Skip to main content

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ ပူးတွဲဖော်ပြပါ ကျောင်းများတွင် အလယ်တန်းပြ ဆရာများ ခန့်ထားပေးနိုင်ရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းသွားမည် ဖြစ်ကြောင်း၊

ပူးတွဲဖော်ပြပါ မူလတန်းကျောင်းများသည် နှစ်ပေါင်းများစွာ အလယ်တန်းပြ ဆရာများ မရှိသည့် အတွက် မူလတန်းပြဆရာများနှင့် အရပ်ခန့် ဆရာများကိုသာ အစားထိုး ငှားရမ်း၍ ပညာသင်ကြား နေရကြောင်း၊ အချို့ကျောင်းများသည် အလယ်တန်းပြ ဆရာမရှိသည့်အပြင် သုံးနှစ်၊ ငါးနှစ်၊ ကိုးနှစ်ခန့် ကြာမြင့်သည်အထိ အလယ်တန်းပြ ဆရာများကို ခန့်ထားပေးခြင်း မရှိ လျစ်လျူရှု ခံနေရကြောင်း၊ ဥပမာအားဖြင့် ကော့ရွာကျေးရွာအုပ်စုတွင် ကော့ကနင်း မူလွန်ကျောင်းသည် မူလတန်း မူအုပ် တစ်ယောက၊် မူလတန်းပြ တစ်ယောက်နှင့် အထွေထွေလုပ်သား တစ်ဦးနှင့် ကျောင်းသား ဦးရေ ၁၇၀ သည် မူလတန်း ဆရာများ မရှိ၊ အလယ်တန်းပြဆရာများ မရှိသည့် အချိန်သည် ကိုးနှစ်ခန့် ကြာမြင့်ပြီဖြစ်သည်ကို သိရှိရ ကြောင်း၊ ထို့အတူ ရေမြင်းကြီးအုပ်စုတွင် တောင်သုံးလုံး မူလွန်သည် ပထမအကြိမ် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်း၍ ကျောင်းအဆင့်တိုး ရရှိသည်မှစ၍ ယနေ့ တိုင်အောင် အလယ်တန်းပြဆရာ တစ်ဦး တစ်ယောက်မျှ မရှိဖြင့် သင်ကြားနေရ ကြောင်း၊ မင်းကုန်းအုပ်စုရှိ ပြင်ဝန်း မူလွန်ကျောင်း၊ ရေကန်ဒါအုပ်စုမှ ဆီဒုံး မူလွန်ကျောင်းတို့တွင် လည်း အလားတူပင် အလယ်တန်းပြဆရာ တစ်ဦးတစ်ယောက်မျှ ချထား ပေးခြင်း မရှိသည် ကို သိရှိရကြောင်း၊ ထို့ပြင် မူလွန်ဝါးအော်တွင် အလယ်တန်းပြ တစ်ဦး၊ မူလွန် ဇယော့တွင် အလယ်တန်းပြ နှစ်ဦး၊ မူလွန်တီးပူတွင် အလယ်တန်းပြ တစ်ဦး၊ မူလွန်ဖိနပ်ကျွန်းတွင် အလယ်တန်းပြ တစ်ဦး၊ ဘန္ဒနဲအုပ်စုတွင် အလယ်တန်းပြ တစ်ဦး၊ ရေအေးအပြင်တွင် မူလွန် အတွက် အလယ်တန်းပြတစ်ဦးနှင့် ကျန်သည့် ကျောင်းများတွင် ဆရာများ အစားထိုးပေးရန် လိုအပ်နေကြောင်း၊ အထူးသဖြင့် မိမိ အထက်ဖော်ပြပါ ပြင်ဝန်း၊ ကော့ကနင်း၊ တောင် သုံးလုံးနှင့် ရေအေးဆီဒုံး ကျောင်းများတွင် အလယ်တန်းပြ တစ်ဦးတစ်ယောက်မျှ မရှိပါ သဖြင့် ၎င်းတို့ကို အစားထိုး ခန့်နိုင်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် မရှိဘူးဆိုပါက မည်သည့်  အတွက်ကြောင့်နည်းကို ပြည်သူများ ကိုယ်စား မေးမြန်းပါသည်။


တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း ၂၂ ကျောင်းအနက်မှ ပြင်ထပ်အော်၊ ကော်မယ်၊ ရေအေးအပြင်၊ ရေအေးစည်ဒုံး၊ တောင်ပျို၊ ဘန္ဒနယ် အစရှိသည့် ကျောင်းများသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ယခုနှစ်မှာမှ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ်သို့ အဆင့် တိုးမြှင့်သွားမည်ဖြစ်သော်လည်း ၎င်းကျောင်းများ၏ ကျောင်းအဆင့်အမှန်သည် အခြေခံ ပညာ မူလတန်းလွန်ကျောင်းအဆင့်သာ ရှိပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာ မူလတန်းလွန်ကျောင်း တစ်ကျောင်းတွင် ရာထူး သုံးနေရာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တစ်ကျောင်းတွင် အလယ်တန်းပြ ရာထူး ငါးနေရာ မူအရ ခွဲဝေခန့်ထားပေးရမည် ဖြစ်သော်လည်း အချို့ကျောင်းများအတွက် အလယ်တန်းပြ နေရာ၊ ရာထူးကို ခွဲဝေပေးထားနိုင်ခြင်း မရှိသေးပါကြောင်း၊ မိမိအရင် မေးခွန်းများတွင် မကြာခဏ တင်ပြကြောင်း၊ ၎င်းကျောင်းအဆင့် တိုးမြှင့်လိုက်ခြင်းသည် ၎င်းဒေသတွင်း ရှိသည့် ကျောင်းသူ ကျောင်းသားများအတွက် ပညာသင် အခွင့်အလမ်း ရရှိခြင်း အလို့ငှာ ဆောင်ရွက်ပေးခြင်းသာ ဖြစ်ကြောင်း၊ ၎င်းအဆင့် တိုးမြှင့်သည်နှင့် လိုက်လျောညီထွေသည့် ဖွဲ့စည်းပုံ၊ ကျောင်းဆောင် ၎င်းတို့ကို တစ်နှစ်ချင်းသာ စီမံခန့်ခွဲရကြောင်း၊ အားလုံးအဆင့် သင့်ဖြစ်မှ တိုးမြှင့်ပေးခြင်း မဟုတ်သည့်အပြင် တိုးမြှင့်ပြီးမှသာ လိုအပ်ချက်ကို ဆက်လက် တင်ပြရခြင်း ဖြစ်ကြောင်း၊ အမှန်အားဖြင့် မိမိတို့ ပြီးခဲ့သည့် နှစ်လယ်တုန်းက အဆင့် တိုးမြှင့်ခြင်းများကို လိုအပ်ချက်အလိုက် ယခုထက်တိုင် မပြည့်မီသေးကြောင်း၊ နှစ်အလိုက် တင်ပြတောင်းခံ ဆောင်ရွက်ဆဲ ရှိကြောင်း၊ ထို့ကြောင့် မိမိတင်ပြသည့်အတိုင်း ၎င်း လိုအပ်ချက်အတိုင်း အလယ်တန်းပြ ရာထူးများကို ခွဲဝေနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော် တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် အလယ်တန်းပြဆရာဆရာမများ ခန့်ထားပေးရန်အတွက် အလယ်တန်းအဆင့်သင်ကျောင်း များတွင် ကျောင်းသားအင်အားနှင့် ပြန်လည်စိစစ်ပြီး ပိုလျှံနေသည့် အလယ်တန်းပြ ဆရာ အင်အားကို စိစစ်နေကြောင်း၊ လက်ရှိအခြေအနေတွင် တင်ပြပါကျောင်းများကို လွှဲပြောင်း ခန့်ထားပေးနိုင်သေးခြင်း မရှိပါကြောင်းနှင့် ဆက်လက်ပြီး ဆရာလိုအပ်ချက် ရှိသည့် ကျောင်းများကို ထပ်မံစိစစ်ပြီး လိုအပ်သလို လျာထားဖြည့်စွက် ဆောင်ရွက်ပေးမည်ဖြစ် ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါ်တင်တင်ရီ (ကျွန်းစု မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဝန်ကြီးသည် ယေဘုယျသဘော ဖြေသွားခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အထူးသဖြင့် မိမိတင်ပြထားသည့် ၎င်းမူလွန်ကျောင်းတွင် ရှိပြီး အလယ်တန်းပြ လုံးဝမရှိသေးသည့် ကျောင်း လေးကျောင်း  - မူလွန်(ပြင်ဝန်း)ကျောင်း၊ ကော့ကနင်းကျောင်း၊ တောင်သုံးလုံး ကျောင်း၊ ရေအေးစည်ဒုံကျောင်းတို့တွင် ၎င်းကျောင်း လေးကျောင်းကို ဦးစားပေးပြီး ခန့်ထား ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း၊ ကော့ကနင်းကျောင်းတွင် မိမိသိရသည်အတိုင်းဆိုပါက မူလွန်ကျောင်း ဖြစ်သည်မှာ ကိုးနှစ် ရှိသွားပြီဖြစ်ကြောင်း၊ ယခုချိန်ထိ အလယ်တန်းပြ တစ်ယောက်မှှျမရှိကြောင်း၊ တောင်သုံးလုံးကျောင်းတွင်လည်း ထို့အတူဖြစ်ကြောင်း၊ သုံးနှစ် ကျော်၊ လေးနှစ် နီးပါး ရောက်နေသည့်တိုင်အောင် အလယ်တန်းပြ တစ်ဦး၊ တစ်ယောက်မှ မရှိသည့်အတွက် ထိုကဲ့သို့ ကျောင်းများကို ဦးစားပေး ခန့်ထားပေးနိုင်ခြင်း ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

 

ပညာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း

လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသည့် ကျောင်းလေးကျောင်းကို မိမိ အထူးပြု မှတ်သား ပါကြောင်း၊ ခွဲဝေပေးနိုင်ပါက ၎င်းလေးကျောင်းကို ဦးစားပေး ဆောင်ရွက်ပေးမည် ဆိုသည့် အကြောင်းကို တင်ပြပါသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း