Skip to main content

 

သံတောင်ကြီးမြို့သည် တောင်ပေါ်တွင်တည်ရှိသည့်အားလျော်စွာ မြေပြန့်ဒေသမရှိဘဲ ဘောလုံးအားကစားကွင်းလည်း မရှိပါကြောင်း၊ ဒေသခံများ၊ လူငယ်လူရွယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ အားကစားဝါသနာပါသူများ၊ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား မှုနှင့် အားကစားဘောလုံးပြိုင်ပွဲများကျင်းပပေးရန်အတွက် အားကစားကွင်းလုံးဝမရှိခဲ့သည့် အတွက် အဆင့်မြင့်အားကစားကွင်းကို လိုအပ်လျက်ရှိနေပါကြောင်း၊

အဆင့်မြင့်အားကစားကွင်းတည်ဆောက်ပေးရန်ကိစ္စနှင့်ပတ်သက်၍ သံတောင်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက် စာအမှတ်၊ ၄/၂၉/ဦး(၁) အထဥ-၄၉၀ ဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ တောင်းဆိုတင်ပြခဲ့ပါကြောင်း၊ သံတောင်ကြီး မြို့နယ်တွင် သံတောင်ကြီးမြို့၊ လိပ်သိုမြို့၊ ဘောကလိမြို့တို့တွင်လည်း အဆင့်မီအားကစား ကွင်းများလိုအပ်သည်ဟု အသိပေးလိုပါကြောင်း၊

သံတောင်မြို့တွင် မီတာ ၄၀၀ ပြေးလမ်းပါ အားကစားကွင်းတစ်ခုကို ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တည်ဆောက်ပြီးဖြစ်သော်လည်း အားကစားကွင်းအတွင်း ကာရံရန်နှင့် အားကစားကွင်း ကာရံပြီးရန်အတွက်သော်လည်းကောင်း၊ ပွဲကြည့်စင်တည်ဆောက်ရန်အတွက်သော်လည်း ကောင်း လိုအပ်လျက်ရှိနေပါကြောင်း၊

သံတောင်ကြီးမြို့နယ်အတွက် အဓိကအထူးလိုအပ်သည်မှာ သံတောင်ကြီးမြို့ပေါ်တွင် အဆင့်မြင့်ဘောလုံးအားကစားကွင်းတစ်ကွင်း တည်ဆောက်ပေးနိုင်ရန် ဖြစ်သည့်အတွက် တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် ရှိခဲ့ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည် ဆောက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးအောက်တွင် မီတာ ၄၀၀ ပြေးလမ်းပါသည့် အားကစား ကွင်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သန်း ၉၀ ဖြင့်တည်ဆောက်ပေးပြီးဖြစ်ပါကြောင်း၊ အဆိုပါ အားကစားကွင်းတွင် မီတာ ၄၀၀ ပါ ပြေးလမ်း အားကစားကွင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် မြေဂရန်ရရှိပြီး ဖြစ်သည့် မြေဧရိယာ ၄.၀၃၈ နှင့် မြေဂရန်မရရှိသေးသည့် စိုက်ပျိုးရေးဌာနပိုင်မြေ ဧရိယာ ၂.၁၃ ဧကပေါ်တွင် ဆောက်လုပ်ထားသည်ကို သိရှိပါကြောင်း၊ ထိုသို့ စိုက်ပျိုးရေးဌာနပိုင် မြေဧရိယာပါဝင်သည့်အတွက် Index Fixing အားကစားကွင်းအတွင်း နံရံကာရံခြင်းနှင့် အပြင်အုတ်နံရံကာရံခြင်း၊ ပွဲကြည့်စင်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်၍ မရပါကြောင်း၊  စိုက်ပျိုးရေးဌာနပိုင်မြေဧရိယာ ၂.၁၃ ကို မိမိတို့သာ ပိုင်ဆိုင်မည်ဆိုပါက ဆက်လက်ဆောင်ရွက်၍ ရပါကြောင်း၊  ယင်းသို့ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်းတောင်းခံကြည့်မည်ဖြစ်ပါကြောင်း၊

အဆင့်မြင့်အားကစားကွင်းဆိုသည်မှာ အချက်ငါးချက်ပါရှိရန်လိုပါကြောင်း၊ အဆင့်မြင့် အားကစားကွင်းတွင် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ (၁၀၀x၃၆ x ၃၀)ပေရှိ ပွဲကြည့်စင်၊ Index Fixing ခြံစည်းရိုး၊ ကွင်းပတ်လည်အုတ်တံတိုင်းဖြစ်သည့်အပြင် Scroll Boot ပါထည့်ပေးရမည်ဖြစ်ပါကြောင်း၊ သံတောင်ကြီးမြို့အပေါ်တွင်  အဆင့်မြင့်အားကစား ကွင်းဆောက်ရန် သတ်မှတ်ထားသည့် မြေနေရာသည် ပေ(၄၀၀ x ၃၀၀) သာရှိသည့်အတွက် အဆင့်မြင့်အားကစားကွင်း ဆောက်လုပ်ရန် မြေလုံလောက်ခြင်းမရှိပါကြောင်း၊ လက်ရှိ မြေပြင်တွင်လည်း ကျောက်ဆောင်ကျောက်သားများပြည့်နေခြင်းတို့ကြောင့် သွားလာရန် အတွက် လမ်းဖောက်ရန်လိုအပ်ခြင်း၊ မြေဖို့၊ မြေညှိရန်ခက်ခဲခြင်း၊ ၎င်းအတွင်းသို့ ဝင်ရောက် သည့် လမ်းပိုင်းတွင်လည်း လူနေအိမ်များ၊ တပ်ပိုင်မြေများရှိသည့်အတွက် အခက်အခဲ များစွာ တွေ့ရပါကြောင်း၊

အားကစားကွင်းဖောက်လုပ်ရန် မြေနေရာပိုင်ရှိမည်ဆိုပါက အဆင့်မြင့်အားကစားကွင်း မဟုတ်သော်လည်း အလျား ၃၄၅ ပေx အနံ ၂၂၅ ပေရှိ ဘောလုံးအားကစားလေ့ကျင့်ကွင်း ဖောက်လုပ်ပေးရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင့်ထွေး