Skip to main content

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း MSDP ပန်းတိုင်၏ မဟာဗျူဟာများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိကြောင်း၊

သို့သော် တည်ဆောက်ရေးလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ စီမံခန့်ခွဲမှုအားနည်းခြင်းများရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများအတွက် တင်ဒါခေါ်ယူရာနှင့် စာချုပ်ချုပ်ဆိုရာတွင် နှောင့်နှေး ကြန်ကြာမှုများရှိနေသည့်အတွက် မိုးထဲ၊ လေထဲဆောင်ရွက်ရပြီး စံချိန်စံညွှန်းမပြည့်မီမှုများ အချိန်မီမပြီးစီးနိုင်မှုများ ဖြစ်ပေါ်လာနိုင် ပါကြောင်း၊

ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ထဲက ဧရာဝတီတိုင်းဒေသကြီးကို ဥပမာပေး တင်ပြသွား မည်ဖြစ်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်က ခွင့်ပြုခဲ့သည့် ပုသိမ်ဆေးရုံ ကိုးထပ်အဆောက် အဦနှင့် ဟင်္သာတဆေးရုံလေးထပ် အဆောက်အဦတို့သည် ယနေ့အထိ အခြေအနေမှာ ယခင်အတိုင်း သာရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော ညောင်တုန်းသုံးထပ်ဆေးရုံနှင့် အောက်ကဇလွန်လေးခန်းတွဲလေးထပ် ဝန်ထမ်းအိမ်ရာအတွက် စံချိန်စံညွှန်း၊ ဒီဇိုင်း၊ စာချုပ်ကိစ္စ များနှင့် ယနေ့အချိန်အထိလည်း ယခင်အတိုင်းသာ ရှိပါကြောင်း၊ မိမိမြို့နယ်ထဲက ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စဆောက်ခဲ့သည့် ကျောင်းများသည်လည်း ယခုအချိန်အထိပြီးစီးမှုမရှိသည့် အတွက် ကျောင်းကိုလည်းအသုံးမပြုရသေးသည့်အချိန်မှာပင် နံရံများအက်ကွဲလာနေသည်ကို တွေ့ရှိရပါကြောင်း၊

ပညာရေးနှင့်ပတ်သက်၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ်ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်းပေါင်း ၆၇၂ ကျောင်းချထားပေးခဲ့ပြီး ယနေ့အချိန်အထိ ၁ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအတွင်းသာ ပြီးစီးသည့် ကျောင်းပေါင်း ၄၅၈ ကျောင်းရှိပါကြောင်း၊ ကျန်းမာရေးတွင်လည်း ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီး တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာသည် ယနေ့အထိ ကုမ္ပဏီဘက်မှ ဘာမှဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ ထိုမြေနေရာရရှိရေးအတွက်ရွာမှ သိန်း ၁၀၀ စုပေါင်းလှူဒါန်းဝယ်ယူထား သည်ဟုလည်း သိရှိရပါကြောင်း၊ ဖော်ပြခဲ့သည့် ကျောင်းများ၊ ဆေးရုံများ၊ ဝန်ထမ်းအိမ်ရာများသာ အချိန်မီပြီးစီးခဲ့ပါက ကျောင်းသားများ၊ လူနာများ၊ ဝန်ထမ်းများအတွက် စိတ်ချမ်းမြေ့နေရမည် ဖြစ်သော်လည်း ယခုအခါ မိုးထဲ၊ ရေထဲမှာ ဆောင်ရွက်နေရပြီး ရှေ့တွင်လည်း နမူနာများ ရှိနေသည့်အတွက် ယခုမေးခွန်းအား မေးမြန်းလိုပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်းပြည့်မီအချိန်မီပြီးစီး အသုံးပြုနိုင်ရန် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိပါကြောင်း မေးမြန်းပါသည်။


ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း ၅၄၀၆ ခုရှိပြီး တင်ဒါခေါ်ယူခြင်းလုပ်ငန်းများ နှောင်‌့နှေးကြန့်ကြာမှုမရှိစေရန် အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့် ပညာဦးစီးဌာနအတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များထံသို့ တည်ဆောက်ရေးလုပ်ငန်းများ ပေးပို့ညှိနှိုင်းအပ်နှံဆောင်ရွက်ခဲ့ပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့်၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သောငွေလုံးငွေရင်း တည် ဆောက်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ရန် တင်ဒါများ ခေါ်ယူရာတွင် တစ်ကြိမ်တည်းနှင့် ပြီးမြောက်ခဲ့သည့် လုပ်ငန်းများရှိသကဲ့သို့ တစ်ကြိမ်တည်းနှင့် ပြီးမြောက်ခဲ့ခြင်းမရှိသည့် လုပ်ငန်းများလည်း တချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ရှိပါကြောင်း၊ ထို့ကြောင့် တချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် လေးကြိမ်၊ ငါးကြိမ် တင်ဒါလုပ်ငန်းခေါ်ယူခဲ့ရပြီး နှောင်‌့နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအတွက်လည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော တည်ဆောက်ရေးလုပ်ငန်း များအား အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် ကြီးကြပ်ကွပ်ကဲခြင်း၊ ငွေပေးချေခြင်းလုပ်ငန်းများကိုလည်း လုပ်ငန်းပြီးစီးမှု သတ်မှတ်ရာခိုင်နှုန်းအလိုက် လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းစီဖြင့် လေးကြိမ်ခွဲ၍ပေးချေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်ကိုယ်စားဝန်ကြီးတစ်ဦး၏ ခွင့်ပြုအကြောင်းကြားစာဖြင့်သာ  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊

အဆင့်မြှင့်ပညာဦးစီးဌာနအနေဖြင့်လည်း တည်ဆောက်ရေးတင်ဒါလုပ်ငန်းများအတွက် နှောင့်နှေး ကြန့်ကြာမှုမရှိစေရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များထံ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်းမှာလည်း အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာနယ်မြေတာဝန်ခံ အင်ဂျင်နီယာများနှင့် ပူးပေါင်းပြီး အဆင့်မြှင့်ပညာဦးစီးဌာနမှလည်း တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရေး အဖွဲ့ ၁၇ ဖွဲ့ဖွဲ့စည်းကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးအပ်၍ ပူးပေါင်းကြီးကြပ်စစ်ဆေးပြီး အချိန်မီပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အမှန်မြေပြင်ပြီးစီးမှုရာခိုင်နှုန်းများကို ပညာရေးဝန်ကြီးဌာန အနေဖြင့် လစဉ်လုပ်ငန်းတိုင်းအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မှတ်တမ်းဓာတ်ပုံများ စုစည်းရယူပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တွေကိုလည်း အချိန်မီအရည်အသွေး ပြည့်မီစွာနှင့် ပြီးစီးနိုင်ရေးအတွက်ကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

လစဉ် ပြီးခဲ့သည့်လနှင့် နောက်ဆုံးလတို့ကို နှိုင်းယှဉ်ပြီး ၀ ရာခိုင်နှုန်းကျန်နေသည့် လုပ်ငန်းများကို ဇူလိုင်လ ၁၅ ရက်နေ့က ၁၄၀ ကျန်ရှိပြီး ဩဂုတ်လ ၁ ရက်နေ့တွင် ၁၂၉ ခု  ကျန်ရှိပါကြောင်း၊ ယင်းသို့ ကျန်ရှိသည့် လုပ်ငန်း ၁၂၉ ခုတွင် တချို့လုပ်ငန်းများက အကူအညီအထောက်အပံ့နှင့် ဆောင်ရွက် နေသည့် လုပ်ငန်းဖြစ်နေသည့်အတွက်  ၀ ရာခိုင်နှုန်းကျန်ရှိနေခြင်း ဖြစ်ပါကြောင်း၊

၂၀ ရာခိုင်နှုန်းကျန်ရှိသော်လုပ်ငန်းများအနေဖြင့် ဩဂုတ်လ ၁ ရက်နေ့တွင် လုပ်ငန်းပေါင်း ၆၀၃ ခု၊ ၁ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လုပ်ငန်းပေါင်း ၁၈၃၇ ခု၊    ၄၁ ရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းအတွင်း လုပ်ငန်းပြီးစီးမှုရှိသည့် ကျောင်းအဆောက်အဦပေါင်း ၈၇၃ ခု၊ ၆၁ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းအထိ အဆောက်အဦလုပ်ငန်းပေါင်း ၁၀၁၁ ခု၊ ၈၁ ရာခိုင်နှုန်းက ၉၉ ရာခိုင်နှုန်းအတွင်း ပြီးစီးမှုရှိသည့် လုပ်ငန်း ၄၅၀ ခုနှင့် ၁၀၀ ရာခိုင်နှုန်းအနေဖြင့် ၄၇၇ ခုရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများသည် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုအပ်နှံပြီး ဆောင်ရွက်သည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနက ဦးစီး ဆောင်ရွက်သည့် လုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်က ဦးစီးဆောင်ရွက်သည့် လုပ်ငန်း အများစုသည် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေကိုသာ အပ်နှံသည့် လုပ်ငန်းများ ဖြစ်ပါကြောင်း၊

ဟုမ္မလင်း-ကောလင်းနှင့် ဟားခါးပညာရေးကောလိပ်များသည် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံဆောင်ရွက်ပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနအတွက် ၀ ရာခိုင်နှုန်း မည်မျှ၊ ၂၀ ရာခိုင်နှုန်း မည်မျှ၊ ၅၀ ရာခိုင်နှုန်း  မည်မျှ၊ ၆၀ ရာခိုင်နှုန်း မည်မျှ၊ ၈၀ ရာခိုင်နှုန်း မည်မျှ၊ ၉၉ ရာခိုင်နှုန်းထိက မည်မျှ၊ ၁၀၀ ရာခိုင်နှုန်း ပြီးစီးသည်မှာ မည်မျှပြီးစီးသည်ဆိုသည်ကို စိစစ်ပါကြောင်း၊ ပညာရေးကောလိပ် လုပ်ငန်း ၄၄ ခုနှင့် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များအတွက် လုပ်ငန်းပေါင်း ၁၄၀ ကိုလည်း ယခုကဲ့သို့ စိစစ်ပြီး စီစဉ်ဆောင်ရွက်ပါကြောင်း၊ လုပ်ငန်းအများစုသည် အခြေခံပညာဦးစီးဌာနက အခြေခံပညာကျောင်းများဖြစ်ပြီး လုပ်ငန်းလုံးဝမစတင်နိုင်သေးသည့် ၀ ရာခိုင်နှုန်းသည် ဩဂုတ်လ ၁ ရက်နေ့ထိ ၂၇ ကျောင်း၊ ၂၀ ရာခိုင်နှုန်း ၅၈၈ ကျောင်း၊ ၄၀ ရာခိုင်နှုန်း ၁၇၁၄ကျောင်း၊ ၆၀ ရာခိုင်နှုန်း ၇၇၇ ခု ၊ ၈၀ ရာခိုင်နှုန်း ၉၀၉ ခု၊ ၉၉ ရာခိုင်နှုန်း ၃၃၁ ခုဖြစ်ပါကြောင်း၊  အခြေခံပညာကျောင်းများဖြစ်သည့် တစ်ထပ်ကျောင်းဆောင်များဖြစ်ကြသော ပေ ၆၀ x ပေ ၃၀၊ ပေ ၉၀ x ပေ ၃၀ ၊ ပေ ၁၂၀ x ပေ ၃၀ များကို အချိန်မီပြီးစီးနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များနှင့်  ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကလည်း ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုခဲ့သော တည်ဆောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာဒေသများတွင် တင်ဒါခေါ်ယူလုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊ တင်ဒါကော်မတီ ဖွဲ့စည်းခြင်း၊ သတင်းစာများတွင် တင်ဒါကြော်ငြာခြင်း တို့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဆောင်ရွက်ခဲ့ပြီး  လုပ်ငန်းတင်ဒါများစိစစ်ခြင်း၊ ဒေသအစိုးရအဖွဲ့၏ အတည်ပြု ချက်ရယူခြင်း၊ လုပ်ငန်းစာချုပ် ချုပ်ဆိုခြင်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း ဆောင်ရွက်ခဲ့၍ လုပ်ငန်းအများစုမှာ ၂၀၁၉ ခုနှစ် မေလဆန်းမှစတင်ဆောင်ရွက်ခဲ့ပါကြောင်း၊

အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့သော တက္ကသိုလ်၊ သင်တန်း ကျောင်းများ၏ တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ်စဉ်(၁/၂၀၁၇)နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ သက်ဆိုင်ရာ တက္ကသိုလ်၊ သင်တန်းကျောင်းအသီးသီး၏ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများမှ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်သော တင်ဒါကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့မှ ပြီးစီးမှုအခြေအနေများအား အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန်အတွက် တစ်လ တစ်ကြိမ်ဆောင်ရွက်ပြီးစီးမှုအစီရင်ခံစာများ၊ ဓာတ်ပုံမှတ်တမ်းများ ပူးတွဲပေးပို့စေသည့်အပြင် သက်ဆိုင်ရာအရာရှိများမှ အခါအားလျော်စွာမြေပြင်ကွင်းဆင်းစစ်ဆေးပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးတွန်းအားပေးကြပ်မတ်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာပြီးစီးအသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်အလိုက် ဆောက်လုပ်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ အရည်အသွေး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့-QC(Third Party)အဖွဲ့များဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် စံချိန်စံညွှန်းပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် လုပ်ငန်းများကိုလည်း ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဇော်မင်းသိန်း(လေးမျက်နှာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဧရာဝတီတွင် ကျောင်းပေါင်း ၆၇၂ ကျောင်း အနက် ၇၅ ရာခိုင်နှုန်း ခန့်သည့် တစ်ဝက်ပြီးစီးမှု မရှိသေးသည့်အတွက် ကျန်တစ်လကျော်ကျော်ခန့်အချိန်အတွင်း နောက်ထပ်ကျန်မည့် ၅၀ ရာခိုင်နှုန်းကျော်ကို မည်သို့ပြီးစီးအောင်ဆောင်ရွက်မည်။ စံချိန်စံညွှန်းများကို မည်သို့ကြပ်မတ် ဆောင်ရွက်မည်ကိုလည်းကောင်း၊ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာများအတွက် တင်ဒါအောင်ပြီး စာချုပ်ချုပ်ပြီးပြီဖြစ်သော်လည်း ယခုအချိန်အထိ မြေပြင်တွင် 1 Percent ကို မစရသေးပါကြောင်း၊ ယင်းလုပ်ငန်းများကို ရန်ပုံငွေပြန်အပ်ရမည်ဟု သတင်းများလည်း ကြားသိရပါကြောင်း၊ ယင်းကဲ့သို့ လုပ်ငန်းအများကြီးရပြီး မနိုင်မနင်းဖြစ်နေမှ မဆောက်နိုင်၍ နစ်နာရမည့်အခြေအနေအပေါ်များအပေါ် ဝန်ကြီးဌာနဘက်က မည်သို့ ကြပ်မတ်ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး

၅၀ ရာခိုင်နှုန်းအောက်ကျန်သည့်ကျောင်းသည် ၅၃၃ ကျောင်းဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်း အဆောက်အဦအများစုသည် တစ်ထပ်ဖြစ်ပြီး အချိန်မီအရည်အသွေးပြည့်မီစွာနှင့် တည်ဆောက် ပြီးစီးရေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းကုန်းဆေးရုံအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး