Skip to main content

(င)-ပြည်တွင်းလုပ်ငန်းများတွင် နိုင်ငံခြားသားပိုင်ဘဏ်များအားအသုံးပြုခွင့်ကို မည်သို့ ခွင့်ပြုထားပြီး ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားမှု မရှိစေရန်နှင့် ပုဂ္ဂလိက ကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့ မေးခွန်း

မိမိသည် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ(၁၃/၂၀၁၈)အပေါ် အကြံပြု ထောက်ခံဆွေးနွေးခဲ့ကြောင်း၊ အချို့ဆွေးနွေးချက် များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း မရှိခဲ့သည့် အတွက် (၁၁)ကြိမ်‌မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နာယကကြီးက မေးခွန်းမေးမြန်းရန် မိန့်ကြားခဲ့ကြောင်း၊

မြန်မာနိုင်ငံ ကုန်သွယ်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး နှစ်လတ် စီမံကိန်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် အစီအစဉ်တွင် ပြည်တွင်းလုပ်ငန်းများ၌ နိုင်ငံခြားသားပိုင် ဘဏ်များအား အသုံးပြုခွင့် ချပေးရန် ကုန်သွယ်မှု ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူများအား ဈေးကွက်ပေါက်ဈေးဖြင့် ပံ့ပိုးနိုင်ရန်အတွက် ဘဏ်များ၏ ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အလေ့အထများအား ပြန်လည်သုံးသပ်ရန်ဟု ဖော်ပြထားကြောင်း၊ လှည်‌့ပတ်သုံးစွဲငွေ နည်းပါးခြင်း၊ အတိုးနှုန်း မြင့်မားခြင်းနှင့် ဗဟိုဘဏ်၏ မူဝါဒတင်းကြပ်ခြင်းများသည် ကုန်ထုတ်လုပ်မှုကို လျော့နည်း ကျဆင်းစေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှု မရှိစေရန် ဆောင်ရွက်ရမည်‌့အပြင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI နှင့်အပြိုင် ခေတ်စားလာသည့် ငွေရေးကြေးရေး ရင်းနီးမြှုပ်နှံမှု FII များ တိုးချဲ့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ အောက်ပါ မေးခွန်းများကို မေးမြန်းပါသည်-


 

(က) ပြည်တွင်း လုပ်ငန်းများတွင် နိုင်ငံခြားသားပိုင် ဘဏ်များအား အသုံးပြုခွင့်ကို မည်ကဲ့သို့ ခွင့်ပြုထားပါသနည်း၊

(ခ) ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှု မရှိစေရန်နှင့် ပုဂ္ဂလိက ကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်းများ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန်အတွက် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း။


မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း

မေးခွန်းတွင် အပိုင်း သုံးပိုင်း ပါဝင်တယ်ဟု  ယူဆကြောင်း၊ ပထမပိုင်းတွင် မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် နိုင်ငံခြားဘဏ် ဘဏ်ခွဲများသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်ကို မည်ကဲ့သို့ ပံ့ပိုးထားသနည်းကို သိလိုခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်တွင် ဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုထားသည့် နိုင်ငံခြား ဘဏ်ခွဲ စုစုပေါင်း         ၁၃ ခုရှိကြောင်း၊ အဆိုပါ ဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင် ထုတ်ပေးစဉ်က (၁) နိုင်ငံခြားကုမ္ပဏီ လုပ်ငန်း (Foreign Corporate) များ၊ (၂) ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ (၃) ပြည်တွင်း ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကားဘဏ် လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း၊ နောက်ပိုင်းတွင် ပြည်တွင်း ပို့ကုန်လုပ်ငန်းများကို အထောက်အကူ ပြုနိုင်စေရန်အတွက် နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်း ပို့ကုန်လုပ်ငန်း ဆောင်ရွက်သူများအတွက် ပို့ကုန်ချေးငွေ ဖြည်‌့ဆည်းမှု (Export Financing) နှင့် ပို့ကုန် လုပ်ငန်းနှင့် ဆက်စပ်သည်‌့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု(Related Banking Services for Export Financing) ဆောင်ရွက်ခွင့်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင်  ညွှန်ကြားချက် အမှတ်(၉/၂၀၁၇)ဖြင့် ခွင့်ပြုခဲ့ကြောင်း၊ ထပ်မံပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ဘဏ္ဍာငွေ ရရှိနိုင်မည်‌့ အခွင့်အရေး (Acess to Finance) ပိုမို ရရှိစေရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ် ဘဏ်ခွဲများကို ပြည်တွင်း စီးပွားရေး လုပ်ငန်းများ (Local Corporate) များသို့ မည်သည်‌့ ချေးငွေ ဖြည်‌့ဆည်းမှုကိုမဆို(Any Financing) ကို ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း၊ ထို့အပြင် အခြားဘဏ် လုပ်ငန်း ဝန်ဆောင်မှု(Other Banking Services)များကိုလည်း ဆောင်ရွက်ခွင့် ပြုခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ ညွှန်ကြားချက် အမှတ်(၆/၂၀၁၈) ဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ဖြစ်ရာ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ ကုမ္ပဏီအက် ဥပဒေအရ မှတ်ပုံတင် ထားသည့် မည်သည့် ပြည်တွင်း ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများမဆို ပြည်တွင်းဘဏ်များ သာမက နိုင်ငံခြားဘဏ် ဘဏ်ခွဲများထံမှ ငွေချေးရယူနိုင်သည့် အခွင့်အလမ်း ရရှိကြပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ပြည်တွင်း ဘဏ်ဖြစ်စေ၊ နိုင်ငံခြား ဘဏ်ဖြစ်စေ ငွေထုတ်ချေးသည့် အချိန်တွင် ဖောက်သည် (Customer)၏ စီးပွားရေးလုပ်ငန်း အလားအလာကို သေချာစိစစ်ပြီးမှ ငွေထုတ်ချေးကြခြင်း ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေးလုပ်ငန်းကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိကိုလည်း သုံးသပ်ကြမည် ဖြစ်ကြောင်း၊ ထို့ကဲ့သို့ သုံးသပ်ရာတွင် ဘဏ္ဍာရေး အခြေအနေ ရှင်းတမ်းများ စနစ်တကျ ရေးဆွဲထားခြင်း ရှိ/မရှိ၊ ဘဏ္ဍာရေး အခြေအနေ တောင့်တင်းခိုင်မာမှု ရှိ/မရှိ၊ လုပ်ငန်းအား စနစ်တကျ စီမံခန့်ခွဲမှု ရှိ/မရှိနှင့် အခွန် ပေးဆောင်ခြင်း ရှိ/မရှိ စသည်‌့ အချက်များကို စိစစ်ကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများသည် ချေးငွေရယူနိုင်သည့် အခွင့်အလမ်း ရှိကြပြီးဖြစ်သော်လည်း ထိုအခွင့်အလမ်းကို အမှန်တကယ် လက်တွေ့ရရှိနိုင်ရန်အတွက် အလားအလာကောင်းသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲနေကြောင်း ပြသနိုင်ရန် လိုအပ်ကြောင်း၊

ဒုတိယပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားမှု မရှိစေရန် မည်သို့ဆောင်ရွက်ထားရှိသည် ဆိုသည် မေးခွန်းကို ဆက်လက်ဖြေကြားသွားမည် ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ငွေကြေးဖောင်းပွမှုသည် အကြောင်းနှစ်ရပ်ကြောင့် ဖြစ်သည်ဟု လက်ခံထားကြောင်း၊ ပထမအကြောင်းသည် ဝယ်လိုအား မြင့်တက်မှု (Demand Pull) ကြောင့် ဖြစ်ပေါ်သည့် ငွေကြေး ဖောင်းပွမှုနှင့် ဒုတိယအကြောင်းသည် အသုံးစရိတ်များ၏ တွန်းအား (Cost Push)ကြောင့်ဖြစ်သည့် ငွေကြေးဖောင်းပွမှုများ ဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ထို့အကြောင်းအရပ် နှစ်ရပ် ပေါင်းစုံပြီး ငွေကြေး ဖောင်းပွမှု ဖြစ်နိုင်ကြောင်း၊ ဝယ်လိုအား မြင့်တက်မှု (Demand Pull) ကြောင့် ငွေကြေး ဖောင်းပွမှု ဖြစ်ခြင်းသည်  အကြောင်းတစ်ရပ်ရပ်ကြောင့် စီးပွားရေးစနစ်အတွင်း စုစုပေါင်း ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် ဝယ်လိုအားသည် ထုတ်လုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ ဥပမာအားဖြင့် စီးပွားရေး စနစ်တစ်ရပ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားခြင်းနှင့်အတူ ငွေကြေး ပမာဏ (Money Supply) တိုးတက်မှုနှုန်း လွန်စွာ မြင့်တက်လာခြင်းကြောင့် ဝယ်လိုအား မြင့်တက်စေပြီး ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေကြောင်း။ အသုံးစရိတ်များ၏ တွန်းအား (Cost Push)ကြောင့် ငွေကြေး ဖောင်းပွမှုဖြစ်ခြင်းသည် ကုန်စည် ထုတ်လုပ်မှု ဖြစ်စဉ် အတွင်းတွင် ထည်‌့သွင်း အသုံးပြုရသည့် ကုန်ကြမ်းများ၊ လုပ်အားခ စသည်များ ဈေးနှုန်း မြင်‌့တက်လာခြင်းကြောင့် ကုန်ချောအဖြစ်သို့ ရောက်ရှိ လာသည့်အချိန်တွင် ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း၊

မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေနိုင်သည် အဓိက အကြောင်း နှစ်ချက် ရှိ သည်ဟု ဆိုနိုင်ကြောင်း၊ ပထမအချက်သည် ငွေကြေး ပမာဏ (Money Supply) တိုးတက်နှုန်း မြင့်မားခြင်း ဖြစ်ကြောင်း၊ ဘတ်ဂျက်လိုငွေ အတန်အသင်‌့ မြင့်မားခြင်းနှင့် အဆိုပါ ဘတ်ဂျက် လိုငွေ၏ တစ်စိတ်တစ်ပိုင်းကို ဗဟိုဘဏ်မှ ချေးယူဖြည်‌့ဆည်း ရခြင်းများကြောင့် ငွေကြေး ပမာဏ (Money Supply) လျင်လျင်မြန်မြန် မြင့်တိုးတက်လာနိုင်ကြောင်း၊ ထို့မှတစ်ဆင့် ငွေဖောင်းပွမှု အတိတ်က ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဝယ်လိုအား မြင့်တက်မှု(Demand Pull) သဘော သက်ရောက်သည့် ငွေကြေး ဖောင်းပွမှုမျိုးကို ကြုံတွေ့ခဲ့ကြပြီး  ဖြစ်ကြောင်း၊ ဒုတိယအချက်သည် နိုင်ငံခြား အရန်ငွေ အင်အားတောင့်တင်း ခိုင်မာမှု အားနည်းခြင်း၊ ကုန်သွယ်မှု လိုငွေ အတော်သင်‌့ မြင့်မားခြင်းများကြောင့် နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်သည့်အချိန်တွင် ပြည်တွင်းငွေ၏ လျော့ကျသည့် အခြေအနေတွင် ပြည်တွင်းသွင်းကုန်အပေါ် မှီခိုမှုများသည့် သွင်းကုန် ဈေးနှုန်း မြင့်တက်လာပြီး ငွေကြေး ဖောင်းပွမှုအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း၊ အသုံးစရိတ်များ၏ တွန်းအား (Cost Push) သဘော သက်ရောက်သည့် ငွေဖောင်းပွမှုမျိုး ဖြစ်ကြောင်း၊

ထို့အပြင် အရေးကြီးသည့် အချက်သည် လောင်စာဆီ၏ ဈေးနှုန်းပြောင်းလဲမှုများသည် မိမိတို့နိုင်ငံ၏ ငွေကြေးဖောင်းပွမှုအပေါ်တွင် ကြီးမားသည့် လွှမ်းမိုးမှု ရှိသည်ဟု ယူဆ နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှု အခြေအနေကို သုံးသပ်ကြည်‌့မည်ဆိုပါက ၂၀၁၂ ခုနှစ်ကို အခြေခံနှစ်အဖြစ် တွက်ချက်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပျမ်းမျှ ငွေဖောင်းပွမှုနှုန်း ၆.၈၁  ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၇.၀ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေဖောင်းပွမှု ၄.၀၃ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှု ၅.၄၂ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နှစ်အတွင်း ၂၀၁၉ ခုနှစ် ဇွန်လတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၈.၀၈ ရာခိုင်နှုန်းနှင့် နှစ်အလိုက် ငွေကြေးဖောင်းပွမှုသည် ၉.၅၁ ရာခိုင်နှုန်း ရှိကြောင်း။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တတိယ သုံးလပတ် (၂၀၁၉ ခုနှစ် ဇွန်လ)တွင် ငွေကြေးဖောင်းပွမှုနှုန်း တိုးမြင့်ခဲ့ခြင်း၏ အကြောင်းအရင်းများသည် အခြေခံ စားသောက်ကုန်စည် ဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် ဖြစ်ခဲ့သည်ကို မိမိတို့ တွေ့နိုင်ကြောင်း၊ ငွေလဲလှယ်နှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှစပြီး တည်ငြိမ်မှု ရှိခဲ့သော်လည်း အလားတူ ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လနှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာကျပ်‌ငွေ တန်ဖိုး ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် နှစ်အလိုက် ငွေဖောင်းပွမှုနှုန်း အတန်အသင်‌့ မြင့်မားခဲ့သည်ဖြစ်ကြောင်း၊ 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်း ဈေးနှုန်း တည်ငြိမ်မှုစေရန်အတွက် ငွေကြေး ပမာဏ သင့်တင်မျှတစွာ ထားရှိနိုင်ရန် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း မရှိနိုင်စေရန် ငွေကြေးပမာဏ (Money Supply)ကို သင်‌့တင့်သည်‌့နှုန်းဖြင့် ရှိနေစေရန် သီးသန့် ငွေကြေးပမာဏ ရည်မှန်းချက် သတ်မှတ်ထားရှိသည့် ငွေကြေးမူဝါဒ မူဘောင်ကို ချမှတ် ကျင့်သုံးလျက် ရှိကြောင်း၊ ၎င်းမူဘောင်အရ မြန်မာနိုင်ငံ၏ မက်ခရို စီးပွားရေး အခြေခံများနှင့် ငွေကြေးပမာဏ တွက်ချက် ခန့်မှန်းမှုများအရ စီးပွားရေး စနစ်အတွင်း ပိုလျှံငွေကြေးများကို အပ်ငွေလေလံ ခေါ်ယူခြင်းဖြင့် နုတ်သိမ်း ဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ အစိုးရ ငွေတိုက်နှင့် ငွေတိုက်လက်မှတ် လေလံစနစ်များ ရောင်းချခြင်း ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းတိုင်ပင်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရလိုငွေ ဖြည်‌့ဆည်းရခြင်းကို လျော့ချခြင်းဖြင်‌့လည်းကောင်း ငွေဖောင်ပွမှုနှုန်း မဖြစ်စေရေးကို ထိန်းသိမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငွေကြေးပမာဏ တိုးတက်နှုန်းကိုကြည်‌့ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၉ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တ်ွှု ၁၈ ရာခိုင်နှုန်းနှင့် ၂၀၁၈ ဘဏ္ဍာရေးနှစ် (၆ လတာကာလ)အတွက် ၁၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၂၁ ရာခိုင်နှုန်းထက် မပိုစေရန် လျာထားချက် ချမှတ် ဆောင်ရွက်ထားရှိကြောင်း။ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ရှေ့ပြေး အမှန်စာရင်းများအရ နှစ်အလိုက် ငွေကြေးပမာဏ တိုးတက်မှုနှုန်းသည် ၁၂ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ထို့ကြောင့် ငွေကြေးပမာဏ တိုးတက်မှုနှုန်းကို အထိုက်အလျောက် ထိန်းချုပ် ဆောင်ရွက်နိုင်သည်‌့ အခြေအနေတွင် ရှိကြောင်း၊ ထို့အတူ ချေးငွေ တိုးတက်မှု နှုန်းများသည်  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၃၃ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၄ ရာခိုင်နှုန်း၊ ၂၀၁၈ ဘဏ္ဍာရေးနှစ် (၆ လကာလ)တွင် ၂၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ဧပြီလတွင် ၂၀ ရာခိုင်နှုန်းဖြင့် အသီးသီး ကျဆင်းလျက် ရှိကြောင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ တည်ငြိမ်မှု ရှိခဲ့သော်လည်း အထားတူ ကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဇွန်လနှင်‌့ နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မြန်မာကျပ်ငွေ တန်ဖိုး ၇.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ခြင်းတို့ကြောင့် ၂၀၁၉ ခုနှစ် ဇွန်လတွင် နှစ်အလိုက် ငွေဖောင်းပွမှုနှုန်းသည် အတော်အသင့် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်တွင်းဈေးကွက် တည်ငြိမ်စေရန်နှင်‌့ ငွေကြေးပမာဏအား သင်‌့တင့်မျှတသည့် အနေအထားတွင် ရှိစေရန် သို့မဟုတ် ငွေကြေး ဖောင်းပွမှုနှုန်း လွန်စွာမြင့်မားခြင်း မရှိစေရန် ငွေကြေးပမာဏ (Money Supply) ကို သင်‌့တင့်သည့် နှုန်းဖြင့် ရှိနေစေရန် သီးသန့်ငွေကြေး ပမာဏအား ရည်မှန်းချက် သတ်မှတ်ထားရှိသည့် ငွေကြေးမူဝါဒ မူဘောင်ကို ချမှတ်ကျင့် သုံးလျက်ရှိကြောင်း၊ ၎င်းမူဘောင်အရ မြန်မာနိုင်ငံ၏ မက်ခရို စီးပွားရေး အခြေခံများနှင်‌့ ငွေကြေးပမာဏ ခန့်မှန်း တွက်ချက်မှုများအရ စီးပွားရေးစနစ်အတွင်းရှိ ပိုလျှံငွေကြေးများကို အပ်ငွေလေလံ ခေါ်ယူခြင်းဖြင့် နုတ်သိမ်းဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း၊ အစိုးရငွေတိုက် စာချုပ်နှင်‌့ ငွေတိုက် လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို စီမံကိန်းနှင်‌့ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင်‌့ ညှိနှိုင်းတိုင်ပင်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရလို ငွေဖြည့်ဆည်းရခြင်းကို လျော့ချဆောင်ရွက်ခြင်း ဖြင့်လည်းကောင်း ငွေဖောင်းပွနှုန်း ဖိအား မဖြစ်ပေါ်စေရန် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊

မြန်မာနိုင်ငံ၏ ငွေကြေးပမာဏ တိုးတက်နှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၁၉ ရာခိုင်နှုန်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်းနှင်‌့ ၂၀၁၈ ဘဏ္ဍာရေး (၆ လကာလ) တွင် ၁၉ ရာခိုင်နှုန်း ရှိခဲ့ခြင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၂၁ ရာခိုင်နှုန်း ထက်မပိုစေရန် လျာထား ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလကုန်ရှိ ရှေ့ပြေး အမှန်စာရင်းအရ နှစ်အလိုက် ငွေကြေးပမာဏ တိုးတက်မှုနှုန်းသည် ၁၂ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် ငွေကြေးပမာဏ တိုးတက်မှုနှုန်းကို အထိုက်အလျောက် ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အခြေအနေ ရှိကြောင်း၊ ထို့အတူ ချေးငွေ တိုးတက်မှုနှုန်းများသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၃၃ ရာခိုင်နှုန်းရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၄ ရာခိုင်နှုန်း၊ ၂၀၁၈ ဘဏ္ဍာရေးနှစ် (၆-လကာလ)တွင် ၂၁ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ၂၀ ရာခိုင်နှုန်းဖြင့် အသီးသီး ကျဆင်းလျက် ရှိကြောင်း၊ အခြားတစ်ဖက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖြည့်ဆည်းပေးရသည့် ဘတ်ဂျက်လိုငွေ၏ အစိတ်အပိုင်းကို လျှော့ချသွားရန်အတွက် စီမံကိန်းနှင်‌့ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင်‌့ ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရမှုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၄၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ၃၀ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၂၀ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၀ ရာခိုင်နှုန်းနှင့် အစိုးရ၏ လိုငွေကို လျော့ချပြီး ဖြည့်ဆည်းသွားရန် စီစဉ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အစိုးရလိုငွေ ဖြည့်ဆည်းမှုတွင် ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ခြောက်လတာ ကာလအတွင်းတွင် ဗဟိုဘဏ်၏ အစိုးရလိုငွေ ဖြည့်ဆည်းပေးရမှု မရှိခဲ့သည့်အတွက် ရည်မှန်းချက် ထက်ကျော်လွန်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

လတ်တလော ငွေဖောင်းပွမှုနှုန်း အတန်အသင့် မြင့်မားခြင်းသည် ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေ တိုးတက်မှုများ မြင့်မားခြင်းကြောင့် မဟုတ်ဘဲ လောင်စာဆီ ဈေးနှုန်းမကြာခဏ ‌ပြောင်းလဲခြင်း၊ ယင်းနှင့်ဆက်စပ်ပြီး ကုန်စည် သယ်ယူပို့ဆောင်မှု စရိတ် မြင့်မားခြင်း၊ ငွေလဲလှယ်နှုန်း လက်ရှိအခြေအနေတွင် တည်ငြိမ်စေရန် ဆောင်ရွက်နိုင်သော်လည်း လွန်ခဲ့တဲ့ ၆ လ၊ ၈ လ ခန့်က အတက်/အကျ ကြမ်းခဲ့ခြင်းများသည် ၎င်းငွေကြေး ဖောင်းပွမှုနှုန်းကို အတန်အသင့် မြင့်မားလာစေသည့် တွန်းအားများ ဖြစ်ကြောင်း၊ ထိုအတူ အစိုးရငွေချေး သက်သေခံ လက်မှတ်များ ဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ငွေချေးယူသည့် အစိတ်အပိုင်း လျှော့ချရေးတွင် များစွာ အရေးကြီးကြောင်း၊ အထူးသဖြင့် အစိုးရငွေချေး သက်သေခံ လက်မှတ်များမှတစ်ဆင့် ပြည်လည်ရောင်းချသည့် ဈေးကွက် (Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်းညှိနှိုင်း၍ အဆိုပါ ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်း၊ နောင်အနာဂတ်တွင် ငွေကြေး ဈေးကွက်နှင့် အစိုးရ ငွေကြေး သက်သေခံ လက်မှတ်များ တစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးကွက်များ ဖွံ့ဖြိုးလာပါက ဈေးကွက် အခြေခံ ငွေကြေးမူဝါဒ နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး စီးပွားရေးစနစ်အတွင်း ငွေကြေးပမာဏ (Money Supply) ကို လိုသလို ထိန်းညှိဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ငွေကြေးဖောင်းပွမှုကို ပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊

တတိယပိုင်းတွင် ပုဂ္ဂလိကကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ခွင့်ပြုရန်အတွက် မည်သို့ဆောင်ရွက်ထား ပါသနည်း ဆိုသည့် မေးခွန်းကို ဆက်လက်ဖြေကြားမည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၆၀ တွင် ဘဏ်များအား ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ် ပြဋ္ဌာန်းထားကြောင်း၊ ယင်းကန့်သတ်ချက်အရ ဘဏ်တစ်ခုသည် (၁) အများနှင့် သက်ဆိုင်သော ကုမ္ပဏီ မဟုတ်သည့် အပြင် ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း၊ (၂) ဗဟိုဘဏ်၏ လုပ်ကိုင်ခွင့်မရှိဟု ကြေငြာထားသည့် လုပ်ငန်း အမျိုးအစားကို လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများတွင် အစု ရှယ်ယာများကို ရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်း မပြုရဟု ကန့်သတ်ထားကြောင်း၊ ထို့အပြင် ဘဏ်တစ်ခုသည် အခြား ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အစုရှယ်ယာ ရယူခြင်း သို့မဟုတ် လက်ဝယ် ထားရှိခြင်းပြုလျှင် မိမိဘဏ်၏ ရင်းနှီးငွေ ၁၀ ရာခိုင်နှုန်း ထက်မပိုသည့် ပမာဏကိုသာ ဝယ်ယူခွင့် ရှိကြောင်း၊

ထို့ကဲ့သို့ ကန့်သတ်ထားခြင်း၏ ရည်ရွယ်ချက်သည် ဘဏ်လုပ်ငန်းများသည် စီးပွားရေး လုပ်ငန်းများတွင် ဝင်ပြီး ခြယ်လှယ်မှု၊ လွှမ်းမိုးမှု အပြန်အလှန် ဆက်စပ်မှုများ ရှိမည်ကို ကာကွယ်ရန် ဖြစ်ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍတွင် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန် အလားအလာ နည်းပါးကြောင်း၊ အဓိက အရေးကြီးသည့် အချက်သည် ပုဂ္ဂလိကကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ်က ချေးငွေများကို (Financing) အနေဖြင့် ပံ့ပိုး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။