Skip to main content

 

မိမိတို့နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင်ပါဝင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ဝေးလံခေါင်သီဒေသ၊ ရှားပါးစရိတ်ခံစားခွင်‌့ပြုထားသော မြို့နယ်များနှင့် ပြည်နယ်များက မိဘ ပြည်သူများသည် ပိုမိုဆင်းရဲကြပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်တွင် နေထိုင်ကြ သူများသည် မိမိ၏သားသမီးများကို သင်ထောက်ကူပြည့်ပြည်‌့စုံစုံနှင့် အရည်အချင်းပြည်‌့ဝသော ဆရာဆရာမများရှိသည့်ကျောင်းများတွင် ကျောင်းထားလိုကြသော်လည်း ငွေကြေးမပြည်‌့စုံသည့် အတွက် မထားနိုင်ကြပါကြောင်း၊ မိမိဒေသရှိ ကျောင်းများတွင်သာ ဖြစ်သလိုကျောင်းထား ကြရပါကြောင်း၊ ကျောင်းသားကျောင်းသူများသည် ရိုးရိုးအောင်ရန် မနည်းကြိုးစားကြရပါကြောင်း၊ စာမေးပွဲအောင်သည့်အခါတွင်လည်း အောင်ရုံအမှတ်သာရရှိကြသည်မှာ များပြားပါကြောင်း၊ အလွန်တော်၍၊ ကြိုးစား၍၊ ဂုဏ်ထူးဖြင့်အောင်ပါက သင်္ချာ၊ ဓာတု၊ ရူပဗေဒ စသည့်ဘာသာရပ် များတွင် ရမှတ်သည် ၈၀ ကျော်ရုံသာ ရရှိကြသည်မှာ များပြားပါကြောင်း၊ မြန်မာ၊ အင်္ဂလိပ်နှင့် ဇီဝဗေဒကဲ့သို့ဘာသာရပ်များတွင်လည်း ဂုဏ်ထူးမှတ်သည် ၇၅ မှတ်ကျော်ရုံသာ ရရှိကြပါကြောင်း၊ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပါက မိမိတက်ရောက်လိုသောတက္ကသိုလ်များကိုတက်ရောက်ရန် အမှတ်မမီကြပါကြောင်း၊ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ပါက မိမိတက်ရောက်လိုသော တက္က သိုလ်များကို တက်ရောက်ခွင်‌့မရနိုင်သော ပညာရေးမူဝါဒအပေါ် ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များတွင်နေထိုင်ကြသော မိဘပြည်သူများနှင့်ကျောင်းသူကျောင်းသားများသည် စိတ်ကုန်နေကြပြီ ဖြစ်ပါကြောင်း၊

ပြည်နယ်၊ ပြည်မပညာရေးသည် များစွာကွာခြားနေပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များတွင် ၂၀၁၇-၁၈ ပညာသင်နှစ်များတွင် အောင်ချက်ရာနှုန်းလုံးဝမရှိသော ကျောင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိခဲ့ရပါကြောင်း၊ ၎င်းအချိန်တွင် ပြည်မကကိုယ်ပိုင်အထက်တန်း ကျောင်းတစ် ကျောင်းသည် ဘာသာစုံဂုဏ်ထူး ၁၂၃ ယောက်၊ ငါးဘာသာဂုဏ်ထူး ၁၆၃ ယောက် အောင်မြင်ကြောင်း သတင်းစာ၊ ဂျာနယ်များတွင် ဖတ်လိုက်ရပါကြောင်း၊ ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှုသည် ထိုကဲ့သို့မဖြစ်သင်‌့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝေးလံခေါင်သီ ဒေသနှင့်ပြည်နယ်များအတွက် ပြည်မကပညာရေးကိုမီအောင် တစ်ခုခုစီမံဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ပညာရေးစနစ်သည် ပြောင်းလဲလာမည့် အတွက် ပြည်နယ်၊ ပြည်မ ပညာရေးသည် ယခုထက်ပိုပြီး ကွာဟမှုမြင်‌့မားလာနိုင်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသားကျောင်းသူများသည် မိမိတက်ရောက်လိုသောတက္ကသိုလ်များကို တိုက်ရိုက်လျှောက်ထားပြီး တက္ကသိုလ်ဝင်ခွင်‌့စာမေးပွဲ များ ဆက်လက်ဖြေဆိုရမည့်အတွက် ပြည်မကအရည်အချင်းပြည့်နေသော ကျောင်းသား ကျောင်းသူများနှင့် ယှဉ်ပြိုင်လာရမည်ဖြစ်ပါကြောင်း၊ ဝင်ခွင်‌့စာမေးပွဲများအတွက် ကျူရှင်များ၊ သင်တန်းများလည်း ပေါ်ပေါက်လာကြဦးမည် ဖြစ်ပါကြောင်း၊ ကျူရှင်၊ သင်တန်းများအတွက် ငွေကြေးမတတ်နိုင်သော ဝေးလံခေါင်သီဒေသက ကျောင်းသားကျောင်းသူများသည် အဆင်‌့မြင်‌့ ပညာရေးနှင့်ပို၍ပို၍ ဝေးလာနိုင်ပါကြောင်း၊ ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်များက ကျောင်းသူ ကျောင်းသားများသည် ပြည်မကကျောင်းသူကျောင်းသားများနှင့် ပညာရေးကိုမီအောင်လုပ်လိုပါက သို့မဟုတ် ပြည်နယ်၊ ပြည်မပညာရေးကွာဟမှုနှေးအောင်လုပ်လိုပါက အဆင်‌့မြင်‌့တက္ကသိုလ်၊ ကောလိပ်နှင့် သင်တန်းများ၏ တက်ရောက်ခွင်‌့ရာခိုင်နှုန်းကို ဝေးလံခေါင်သီဒေသနှင့် ပြည်နယ် များအတွက် တိတိကျကျသတ်မှတ်ပေးပါမှ ပြည်နယ်၊ ပြည်မပညာရေးသည် ကွာဟမှုနည်းပါး သွားမည်ဖြစ်ပါကြောင်း၊

နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် နိုင်ငံတွင်းနေထိုင် နေကြသော ပြည်သူများ၏ အသိဉာဏ်ဖွံ့ဖြိုးမှုအပေါ်တွင် အဓိကမူတည်နေပါကြောင်း၊ အသိပညာ ဉာဏ်ရှိမှ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်မည်ဖြစ်ပါကြောင်း၊ အမှား၊ အမှန်ကိုမသိပါက လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ အစွန်းရောက်အယူဝါဒများ ပေါ်လာနိုင်ပါကြောင်း၊  အစွန်းရောက်ဝါဒီများ ပေါ်လာပါက နိုင်ငံတော်အနေဖြင့် ရှင်း၍မပြီးနိုင်သော ပြဿနာများနှင့် မလွဲမသွေကြုံလာရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ပါက အစွန်းရောက်ဝါဒများ မပေါ်ပေါက် လာနိုင်ရန် ဝေးလံခေါင်သီဒေသနှင့် ပြည်နယ်ကကျောင်းသားကျောင်းသူများကို အဆင်‌့မြင်‌့ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းများကို တက်ရောက်ပညာသင်ကြားခွင်‌့ရရန် နိုင်ငံတော် အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ထို့ကြောင်‌့ ပြည်နယ်၊ ပြည်မပညာရေး ကွာဟမှု နည်းပါ‌းစေရန် ဝေးလံခေါင်သီသော ပြည်နယ်များက ကျောင်းသူကျောင်းသားများ အတွက် တက္ကသိုလ်ဝင်ခွင်‌့ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသောမူဝါဒဖြစ်သော မည်သည်‌့ခွဲခြားမှုမျှမရှိဘဲ (No Discrimination)၊ တစ်ဦးတစ်ယောက်မျှ မချန်ရစ်ထားဘဲ (No One is Left Behind)၊ ကျောင်း ထွက်သူလုံးဝမရှိစေရေး (No School Drop Out) မူဝါဒဖြင့် အဆင်‌့မြင်‌့ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များအနက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဝေးလံ ခေါင်သီဒေသရှားပါးစရိတ် ခံစားခွင်‌့ပြုထားသော ဒေသများမှ ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်တက္ကသိုလ်တွင် ၂ ရာခိုင်နှုန်းစီဖြင်‌့ လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင်‌့ စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဘာသာတွဲသုံးခု သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာ ဘာသာတွဲအတွက် ဘာသာတွဲတစ်ခုလျှင် ၅ ရာခိုင်နှုန်းစီဖြင်‌့ လည်းကောင်း၊ ပညာရေးကောလိပ် များတွင် ၅ ရာခိုင်နှုန်းစီဖြင်‌့လည်းကောင်း ဝင်ခွင်‌့ရာခိုင်နှုန်းများ သတ်မှတ်၍ အနိမ့်ဆုံးရှိသင်‌့သည်‌့ အရည်အချင်းအရလည်း ဝင်ခွင်‌့ပြုပေးလျက်ရှိပါကြောင်း၊

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များတွင်လည်း ဒေသခံတက္ကသိုလ်ကျောင်းသားကျောင်းသူ တက်ခွင်‌့ရသော ကျောင်းသားကျောင်းသူများအနေဖြင့် တက်ရောက်ခွင်‌့ရရန်အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ထားရှိလျက် ရှိပါကြောင်း၊ ဝေးလံခေါင်သီဒေသအဖြစ်သတ်မှတ်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင်‌့ရှိသည့်ဒေသများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင် မြင်သောကျောင်းသားကျောင်းသူများအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ ၁၉ ဦး၊ မန္တလေးနည်းပညာတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၂၁ ဦး၊ သတင်း အချက်အလက်နည်းပညာတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၁၂ ဦး၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသားကျောင်းသူ ၁၅ ဦး၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) တွင် ကျောင်းသားကျောင်းသူ ၁၉ ဦး၊ မြန်မာနိုင်ငံ လေကြောင်းနှင်‌့ အာကာသပညာတက္ကသိုလ် တွင် ကျောင်းသားကျောင်းသူ ၁၄ ဦးဖြင်‌့ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၀၀ ဦးကို ယခု ပညာသင်နှစ်အထိလက်ခံပြီး တက်ရောက်ပညာသင်ယူခွင်‌့ပြုပေးထားလျက်ရှိပါကြောင်း၊

ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များဖြစ်သော ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် ဝေးလံခေါင်သီဒေသ ရှားပါးစရိတ်ခံစားခွင်‌့ပြုထားသော တိုင်းဒေသ ကြီး/ ပြည်နယ်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သော ကျောင်းသားကျောင်းသူ များအား ပညာသင်နှစ်အလိုက်သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင်‌့ရမှတ်ပြည်‌့မီပါက ဝင်ခွင်‌့ရ ကျောင်းသားကျောင်းသူများ၏ ၁၀ ရာခိုင်နှုန်းအား ဝင်ခွင်‌့ပြုရန် တိကျစွာသတ်မှတ်ပြီး စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားမှုအရ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆေးတက္ကသိုလ်များနှင်‌့ ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင်‌့ရွေးချယ်သည်‌့စနစ်သည် သက်ဆိုင်ရာပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင်‌့ ဖြေဆိုအောင်မြင်သူများကို တက္ကသိုလ်အလိုက် အများဆုံးလက်ခံနိုင်သည်‌့ လျာထားဦးရေအတိုင်း ဦးစားပေးတက္ကသိုလ် ရွေးချယ်လျှောက်ထားမှု အပေါ်မူတည်၍ တိုင်းဒေသကြီးနှင်‌့ပြည်နယ်ခွဲခြားမှုမရှိဘဲ ရွေးချယ်သည့်စနစ်ကို ကျင်‌့သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ရာတွင် ဝေးလံခက်ခဲသော ကျေးလက်ဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသများ၏ ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေးကို ရှေးရှု၍လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိ ဒေသဖွံံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည်‌့ အရည်အသွေးပြည့်ဝသော ဆရာဝန်ကောင်းများပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်မှထုတ်ပြန် ထားသော ဒေသစရိတ်ခံစားခွင်‌့ရှိသည်‌့ သွားလာရေးနှင်‌့လူမှုရေးခက်ခဲသော ဒေသများဖြစ်သည်‌့ ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသခြောက်ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆေး တက္ကသိုလ်များသို့ ဝင်ခွင်‌့ပြုနိုင်ရေးအတွက် အဆင်‌့ဆင်‌့တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ တင်ပြမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏သဘောတူခွင်‌့ပြုချက်ဖြင်‌့ ယင်းဒေသများ၌ အခြေခံပညာ အထက်တန်းများတွင် သုံးနှစ်ဆက်တိုက်ပညာသင်ယူပြီး သတ်မှတ်အရည်အချင်းများနှင်‌့ ကိုက်ညီ သူများကို မူလပုံမှန်ဝင်ခွင်‌့ပြုအနိမ့်ဆုံးရမှတ်အောက်လျှော့ပေါ့၍ ဆေးတက္ကသိုလ်များသို့ စုစုပေါင်း ဝင်ခွင်‌့ပြုဦးရေ၏ ၃ ရာခိုင်နှုန်း ဝင်ခွင်‌့ပြုလျက်ရှိပါကြောင်း၊ ထိုသို့ဝင်ခွင်‌့ပြုရာတွင် ၂၀၁၂ ခုနှစ်တွင်  ၃၂ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၄၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၅၀ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၅၃ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၅၉ ဦး စုစုပေါင်း ဝင်ခွင်‌့ပြုဦးရေ၏ ၆ ရာခိုင်နှုန်းဖြင်‌့ ၂၀၁၇ ခုနှစ်တွင် ၈၁ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၇၂ ဦး စုစုပေါင်း ၃၉၁ ဦးတို့အား ဆေးတက္ကသိုလ်(မကွေး) နှင်‌့ ဆေးတက္ကသိုလ် (တောင်ကြီး)သို့ တက်ရောက်ခွင်‌့ပြုခြင်းများကို ဤမေးခွန်းမတင်သွင်းမီကပင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဆက်စပ်ဝန်ကြီးဌာနများ၏ ဖြေကြားချက်များနှင်‌့အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

ဦးတင်နု(ခ)ဦးတင်နုအောင်(မာန်အောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင်‌့လမ်းညွှန်စာအုပ်တွင် တက္ကသိုလ်ဝင်ခွင်‌့နှင့်ပတ်သက်၍ နှစ်မျိုးတွေ့ရ ပါကြောင်း၊ တစ်မျိုးက သီးခြားဝင်ခွင်‌့ဖြင့်ရွေးချယ်သော တက္ကသိုလ်များ၊ တက္ကသိုလ် ၂၉ ခုရှိပါကြောင်း၊ နောက်တစ်မျိုးက တက္ကသိုလ်ဝင်ခွင်‌့ရွေးချယ်ရေးအဖွဲ့ကရွေးချယ်မည်‌့ တက္ကသိုလ် များ ၅၁ ခုရှိပါကြောင်း၊ အဆိုပါ သီးခြားဝင်ခွင်‌့ဖြင့် ရွေးချယ်သောတက္ကသိုလ်များတွင် ဝန်ကြီးပြောပြသွားသော ဝန်ကြီးဌာနကတက္ကသိုလ်များပါဝင်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ ဆည်မြောင်းဝန်ကြီးဌာနအောက်တွင် စိုက်ပျိုးရေးတက္ကသိုလ်နှင့် တိ/မွေး/ကုတက္ကသိုလ်များ ပါဝင်ပါကြောင်း၊ သယံဇာတနှင်‌့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ပါဝင်ပါကြောင်း၊ ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်တွင် ကုန်သွယ်ရေကြောင်းကောလိပ်၊ ရေကြောင်းပညာတက္ကသိုလ်၊ မိတ္ထီလာ တွင်ဖွင်‌့လှစ်သောလေကြောင်းတက္ကသိုလ် ပါဝင်ပါကြောင်း၊ ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန အောက်တွင် ကျန်းမာရေးဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ အခြေခံ ကျန်းမာရေးနှင့် သူနာပြုတက္ကသိုလ်များကို တွေ့ရှိရပါကြောင်း၊ ၎င်းတက္ကသိုလ်များကခေါ်သည့် အခါ ဝေးလံခေါင်သီဒေသက ကျောင်းသူကျောင်းသားများက သိနိုင်ပြီးမှ တိုက်ရိုက်လျှောက် နိုင်မည်ဖြစ်သည့်အတွက် သတင်းစာများတွင်ခေါ်သည့်အချိန်တွင် သိပ်မတွေ့တော့ပါကြောင်း၊ ရာခိုင်နှုန်းမည်မျှသတ်မှတ်၍ ခေါ်သည်ကိုလည်း ဖော်ပြခြင်းမရှိတော့ပါကြောင်း၊ တက္ကသိုလ် ရွေးချယ်ရေးအဖွဲ့က ရွေးချယ်သောတက္ကသိုလ်များ ၅၄ ခုရှိပါကြောင်း၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ သမဝါယတက္ကသိုလ်တို့ ပါဝင်ပါကြောင်း၊ အဆိုပါတက္ကသိုလ်များတွင်လည်း သတင်းစာများဖြင့် တိတိကျကျခေါ်ထားခြင်း မတွေ့ရသည့်အတွက် ကျောင်းသူကျောင်းသားများက မသိလိုက်၍မလျှောက်ရသည့် ကျောင်းသား များစွာရှိသည့်အတွက် အမျိုးအစားနှစ်ခုတွင်ခေါ်သောတက္ကသိုလ်များကို တိတိကျကျတက်၍ ရအောင် ဝန်ကြီးဌာနအနေဖြင့် သတင်းစာကတိတိကျကျ အားလုံးသိအောင်ခေါ်ပေးမည့် အစီအစဉ်မျိုးရှိ/ မရှိသိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည်‌့ခွဲခြားမှုမျှမရှိသောမူဝါဒအရ ခွဲခြားမှုကိုဖော်ပြခြင်းကို ဆောင်ရွက်မည်မဟုတ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးသိလိုသော သတ်မှတ် ရာခိုင်နှုန်းများကိုလည်း အတိအကျအသိပေးတင်ပြထားပြီးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ နိုင်ငံတကာအဆင်‌့မီ တက္ကသိုလ်များအဖြစ် အားကောင်းအောင်ဆောင်ရွက်ရမည့် တက္ကသိုလ်များကိုလည်း အနိမ့်ဆုံး ရှိသင့်သောအရည်အချင်းအရ သတ်မှတ်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အနိမ့်ဆုံးရှိသင်‌့သော သတ်မှတ်သောအရည်အချင်းပြည်‌့မီသူများကိုသာ စိစစ်ရွေးချယ်လက်ခံပေးသွားနိုင်မည် ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး