသာစကား ကွဲပြားမှုကို အခြေခံပြီး ဓလေ့စရိုက်များ ကွဲပြားခြင်း၊ ပထဝီ အနေအထားအရ စားကျက်အခက်အခဲ ရှိခြင်းများကြောင့် မြို့ပြ လူနေမှုစနစ် ပုံစံကိုဖြစ် စေရန် စုစည်းအခြေချ ရွာတည်ပေးရန်သည် လက်တွေ့တွင် အင်မတန်မှ အခက်အခဲ ရှိကြောင်း၊

ထို့ကြောင့် ဘာသာစကားတူညီသည့် လူမျိုးများ စုစည်းပြီး စားကျက်အဆင်ပြေသည့် နေရာတွင် ရွာတည်ပြီး နေထိုင်ကြရသည့်အတွက် တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်ရေး လမ်းတံတားများ ဖောက်လုပ် တည်ဆောက်ပေးရန် များစွာလိုအပ်နေကြောင်း၊ သို့သော် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နေ့စဉ်ပြည်ထောင်စု ငွေရင်း ခွင့်ပြုရန်ပုံငွေတွင် မရှိသ လောက်ကို ဖြစ်နေကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်လည်း လုပ်ငန်းအနည်းငယ် ခွင့်ပြုပေးထားသည်ကို တွေ့ရှိ ရကြောင်း၊ ထို့ကြောင့် ဒေသ၏ လမ်းပန်းဆက်သွယ်ရေးသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ သိသာပြောင်းလဲမှု မရှိသေးသည့်အပြင် အရင်လို ခြေလျင်ခရီးဖြင့်သာ သွားနေရသည့် ရွာများ အများကြီး ရှိနေပါကြောင်း၊ အချို့ လမ်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဖောက်လုပ်နေသည် ဆိုသော်လည်း အဓိက ဆောက် လုပ်ရေးဝန်ကြီးဌာန၊ လမ်း ဦးစီးဌာနနှင့် ကျေးလက်လမ်း ဦးစီးဌာနတို့မှ အများဆုံး ဖောက်လုပ်ပေးရန် လိုအပ်သည်ဟု တင်ပြလိုကြောင်း၊။ အထူးသဖြင့် ပြည်ထောင်စုအစိုးရ၏ စီမံကိန်း ငွေလုံးငွေရင်းတွင် လုပ်ငန်းများ တိုးမြှင့်ပေးရန် တင်ပြလိုကြောင်း၊

မိမိတို့ နာဂဒေသရှိ ကျေးလက်နေ ပြည်သူတို့၏ လူနေမှုဘဝ၊  လူမျိုးစုတူသည်ကို စုစည်းပြီး ရွာတည်ထားသည့် အခြေအနေ၊ လမ်းမရှိသည့်အတွက် သောက်သုံးရေ သွယ်တန်းရန် အတွက် ပင်ပင်ပန်းပန်းဖြင့် ဆောက်လုပ်ရေး ပစ္စည်းများကို လူကိုယ်တိုင်ဖြင့် သယ်နေရ သည့် အခြေအနေ၊ ထိုနည်းတူ ကားလမ်း မရှိသည့်အတွက် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ တည်ဆောက်ရေး လုပ်ငန်းများကို လူကိုယ်တိုင်သယ်နေရသည့် အခြေအနေ၊ တံတား မရှိသည့်အတွက် မော်တော်ဆိုင်ကယ်များ ကူးသည့်အချိန်တွင် လူများသည် ခက်ခက်ခဲခဲ ဖြတ်သန်း သွားလာနေရသည့် အခြေအနေနှင့် သဘာဝဘေး ကြောင့် လမ်းများ ပျက်စီးသည့် အချိန်တွင် ခရီးသွားပြည်သူများ ဒုက္ခရောက်နေသည့် အခြေ အနေများ ဖြစ်ပေါ်နေပါကြောင်း၊

ထို့ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီး၊ ပြည်ထောင်စု၏ ငွေလုံး ငွေရင်း ခွင့်ပြုငွေ ခွဲဝေရာတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်းနှင့်   ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရန် ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအား စတင်ဖွင့်လှစ်ပြီး နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၁၂.၇၁ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၂၁.၂၆၅ သန်းတို့ ခွဲဝေရရှိခဲ့ကြောင်း၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၄၈၅.၈၁၄ သန်းဖြင့် လမ်းအရှည် ၁ မိုင် ၃ ဖာလုံအား အဆင့်မြှင့်တင်ခြင်း၊ Box Culvert နှစ်စင်း တည်ဆောက်ခြင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၇၀၂.၅ သန်းဖြင့် လမ်းအရှည် ၂၆ မိုင် ၁ ဖာလုံအား လမ်းအဆင့်မြှင့်တင်ခြင်း၊ Box Culvert ငါးစင်း တည်ဆောက်ခြင်း၊ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရန် လျာထားကြောင်း၊ လေရှီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၂၄၀ သန်းဖြင့် လမ်းအရှည် ၁ မိုင် ၃ ဖာလုံ အား အဆင့်မြှင့်တင်ခြင်း၊ Box Culvert ၁၀ စင်းတည်ဆောက်ခြင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၇၀၃ သန်းဖြင့် လမ်းအရှည် ၆ မိုင်အား အဆင့်မြှင့်တင်ခြင်း၊ Box Culvert ၂၄ စင်း တည်ဆောက်ခြင်း၊ ဘေလီတံတားနှစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားကြောင်း၊ လဟယ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၂၅၀ သန်းဖြင့် လမ်းအရှည် ၈ မိုင် ၃ ဖာလုံအား အဆင့်မြှင့်တင်ခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၇၀၂.၅ သန်းဖြင့် လမ်းအရှည် ၂၄ မိုင် ၇ ဖာလုံအား အဆင့်မြှင့် တင်ခြင်း၊ Box Culvert သုံးစင်း တည်ဆောက်ခြင်း၊ ကွန်ကရစ် တံတားတစ်စင်း တည် ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ဖို့ လျာထားကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျေးလက်လမ်း/ တံတား တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင် စု ငွေလုံးငွေရင်း ရန်ပုံငွေ၌ ၉၇၅.၈၁၄ သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ တွင် ကျပ် ၂၁၀၈ သန်းတို့ကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘဏ္ဍာရေး နှစ်များ အလိုက် ရန်ပုံငွေ တိုးမြှင့်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း