Skip to main content

 

၁၉၇၀ ခုနှစ်မှစ၍ တွန်းဇံမြို့တွင် ပိုးမွေးမြူးရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ကြရာ ၁၉၇၉ ခုနှစ်၊ ၁၉၈၀ ခုနှစ်တွင် တောင်သူဦးရေ ၄၆၉ ဦးမှ ပိုးစာပင်စိုက်ဧက ၇၅၃ ဧကနှင့် ပိုးမျှင်ပိုးချည် ထုတ်လုပ်မှု ၆၀၅၅၀ ပေါင် အထိ ကျယ်ပြန့်စွာ တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊  သို့သော် ၁၉၈၁-၁၉၈၂ ခုနှစ် နောက်ပိုင်း ထုတ်လုပ်မှုအရှိန်အဟုန်က တဖြည်းဖြည်းကျဆင်းလာပြီး ၂၀၁၀-၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပိုးမွေးမြူရေးလုပ်ငန်းကို မည်သူမျှ လုပ်ကိုင်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါကြောင်း၊ ဤကဲ့သို့ ပိုးမေွးမြူခြင်းလုပ်ငန်းကျဆင်းရခြင်းသည် အစိုးရ၏ကူညီပံ့ပိုးမှု လျော့နည်းခြင်း၊ မျိုးကောင်းမျိုးသန့်မရရှိနိုင်ခြင်းနှင့် ဈေးကွက်တည်ငြိမ်မှုမရှိခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ စားဝတ်နေရေးအခက်အခဲများဖြေရှင်းပေးနိုင်ရန် အတွက် အလုပ်အကိုင်ရရှိရန် အထူးလိုအပ်နေပါကြောင်း၊ ယခင် ပိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော ကျေးလက်နေပြည်သူများသည် စားဝတ်နေရေးအတွက် အတိုင်းအတာ တစ်ခုအထိ အဆင်ပြေကြပါကြောင်း၊  သို့ဖြစ်ပါ၍ ယခင်ကကဲ့သို့ ပျိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် အစိုးရ အနေဖြင့် မည်ကဲ့သို့ကူညီပံ့ပိုးဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် ပိုးစာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဝန်ကြီးဌာနအနေဖြင့် အစဉ်တစိုက်အားပေးကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အနေအထားအရ ယခုအခါတွင် ဌာနအနေြဖင့် ပိုးအိမ်ဝယ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်း မရှိတော့ပါကြောင်း၊ သို့သော်လည်း ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိမှု အပေါ် မူတည်ပြီး လိုအပ်သည့် နည်းပညာပံ့ပိုးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ချင်းပြည်နယ်အနေဖြင့် ပိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် သင့်တော်သည့်ပြည်နယ်တစ်ခု ဖြစ်ပါကြောင်း၊ တွန်းဇံမြို့နယ်အတွင်း ပိုးမွေးမြူရေးပြန်လည်တိုးတက်ရန် ကာလဒေသဈေးနှုန်းနှင့် ကိုက်ညီသည့် ပိုးအိမ်ဈေးနှုန်းသတ်မှတ်ပြီး ပိုးအိမ်အဝယ်ဒိုင်ဖွင့်လှစ်နိုင်ရန်နှင့် ပိုးချည်မျှင်ရဲ့အရွယ် တစ်ညီတည်းဆွဲနိုင်သော Auto ပိုးချည်စက်တည််ဆောက်နိုင်ဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ကူညီပံ့ပိုးနိုင်မယ့် ပြင်ပအဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်ရန်အတွက် စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တွန်းဇံမြို့နယ် တွင် ပိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပိုးစာပင်စိုက်ပျိုးခြင်းနှင့် ပိုးမွေးမြူရေးသင်တန်း များ ပေးပြီး နည်းပညာများဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ပြင်ဦးလွင်ရှိ ပိုးစာခြံများမှ အရည် အသွေးကောင်းသည့် ပိုးစာပင်မျိုးများကိုလည်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခင်မျိုးများ ထက် အထွက်နှင့်ရောဂါဒဏ်ခံနိုင်မှုပိုမိုကောင်းမွန်သည့် မျိုးပိုးဥများကို ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် အတွက်လည်း ဒေသလုပ်ငန်းလိုအပ်ချက်နှင့်အညီ ကူညီဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် တွန်းဇံမြို့နယ်တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံနိုင်မှုအခြေအနေများကို သက်ဆိုင်ရာပြည်နယ်အစိုးရအပါအဝင် ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းနှင့် နည်းပညာနှင့်ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ အပြည့်အဝပံ့ပိုးပေးနိုင်မည်ဖြစ် ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်၍ ထွက်ရှိလာသည့် ပိုးအိမ်များအတွက်လည်း ဈေးကွက်ရရှိရေး အတွက်ကို ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်စီမံဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်