Skip to main content

နိုင်ငံတော်၏ အာဏာကြီးသုံးရပ်ကို အစဉ်မပြတ်လည်ပတ်စေရန် တည်ဆောက်ကာကွယ်ကြ ရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး နိုင်ငံတော်နှင့်နိုင်ငံ‌ဝန်ထမ်းဟူသည် တစ်သားတည်း ခွဲခြား မရဘဲ အေးအတူပူအမျှဖြစ်နေကြပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ဆောင်ရွက်နေ သော နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓာတ်အင်အားမြင့်မားခြင်းသည် နိုင်ငံတွင် ရေမြင့်ကြာတင့်ကဲ့သို့ ဝန်ထမ်းအား စိတ်ဓာတ်ခွန်အားနှင့် အကျင့်စာရိတ္တနိမ့်ပါးလျှင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လည်း နှောင့်နှေးကြန့်ကြာနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ စားဝတ်နေရေးကို ပြည်သူလူထုမှ အကျိုး ကျေးဇူးပြုထားသကဲ့သို့ နိုင်ငံတော်အစိုးရနှင့် ဝန်ထမ်းသည်လည်း ပြည်သူလူထုကို ဦးထိပ် ထားပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် တာဝန်သိသိ၊ သစ္စာရှိရှိ၊ ရိုးသားကြိုးစား စိတ် စေတနာကောင်းများစွာနှင့် ကျရာနေရာ၌ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရဆိုသည်မှာ အနိုင်ရပါတီမှ အစိုးရအဖွဲ့နိုင်လျှင် ငါးနှစ်သက်တမ်းကာလ ဖြစ်ပြီး မိမိတို့ဝန်ထမ်းများ၏ စိတ်ခွန်အားကိုလည်း လျော့ပေါ့စဉ်းစားပေးရမည်ဖြစ်ပါကြောင်း၊  ဝန်ထမ်းဆို သည်မှာ ပြစ်မှုတစ်စုံတစ်ရာမရှိပါက သက်တမ်း ၆၀ ပြည့်နှစ်အထိ နိုင်ငံ့တာဝန်ကို ထမ်းဆောင် ကြမည်‌့သူများဖြစ်ပါကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများကို အစိုးရအနေနှင့် ခေတ်နှင့် လိုက် လျောညီထွေရှိစေရန် ဝန်ထမ်းများအပေါ် ဖြေလျော့မှုများ ပြုလုပ်ပေးသင်‌့ပါကြောင်း၊

ယခုအခါ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးတွင် ဝန်ထမ်းများသွားလာရာ၌ ခက်ခဲမှုများရှိသဖြင့် ဝန်ထမ်းများ Passport ပြုလုပ်ရာတွင် ၎င်းတို့၏မှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားတွင်၊ အလုပ် အကိုင်နေရာတွင်၊ ဝန်ထမ်းဟူ၍ရေးသားခဲ့ခြင်း သို့မဟုတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာ/ဆရာမ၊ တပ်မတော်အရာရှိ/အရာခံ၊ တပ်ဖွဲ့ဝင်များဟု ရေးသားခဲ့ခြင်းရှိပါက မှတ်ပုံတင် ပြုလုပ်ရာတွင် အင်မတန်ခက်ခဲခြင်း ထုတ်ယူခွင့်မရရှိသောကြောင့် မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယား ပျက်စီးပျောက်ဆုံးလျောက်ထားပြီး ဝန်ထမ်းနေရာတွင် ကုန်သည်စသဖြင့် အသစ်ပြန်လည်ပြင်ဆင်ရေးသားပြီး နည်းမျိုးစုံနှင့် နိုင်ငံကူးလက်မှတ်ရရှိရေး လုပ်ကိုင်နေကြသည်ကို များစွာမြင်တွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းဌာနအသီးသီးမှ သက်ဆိုင်ရာဌာနတွင်း ခွင့်ပြု ချက်ဖြင့် နိုင်ငံကူးလက်မှတ်ကို လွတ်လပ်စွာထုတ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်ပတ်သက်၍ သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

နိုင်ငံ့ဝန်ထမ်းအားလုံးသည် ခေတ်အဆက်ဆက်ကန့်သတ်ထားခဲ့သည့် နိုင်ငံကူးလက်မှတ် လွတ်လပ်စွာလျောက်ထားရယူခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းများအပါအဝင် နိုင်ငံသား အားလုံး အတွက် နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ခရီးသွားလာ ခွင့်ကန့်သတ်ခဲ့ခြင်းအပေါ် ယခုအခါတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး အပန်း ဖြေခွင့် အနားယူခြင်း၊ ဆေးစစ်ခြင်း၊ မိသားစုများထံလည်ပတ်ခွင့်ကို တရားဝင်ခွင့်ရက် ခံစားပြီး နိုင်ငံခြားသို့သွားလာ လည်ပတ်ခွင့်ပေးရန်၊ မိမိအစီအစဉ်ဖြင့် ခရီးသွားလာခြင်းကို ခွင့်ပြုပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများပါပြဋ္ဌာန်းချက် များအနက် ဆက်စပ်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့်ရှိသည့် အခြေခံအခွင့်အရေးများနှင့် ခွင့်ခံစားခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ထုတ်နုတ်၍ရှင်းလင်းဖြေကြား သွားမည်ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းပုံပါရာထူးတစ်ခုတွင် အတည်ပြုခန့်ထားခြင်းခံရ သော ဝန်ထမ်းသည် နိုင်ငံတော်၏အကျိုးအတွက် ပေးအပ်သည်‌့ တာဝန်များကို ထမ်းဆောင်ရသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၁ ပါ အခွင့်အရေးများကို သတ်မှတ်ချက်များနှင့်အညီ ခံစားခွင့် ရှိပါ ကြောင်း၊

အဆိုပါအခွင့်အရေးများ၌ ခွင့်ခံစားခွင့်၊ ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့်များလည်း ပါဝင် ပါကြောင်း၊ ခွင့်ခံစားခွင့်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၁၄ တွင် ခံစားခွင့်ရှိသည့် ခွင့် အမျိုးအစား ၁၀ မျိုးကိုလည်း ပုဒ်မ ၁၅ တွင် ဝန်ထမ်းသည် ခွင့်အမျိုးအစားအလိုက် သတ်မှတ် ထားသော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူ၏ ခွင်‌့ပြုချက်ဖြင်‌့ ခွင်‌့ခံစားနိုင်ပါကြောင်း၊ ပုဒ်မ ၁၇ တွင်ဝန်ထမ်းသည် ခွင်‌့အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင်‌့ကိုတောင်းခံပိုင်ခွင်‌့ ရှိပါကြောင်း၊  ပြဋ္ဌာန်း ထားသည့် အဆိုပါခွင်‌့များကို ခံစားခွင်‌့ပြုခြင်းနှင်‌့စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၇၀ တွင် အချိန်ပြည်‌့တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတိုင်းသည် ခွင်‌့ကိုခံစားခွင်‌့ရှိပါကြောင်း၊ သို့ရာ တွင် အများပြည်သူအကျိုးငှာ လိုအပ်ပါက ခွင်‌့ပေးပိုင်ခွင်‌့ရှိ သူသည် တောင်းခံလာသည့် ခွင့်ကို ငြင်းပယ်ခြင်း၊ ခွင့်ပြုပြီးသည့်ခွင်‌့ကို ပယ်ဖျက်ခြင်း၊ ခွင်‌့ခံစားနေသည့် ဝန်ထမ်းကို လုပ်ငန်း တာဝန် ထမ်းဆောင်ရာနေရာသို့ ပြန်လည်ခေါ်ယူခြင်း၊ ဝန်ထမ်းတောင်းခံသည့် ခွင်‌့အမျိုးအစားကို ပြောင်းလဲသတ်မှတ်ခွင်‌့ပြုခြင်းနှင့် တောင်းခံသည့်ခွင်‌့ရက်ကို လျှော့ချခွင့်ပြုခြင်းများ ပြုလုပ်နိုင် သည်ဟု ဖော်ပြထားပါကြောင်း၊

နည်းဥပဒေ ၇၃ နည်းဥပဒေခွဲ(က)တွင် ခွင်‌့ကိုရာထူးအလိုက်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ အရာထမ်း အဆင်‌့ဝန်ထမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၊ အကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင်‌့အပ်နှင်းထားခြင်းခံရသူက ခွင့်ပြုနိုင်ပါကြောင်း၊ နည်းဥပဒေခွဲ(ခ)တွင် အမှုထမ်းအဆင်‌့ ဝန်ထမ်းများအတွက်ခွင်‌့ကို ဝန်ထမ်းအဖွဲ့အစည်း၊ အကြီးအမှူး သို့မဟုတ် လုပ်ပိုင်ခွင်‌့အပ်နှင်း ထားသည့် သူက ခွင်‌့ပြုနိုင်ပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းများခံစားခွင်‌့ရှိသည့် ခွင်‌့များအနက် လုပ်သက်ခွင်‌့နှင့်စပ်လျဉ်း၍ နည်းဥပဒေ ၈၀ တွင် ပြက္ခဒိန်နှစ်တစ်နှစ်ကုန်ဆုံးချိန်တွင် ဝန်ထမ်းတစ်ဦး၏ခွင်‌့စာရင်း၌ ကျန်ရှိလုပ်သက်ခွင်‌့များကို ဆက်လက်စုဆောင်းခွင့်ရှိသော်လည်း ထိုသို့ စုဆောင်းနိုင်သည့် ခွင်‌့ရက်သည် နှစ်လထက်မပိုစေရ ဟူ၍ လည်းကောင်း၊ နည်းဥပဒေ ၈၇ တွင် လုပ်သက်ခွင်‌့သည် တာဝန်ထမ်းဆောင်သည်‌့ ကာလကို အခြေပြု၍ ရရှိသောခွင်‌့ဖြစ်ပြီး ရရှိသောကာလမှာ တာဝန်ချိန်၏ ၁၁ ပိုင်းတစ်ပိုင်း ဖြစ်သည့်အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ရက် ၁၁ ရက်ရှိတိုင်း လုပ်သက်ခွင်‌့တစ်ရက် စုဆောင်းခွင်‌့  ရှိပါ ကြောင်းနှင့်  ရုံးပိတ်ရက်ဖြစ်ပါကလည်း တစ်ဆက်တည်းထည့်သွင်း ရေတွက်ပါကြောင်း၊

လစာမဲ့ခွင်‌့နှင်‌့စပ်လျဉ်း၍ နည်းဥပဒေ ၉၆ တွင် လစာမဲ့ခွင်‌့သည် ဝန်ထမ်း၏ခွင်‌့စာရင်း၌ အခြားခွင်‌့ အမျိုးအစားများ မကျန်ရှိသည့်အတွက် သို့မဟုတ် အခြားခွင်‌့အမျိုးအစားများ ရှိသော်လည်း ဝန်ထမ်းကိုယ်တိုင်က လစာမဲ့ခွင်‌့ကိုခွင်‌့ပြုရန် စာဖြင့်တောင်းခံသည်‌့အခါတွင် ခွင်‌့ပြုသည့် ခွင့်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းများက အဆိုပါခွင်‌့များကို ခံစားခွင်‌့ပြုရာတွင် နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့နည်းဥပဒေများတွင် ပြည်တွင်းပြည်ပဟူ၍ ခွဲခြားသတ်မှတ်ပြဋ္ဌာန်း ထားခြင်း မရှိခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများက သတ်မှတ်ချက်များနှင်‌့အညီ ခံစားခွင်‌့ရှိသည့်ခွင်‌့ကို တောင်းခံ လာပါက ပြည်တွင်း၌ ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ခံစားခွင်‌့ပြုရာတွင် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ နည်းဥပဒေ ၇၀၊ နည်းဥပဒေ ၇၃၊ နည်းဥပ‌ဒေ ၈၇ နှင့် နည်းဥပဒေ ၉၆ တို့ပါ သတ်မှတ် ပြဋ္ဌာန်း ချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု နည်းလမ်းအရ ခွင်‌့ပေးပိုင်ခွင်‌့ရှိသူက တာဝန်ယူမှု၊ တာဝန်ခံမှုဖြင်‌့ နိုင်ငံံ့ဝန်ထမ်းများ၏ နိုင်ငံရပ်ခြားသို့ မိမိအစီ အစဉ်ဖြင်‌့ ခရီးသွားလာစေခြင်းကိစ္စအတွက် ခွင့်ခံစားခွင်‌့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်မြင်‌့မြင်‌့စိုး(ခ)ဒေါ်မေစိုး(ဗိုလ်တထောင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဝန်ထမ်းများအနေဖြင့် Passport ပြုလုပ်ရာတွင် ဝန်ထမ်းဟု ရေးသားပါက Passport ရရှိရန် အင်မတန်ခက်ခဲပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာဌာန အကြီးအကဲ၏ ခွင်‌့ပြုချက်ဟု ဆိုသည့် အတွက် နယ်တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် နေပြည်တော်က ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယဝန်ကြီးများထံ လာရောက်ရန် အင်မတန်ခက်ခဲပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်း တွေအတွက် နိုင်ငံကူးလက်မှတ်(Passport)ကို လွယ်လွယ်ကူကူ လုပ်ပေးနိုင်ရန် မည်သို့ ဆောင်ရွက်ပေးထားသည်၊ စီစဉ်ပေးထားပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း

မိမိ ဖြေကြားခဲ့ရာတွင် Passport လျှောက်ထားသည့် အပိုင်းနှင့် တာဝန်ရှိသူက ခွင်‌့ပြုသည့် အပိုင်း ဟူ၍ နှစ်ပိုင်းပါရှိပါကြောင်း၊ သာမန်အားဖြင်‌့  Passport လျှောက်ရာတွင် သက်ဆိုင်ရာ ဌာနက ခွင်‌့သတ်မှတ်ပြီး ခွင်‌့ပြုပါက Passport ထုတ်ပေးဌာနအနေဖြင့် ပြဿနာမရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနမှ ခွင့်ပေးပိုင်ခွင်‌့ရှိသူ သို့မဟုတ် ဌာနအကြီးအကဲများက တာဝန်ယူ၊ တာဝန်ခံ မှုနှင့် ခွင်‌့ပြုမည်ဆိုပါက ပေးနိုင်ပါကြောင်း၊ နိုင်ငံံ့ဝန်ထမ်း လိုက်နာရမည့်တာဝန်တွင် အတည်ပြု ခန့်ထားခြင်းခံရသည့် ဝန်ထမ်းသည် နိုင်ငံတော်၏အကျိုးအတွက်လိုအပ်လျှင် အချိန်ပြည့်တာဝန် ထမ်းဆောင်ရမည်။ မူလတာဝန်အပြင် အခြားလိုအပ်သောတာဝန်များ ပေးအပ်ပါကလည်း ထမ်းဆောင်ရမည်ဟု ပါရှိသည့်အတွက် ခွင်‌့ပြုသော တာဝန်ရှိပုဂ္ဂိုလ်က အခြေအနေပေါ်မူတည်ပြီး ခွင်‌့ပြုရက်ကို လျှော့ချနိုင်သကဲ့သို့ ခွင်‌့ပြုကာလကိုလည်း ပြောင်းရွှေ့နိုင်ပါကြောင်း၊ ထို့ကြောင့်  ခွင်‌့ယူပြီးပါက Passport လျှောက်သည့် နေရာတွင် အခက်အခဲမရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း