Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင်ရွာချောင်း၏ ဝဲဘက်၊ ယာဘက်ရှိ လယ်မြေများဟာ ၂၀၀၂ခုနှစ်မတိုင်မီက ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် မြေဆီ၊ မြေလွှာ၊ မြေသြဇာကောင်းမွန်ပြီး စပါးအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည့်အပြင် မြစ်ရေနှင့်အတူ ငါး၊ ပုစွန်တို့ပါလာပြီး ဒေသကို ဆူဖြိုးစေခဲ့ပါကြောင်း၊ ပေါက်အင်း ရေနက် ကွင်း စိုက်ပျိုးမြေဖော်ထုတ်ရေးစီမံကိန်းကြောင့် ပေါက်ပင်ချောင်းအားပိတ်၍ ရေတံခါး ငါးပေါက်တွဲတစ်ခုကိုလည်းကောင်း၊ ကြာပိုင်ရွာနှင့် တောင်ပုံရွာကြားတွင် ၁၀ ပေါက်တွဲ ရေတံခါးတစ်ခုကိုလည်းကောင်း တည်ဆောက်ခဲ့ကြသည့်အတွက် ၂၀၀၂ ခုနှစ် နောက်ပိုင်း တွင် ယခင်မြစ်ရေဝင်ဒေသမှာ မြစ်ရေရရှိခြင်းမရှိနိုင်ဘဲ ယခုအချိနတွင် စပါးစိုက်ပျိုးရန် အခက်အခဲရှိလာပါကြောင်း၊ မြေဆီ မြေသြဇာခန်းခြောက်၍ စိုက်ပျိုးစရိတ်အပိုသွင်းအားစု ဓာတ်မြေသြဇာများကို သုံးလာကြရပြီး စိုက်ပျိုးရေအတွက်လည်း မြေအောက်ရေကို တွင်းတူး၍ သုံးကြရပါကြောင်း၊ မြေအောက်ရေသည် ရေငန်များဖြစ်၍ ဆားပေါက်မြေများ ဖြစ်ပြီး စပါးအစား အခြားသီးနှံများ ပြောင်းလဲ၍သာ စိုက်ပျိုး၍ ရနိုင်ပါကြောင်း၊ ငါး၊ ပုစွန်လည်း ယခင်ကဲ့သို့ ပေါများခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ပေါက်အင်း ရေနက်ကွင်းစိုက်ပျိုးမြေဖော်ထုတ်နိုင်ရုံမက ဒေသခံတောင်သူလယ်သမားများ၏ မြေဧက ငါးသောင်း ကျော်ပါ မြစ်ရေဝင်၍ အကျိုးရှိစေရန် ငါး၊ ဖား၊ ပုစွန် စသည့် ရေသယံဇာတများ ပေါများစွာရရှိစေရန်၊ မြေအောက်ရေငန်များကြောင့် ဆားပေါက်မြေဖြစ်၍ သီးနှံအထွက်နှုန်း ကျဆင်းခြင်းမှကာကွယ်ရန်၊ ချောင်းအတွင်း ရေဆိုး၊ ရေညစ်များ စီးဆင်းဝင်ရောက်ခြင်းမှ ကာကွယ်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပေါက်ပင်ချောင်း ချောင်းဖော်ဆယ် တင်ခြင်း၊ ရေဝင်ပေါက်ငယ်များအပါအဝင် ငါးပေါက်တွဲ၊ ၁၀ ပေါက်တွဲရေတံခါးများကို လိုအပ်သလို အနီးကပ်အဖွင့်အပိတ် ပြုလုပ်ပေးခြင်း၊ အခြားနည်းပညာဖြင့် မြစ်ရေပိုမို ဝင်ရောက်ရန် ပြုလုပ်ခြင်းတို့ဖြင့် လယ်ယာမြေနှင့် သဘာဝအရင်း အမြစ်များ ပျက်စီးခြင်းမှ ထိန်းသိမ်းကာကွယ်ရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်များတွင် စုစုပေါင်း အလျား မိုင် ၄၀ ခန့်ရှိ ချင်းတွင်းတာကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထားပါကြောင်း၊ မိုးရာသီတွင် ကွင်းရေများကို ချင်းတွင်းမြစ် အတွင်းကို ထုတ်နုတ်ပေးနိုင်ရန်အတွက် ရေတံခါးခြောက်ခုကို တပ်ဆင်ထားပါကြောင်း၊ ထိုဒေသရှိ စိုက်ပျိုးမြေများအတွက် ချင်းတွင်းမြစ်ရေကို လိုအပ်သလို ထိန်းညှိပြီး သွင်းယူ ပေးနိုင်ရန် ရေတံခါး ၃၈ ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါကြောင်း၊ ချင်းတွင်း တာကို ညောင်ပင်ဇောက်ကျေးရွာအနီးမှ အစပြုပြီး မြောက်ပိုင်းတာနှင့်‌ တောင်ပိုင်းတာဟူ၍ နှစ်ပိုင်းခွဲခြားထားပါကြောင်း၊ မြောက်ပိုင်းတာသည် ညောင်ပင်ဇောက်ရွာ ပေတိုင် (၀)မှ အလုံမန္တလာရွာအနီး ပေတိုင် ၆၉၅၀၀ အထိ ဖြစ်ပါကြောင်း၊ တောင်ပိုင်းတာသည် ညောင်ပင်ဇောက်ရွာ ပေတိုင် (၀)မှ ချောင်းဦးမြို့နယ်၊ ရွှေလှေကျေးရွာအနီး ပေတိုင် ၉၇၀၀၀ အထိဖြစ်ပါကြောင်း၊ ဌာနက ချင်းတွင်းတာကို တည်ဆောက်ထိန်းသိမ်းပေးထားခြင်းဖြင့် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၁၀၀၀၀ အောက်တည်ရှိသည့် မုံရွာမြို့နယ် ကနေ ရပ်ကွက် ၁၀ ခု၊ ကျေးရွာ ၁၁ ရွာနှင့် ချောင်းဦးမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာတို့ကိုလည်း ကောင်း၊ လယ်မြေဧက ၃၂၆၂၈ ဧကကိုလည်းကောင်း မိုးရာသီကာလ ချင်းတွင်းမြစ်ရေလျှံမှု သဘာဝ ဘေးအန္တရာယ်က ကာကွယ်ပေးနိုင်လျက်ရှိသည့်အပြင် ရေသွင်းတံခါး ၃၈ ခုက လည်း ချင်းတွင်းမြစ်ရေမြင့်တက်မှုအပေါ်မှာမူတည်ပြီး လိုအပ်သလို ထိန်းညှိရေသွင်းပြီး စိုက်ပျိုးရေ ပေးဝေလျက်ရှိပါကြောင်း၊

ပေါက်ပင်ချောင်းသည် မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာအနီးက ဖြတ်သန်းပြီး ချင်းတွင်း တာတောင်ပိုင်း ပေတိုင် ၁၅၇၀၀ တွင် ဖြတ်သန်းစီးဆင်းလျက်ရှိပါကြောင်း၊ ပေါက်ပင် ချောင်းဖြတ်သန်းစီးဆင်းသည့် ပေတိုင် ၁၅၇၀၀ နေရာတွင်   (၅ ပေ x ၅ ပေ) ငါးပေါက်ရေ တံခါးနှင့် အဆိုပါရေတံခါး၏ အောက်ဘက် ပေ ၉၈၀၀ ခန့်အကွာ ပေါက်ပင်ချောင်းပေါ်တွင် (၄ ပေ x ၄ ပေ) ၁၀ ပေါက် ရေတံခါးတစ်ခုကို တည်ဆောက်ထားပါကြောင်း၊ မုံရွာမြို့၏ ချင်းတွင်းမြစ်ရေမှတ် ၈၇၅ စင်တီမီတာကို ရောက်ရှိပါက (၅ ပေ x ၅ ပေ) ငါးပေါက် ရေတံခါးမှ ချင်းတွင်းမြစ်ရေ စတင် ဝင်ရောက်ပြီး (၄ ပေ x ၄ ပေ) ၁၀ ပေါက် ရေတံခါးဖြင့် လိုအပ်သလို ရေ ထိန်းညှိသိုလှောင်ပြီး စိုက်ပျိုးရေပေးဝေလျက်ရှိပါကြောင်း၊ ထို့ပြင် (၄ ပေ x ၄ ပေ) ၁၀ ပေါက် ရေတံခါးမှ အောက်ဘက် ပေါက်ပင်ချောင်းတစ်လျှောက် ရေဆက်လက် ထုတ်လုပ်ပြီး အောက်ဘက်ရှိ ရေထိန်းရေမြှင့်အဆောက်အအုံ အဆင့်ဆင့်မှ စိုက်ပျိုးရေ ရယူနိုင်အောင် ဆောင်ရွက်ထားပါကြောင်း၊ ပိုလျှံရေများကို ပေါက်အင်းအတွင်းကို စီးဝင်စေလျက်ရှိပါကြောင်း၊ ပေါက်အင်းသည် မိုးရာသီကာလတွင် အင်းလေလံပေးလျက် ရှိသည့် အင်းတစ်ခုဖြစ်ပါကြောင်း၊ ချင်းတွင်းမြစ်ရေနှင့် ပါရှိလာသည့် ငါး၊ ပုစွန်တွေအပြင် ငါး၊ ပုစွန်သားပေါက် စိုက်ထည့်ခြင်းကိုလည်း ဆောင်ရွက်ပြီး သား၊ ငါး ထုတ်လုပ်လျက်ရှိ ပါကြောင်း၊ မိုးတွင်းကာလတွင် ပေါက်အင်းအတွင်းရှိ ရေနစ်မြုပ်လျက်ရှိသည့် လယ်များတွင်  အင်းသမားနှင့် ညှိနှိုင်းပြီး အောက်တိုဘာလလယ်ခန့်ကစတင် ရေထုတ်ပြီး ဆောင်းသီးနှံများ စိုက်ပျိုးကြလျက်ရှိပါကြောင်း၊

ချင်းတွင်းတာနဲ့ဆက်စပ်ပြီး ပေါက်ပင်ချောင်းကိုပိတ်ပြီး လိုအပ်သလို ထည့်သွင်း တည် ဆောက်ထားသည့် ရေတံခါးများကြောင့် နှှစ်စဉ် မြစ်ရေမလုံလောက်ခြင်းများ ဖြစ်ပေါ်ခဲ့ ခြင်းမရှိဘဲ မြစ်ရေမြင့်တက်မှုနည်းမှာသာ ရေရရှိမှုနည်းမည်ဖြစ်ပါကြောင်း၊ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ်သန်းပေါင်း တစ်ရာ ကျော်ဖြင့် ချင်းတွင်း မြစ်ဝကနေ ၁၀ ပေါက်တွဲရေတံခါးအထိ ပေါက်ပင်ချောင်းရိုး တစ်လျှောက် သဲနုန်းတူးဖော် ဆောင်ရွက် ပေးခဲ့ပြီးဖြစ်သည့်အတွက် ယခင်ကထက် မြစ်ရေ စီးဝင်မှုသည် ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချင်းတွင်းတာနှင့် ဆက်စပ်ပြီး ပေါက်ပင်ချောင်းပေါ်တွင် ရေတံခါးများတည်ဆောက် ထားခြင်းအားဖြင့် မိုးရာသီ ကာလ ချင်းတွင်းမြစ်ရေကြီးချိန်မှာ လူနေရပ်ကွက်၊ ကျေးရွာများနှင့် လယ်မြေတွေရေကြီး နစ်မြုပ်မှုကနေ လျော့ပါးသက်သာစေလျက်ရှိ ပါကြောင်း၊ မြစ်ရေမြင့်တက်မှုအပေါ် မူတည်ပြီး လိုအပ်သလိုထိန်းညှိ ရေသွင်းယူကာ စိုက်ပျိုးရေပေးဝေခြင်းအပြင် ငါး၊ ပုစွန်တွေ လည်း အလွယ်တကူဝင်ရောက်နိုင်ပြီး ပုစွန်၊ သားငါးများစွာ ထုတ်လုပ်နိုင်မှုရှိသည့် အတွက် သဘာဝအရင်းအမြစ်များ ထိခိုက်ပျက်စီးမှုမရှိဘဲ ဒေသကိုအကျိုးပြုလျက်ရှိကြောင်း၊ မိုးရာသီ ကာလ ချင်းတွင်းမြစ်ရေမြင့်တက်လာမှုအပေါ်မူတည်ပြီး ချင်းတွင်းတာနှင့် ရေတံခါးများ ထိန်းညှိစီမံခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့်အတူ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းပြီး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးညွန့်အောင်(မုံရွာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။  

ချောင်းဖော်ခြင်းကို တာပေါင်၏ မြောက်ဘက်တွင် ပြုလုပ်ပြီးဖြစ်ပါကြောင်း၊ တာပေါင်၏ တောင်ဘက်တွင် ချောင်းမဖော်ရသေးပါကြောင်းနှင့် အဆိုပါနေရာများတွင် ရေစီးရေလာ အင်မတန်မှ နည်းနေခြင်းကြောင့် တာပေါင်၏ တောင်ဘက်ပိုင်းကို ချောင်းဆက်လက် ဖော်ခြင်း ပြုလုပ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဦးလှကျော်

တာပေါင်များနှင့် ပတ်သက်ပြီး ဆက်လက်ချောင်းတူးဖော်ရန် ကိစ္စကို ပြန်လည်စိစစ်ကာ ပြန်လည် အသိပေး အကြောင်းကြားပါမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်