Skip to main content

 

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တစ်ရက်လှျင် ရေဂါလန် ၂၀၅ သန်း‌ပေးဝေလျက်ရှိပါ​ကြောင်း၊ သို့သော်လုံလောက်မှုမရှိပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသာ ရေပေးဝေနိုင်သည့်အတွက် လက်ရှိရေ မရရှိသေးသူများနှင့် နောင်တိုးပွားလာမည့်လူဦးရေအတွက် ရေလုံလောက်စွာပေးဝေနိုင်ရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံ အဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်သို့ လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီးနှင့် ငမိုးရိပ်ရေလှောင်ကန်ကြီးများမှ ရေကိုအဓိကထား၍ ပေးဝေ လျက်ရှိပြီး ပိုက်လိုင်းရေအားနည်းသောမြို့နယ်များနှင့် ပိုက်လိုင်းရေမရရှိသေးသောမြို့နယ် များတွင် အဝီစိတွင်းများတူးဖော်၍ ရေပေးဝေလျက်ရှိပါကြောင်း၊ ထိုသို့ ပေးဝေရာတွင် လှော်ကားရေလှောင်ကန်မှ ရေဂါလန် ၁၄ သန်း၊ ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ ဖူးကြီးရေလှောင်ကန်မှ ရေဂါလန် ၅၄ သန်း၊ ငမိုးရိပ်ရေလှောင်ကန်မှ ရေဂါလန် ၉၀ သန်းနှင့် ကော်မတီပိုင်အဝီစိတွင်းများမှ ရေဂါလန် ၂၀ သန်း စုစုပေါင်းရေဂါလန် ၂၀၅ သန်းကို ရေပို့ပိုက်မကြီးများမှတစ်ဆင့် ရန်ကုန်မြို့အတွင်းသို့ နေ့စဉ်ပေးပို့ပြီး လက်ရှိမြို့တော်လူဦးရေ၏ ၄၅ ရာခိုင်နှုန်းကျော်ကို ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ လက်ရှိပေးဝေနေသော ရေပမာဏသည် ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အနာဂတ်တွင်တိုးပွားလာမည့် မြို့နေလူထု၏ ရေလွှဲချက်ကို ဖြည့်ဆည်းပေးရန်လုံလောက်မှုမရှိသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီသည် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နှင့် ပူးပေါင်း‌၍ မဟာဗျူဟာစီမံကိန်း Master Plan တွင် ရန်ကုန်မြို့တော်ရေပေးဝေရေးဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းများကို ၂၀၄၀ ခုနှစ်အထိ ရေးဆွဲထားခဲ့ပါကြောင်း၊

အဆိုပါ ရန်ကုန်မြိို့တော်ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများအရ ရန်ကုန်မြိို့တော် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၁) Grater Yangon Water Supply Improvement Project Phase 1 ဖြစ်သည့် လယ်ကွင်းမြေရေပေးဝေရေးစီမံကိန်းနှင့် ရန်ကုန်မြိို့တော်ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့် (၂) Grater Yangon Water Supply Improvement Project Phase 2 ဖြစ်သည့် ကုက္ကိုယ်ဝမြစ်ရေပေးဝေရေး စီမံကိန်း အဆင့်(၂)တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ကုက္ကိုယ်ဝမြစ်ရေ ပေးဝေ ရေးစီမံကိန်းအဆင့်(၁)၊ (၂)၊ (၃)၊ (၄)၊ ပန်းလှိုင်မြစ်ရေပေးဝေရေးစီမံကိန်းနှင့် တိုးမြှင့်ရေပေးဝေ ရေးစီမံကိန်းတို့အား ဆက်လက်ဆောင်ရွက်ရန်လည်း ရေးဆွဲထားရှိပါကြောင်း၊ ရန်ကုန်မြို့တော် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့်(၁) Project Phase 1 ဖြစ်သည့် လယ်ကွင်းမြေ ရေပေးဝေရေးစီမံကိန်း၏ ရေယူအဆောက်အအုံနှင့် ရေသန့်စင်စက်ရုံအဆင့်ဆင့် ဆောင်ရွက် ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ၂၀၁၃ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ရာ ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါကြောင်း၊ လယ်ကွင်းမြေစီမံကိန်း၏ ကျန်ရှိသော ရေတွင်းစက်ရုံ၊ ရေလှောင်ကန်၊ ရေပို့ပိုက်လိုင်းနှင့် ရေပေး‌ဝေရေးပိုက်လိုင်းကွန်ရက် တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် JICA၊  ODA  Loan ချေးငွေဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် မတ်လတွင်စီမံကိန်းပြီးစီးမည်ဖြစ်ပါကြောင်း၊

အဆိုပါစီမံကိန်းပြီးစီးပါက ရေပေးရေးဇုန်(၇)နှင့်  ဇုန်(၈)တို့တွင် ပါဝင်သော ဒဂုံမြို့သစ်လေး မြို့နယ်သို့ တစ်နေ့လျှင် နေဂါလန် ၃၀ သန်းနှင့်          သီလဝါအထူးစီးပွားရေးဇုန်သို့ တစ်နေ့လျှင် ရေဂါလန် ၁၀ သန်း စုစုပေါင်း ‌တစ်နေ့လျှင် ရေဂါလန် သန်း ၄၀ ပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့်(၂) Project Phase 2 ဖြစ်သည့် ကုက္ကိုယ်ဝမြစ်ရေပေးဝေရေးစီမံကိန်းအဆင့် (၁)ကို JICA၊  ODA  Loan ချေးငွေဖြင့် ရန်ကုန် တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ကုက္ကိုယ်ဝမြစ်အနီးတွင် အ‌ကောင်အထည်ဖော်ဆောင်ရွက် ရန် ၂၀၁၈ ခုနှစ်  မေလမှစတင်၍ JICA ၏လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံကိန်းအတိုင်ပင်ခံအဖွဲ့ကို ရွေးချယ်ပြီး စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ရေကိုသန့်စင်၍ ရေပေးဝေခြင်းဖြစ်သည့် အဆိုပါစီမံကိန်းအား နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၏ နည်းပညာအကူအညီရယူ၍  ဒီဇိုင်း ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် စီမံကိန်းအ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် ကန်ထရိုက်တာအား International တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီးပါက တစ်နေ့လျှင် ရေဂါလန် သန်း ၆၀ ကို မြေအောက်ရေဖြင့်အဓိက ပေးဝေလျက်ရှိသည့် ဇုန်(၉)ဧရိယာ လှိုင်သာယာမြို့နယ်နှင့် ဇုန်(၁)ဧရိယာအတွင်းရှိ မြို့နယ်များဖြစ်သည့် ဗိုလ် တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ အလုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဆိပ်ကမ်းမြို့နယ်တို့တွင် ရေလုံလောက်စွာပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊

မဟာဗျူဟာစီမံကိန်း Master Plan တွင် ပါဝင်သော ရန်ကုန်မြိို့ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ၂၀၂၅ ခုနှစ်မှ ၂၀၄၀ ခုနှစ်အတွင်း ပန်းလှိုင်မြစ်ရေပေးဝေရေးစီမံကိန်း၊ ကုက္ကိုယ်ဝမြစ်ရေပေးဝေရေးစီမံကိန်းအဆင့်(၂)၊ (၃)၊ (၄) နှင့် တိုးမြှင့်ရေပေးဝေရေးစီမံကိန်းတို့ကို ဆက်လက်ဆောင်ရွက်ရန်ရေးဆွဲထားပြီး ပန်းလှိုင်မြစ်ရေပေးဝေရေးစီမံကိန်းမှ တစ်နေ့လျှင် ရေဂါလန် ၆၀ သန်း၊ ကုက္ကိုယ်ဝမြစ်ရေပေးဝေရေးစီမံကိန်းအဆင့်(၂) မှတစ်နေ့လျှင် ရေဂါလန် သန်း ၄၀၊ ကုက္ကိုယ်ဝမြစ်ရေပေးဝေရေးစီမံကိန်းအဆင့်(၃)မှ တစ်နေ့လျှင် ရေဂါလန် ၄၀ သန်း၊ ကုက္ကိုယ်ဝမြစ်ရေပေးဝေရေးစီမံကိန်းအဆင့်(၄)မှ တစ်နေ့လျှင်ရေဂါလန်သန်း ၄၀ နှင့် တိုးမြှင့် ရေပေးဝေရေးစီမံကိန်းမှ တစ်နေ့လျှင် ရေဂါလန်သန်း ၇၀ ကို ပြည်သူများသို့ ပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၄၀ ခုနှစ်တွင် မဟာဗျူဟာစီမံချက်အရ ရန်ကုန်မြို့လူဦးရေသည် ၁၀ သန်းခန့် တိုးပွားလာမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး တိုးပွားလာသော အဆိုပါလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးညီထွန်း