Skip to main content

 

(င)-နိုင်ငံတော်သမ္မတရုံး၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် PARDON သို့တည်းမဟုတ် လွတ်ငြိမ်းချမ်းသာခွင့် AMNESTY ဖြစ်သည်ကို ကွဲပြားစွာသိလိုခြင်းနှင့် ၉-၅-၂၀၁၉ ရက်စွဲပါ သတင်းထုတ်ပြန်ချက်မှ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးရေးအတွက် အကျဉ်းသား၊ အကျဉ်းသူများ လွှတ်ပေးရန် စနစ်တကျစိစစ်ခဲ့သည့် မူဝါဒများကို ရှင်းလင်းစွာသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

နိုင်ငံတော်သမ္မတရုံးကအမိန့်သုံးခုဖြင့် ရက်သတ္တပတ်သုံးပတ်အတွင်း သုံးကြိမ်ခွဲပြီး အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၃၀၀၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါကြောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) တွင် ပြစ်ဒဏ်ကျခံနေရသူကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သော အခွင့်အာဏာအပ်နှင်းထားပါကြောင်း၊ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၂) တွင် လွတ်ငြိမ်းသက်သာခွင့်ပေးရန် နိုင်ငံတော်သမ္မတထံလျှောက်ထားလာသည့်အခါ ခွင့်ပြု သင့်/မသင့်၊ သဘောထားထင်မြင်ချက်နှင့်တကွ အမှုတွဲတင်ပြရန် ပြစ်ဒဏ်စီရင်ခဲ့သော တရားရုံး ကို ညွှန်ကြားနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယခု ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ အထောက်အကူပြုရန်လည်းကောင်း ရည်ရွယ်ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်မင်္ဂလာရှိလှသော လုပ်ဆောင်ချက်ကြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင်လည်း ပြစ်ဒဏ်ကျခံနေရသူ နိုင်ငံသား များကို အပြစ်ကခွင့်လွှတ်ပေးနိုင်ရန် နိုင်ငံ့အကြီးအကဲဖြစ်သူကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်‌ (PARDON)၊ လွတ်ငြိမ်းချမ်းသာခွင့် (AMNESTY) များပေးနိုင်သော အခွင့်အာဏာများ အပ်နှင်းထားလေ့ ရှိပါကြောင်း၊

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သည် သနားကရုဏာနှင့် ခွင့်လွှတ်ခြင်း (Pity and Forgiveness) ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းကိုပေးခြင်းဟု ဆိုပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်သည် အကြွင်းမဲ့အပြစ် ဖြေခြင်းနှင့် အမှတ်မထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်အစုအဖွဲ့အလိုက်ကို ပေးခြင်းဖြစ်သည့်အပြင် နိုင်ငံတော်၏အရေးကြီးပြဿနာများကို ဖြေရှင်းပေးသော နိုင်ငံရေးနည်း A Political Means အဖြစ် အဓိကအသုံးပြုလေ့ရှိသည်ဟု ဆိုပါကြောင်း၊ ယခု ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင်‌့တွင်ပါသော ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားခြင်းစာနာထောက်ထားမှု အလေး ထားခြင်းသည် သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းကို ပြသရာရောက်သည့်အတွက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် သဘောဆောင်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်‌မြတ်ရေး အထောက်အကူပြု‌စေရန်ဆိုသည့်အချက်က နိုင်ငံတော်၏ လက်ငင်း ရင်ဆိုင်နေရသော အရေးကြီးအမျိုးသားရေးကိစ္စများကိုကုစားရန် နိုင်ငံရေးနည်းဖြစ်ပြီး လူ ပုဂ္ဂိုလ်အစုအဖွဲ့လိုက်ပါဝင်ပတ်သက်နေသည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်သဘောဆောင် နေပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော်သမ္မတကြီးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်များပေးပိုင်ခွင့်အာဏာအပ်နှင်းထားပါကြောင်း၊ ယခင် သမ္မတကြီးဦးသိန်းစိန်လက်ထက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) ပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) တို့အရ PARDON နှင့် AMNESTY ပေးခဲ့သည့် အစဉ်အလာရှိပါကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (၁) တွင်ပြဋ္ဌာန်းထားသည့်အတိုင်း ရာဇဝတ်ကျင့်ထုံး ဥပဒေသည် အရင်းခံဥပဒေ (Substantive Law) ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပါ ပြစ်မှုများကို စုံစမ်းစစ်ဆေးစီရင်ရာတွင် လိုက်နာရမည့် (Procedural Law) ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက တည်ဆဲဥပဒေအားလုံး၏ ခေါင်ချုပ်မိခင်ဥပဒေကြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ရာဇသတ်ကြီးနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေများသည်ပင်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆ အရ အသက်ဝင်နေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် လွှမ်းခြုံသက်ဆိုင်နေသော ၎င်းကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသော အခွင့်အာဏာကိုကျင်‌့သုံးပါက ပိုမို ကောင်းမွန်သင့်မြတ်ပြီး မလိမ္မာတစ်ခါမိုက်ဆိုသလို  အကြောင်းအမျိုးမျိုးဖြင့် ရာဇဝတ်သင့်နေရ သော ပြစ်ဒဏ်ကျခံနေရသူ၊ စစ်ဆေးစီရင်ခံနေရသူ၊ နိုင်ငံသားများအပေါ်တွင်အပြစ်မှ ခွင့်လွှတ်ပေးရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အပြင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်လား၊ လွတ်ငြိမ်းချမ်းသာခွင့်လား ဒွိဟဖြစ်စရာအကြောင်းလည်း ရှိတော့မည်မဟုတ်ပါ သည့်အတွက် အထက်တွင်တင်ပြခဲ့သည့်အတိုင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များသည် အမိန့်တွင်ပါရှိသော ရည်ရွယ်ချက်များအရ လွတ်ငြိမ်း ချမ်းသာခွင့်လား၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လားဆိုသည်ကို ကွဲကွဲပြားပြားသိလိုပါကြောင်း၊ မေလ ၁၉ ရက်နေ့ နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်တွင်ပါသော ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ဖြင့်  အကျဉ်းသား၊ အကျဉ်းသူများကို လွှတ်ပေးရန်စိစစ်ခဲ့သည်ဆိုသော မူဝါဒများကို ရှင်းလင်းစွာ သိလိုပါကြောင်း မေးမြန်းပါသည်။


၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသမ္မတရုံးမှ မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ် အနေဖြင့် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းသာယာစေရေးနှင့် လူသားချင်းစာနာထောက်ထား မှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့ အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအထောက်အကူပြုစေရန်အတွက်လည်း ကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူများမှ လွှတ်သင့်လွှတ်ထိုက်သူများကို လွတ်ငြိမ်းသက်သာခွင့်များ ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး သည် ၁၇-၄-၂၀၁၉ ရက်နေ့တွင် အမိန်အမှတ်(၁၃/၂၀၁၉) ဖြင့် နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူ ၉၅၃၅ ဦးနှင့် အမိန့်အမှတ်(၁၄/၂၀၁၉) ဖြင့် နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦးအားလည်းကောင်း၊ ၂၆-၄-၂၀၁၉ ရက်နေ့တွင် အမိန့်အမှတ် (၁၅/၂၀၁၉) ဖြင့်‌ နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၆၉၄၈ ဦးအားလည်းကောင်း၊ ၇-၅-၂၀၁၉ ရက်နေ့တွင် အမိန့်အမှတ် (၁၆/၂၀၁၉) ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၆၅၂၀ ဦးအားလည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်‌အမိန့်များ ထုတ်ပြန်ခဲ့ပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြစ်ဒဏ်ကျခံနေသောအကျဉ်းသားများကို ထိန်းသိမ်း စောင့်ရှောက်လျက်ရှိရာ လွတ်ငြိမ်းသက်သာခွင့်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် အရ မူဝါဒနှင့်အညီစိစစ်ရေးအဖွဲ့ဖွဲ့စည်း၍ အကျဉ်းသား/သူများထဲမှ အသက် ၇၅ နှစ်အထက် ကြီးသော သက်ကြီးအကျဉ်းသားများ၊ အသက် ၁၈ နှစ်အောက် သက်ငယ်အကျဉ်းသားများ၊ နာတာရှည်ကျန်းမာရေးမကောင်းသူများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် ၂၀၁၈ ခုနှစ်တွင် အသစ်ပြင်ဆင်ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်‌့ မူးယစ်ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ်အခြေခံ၍ ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုနှင့် ပြစ်မှု ကျူးလွန်ရသည်‌့ အကြောင်းအရင်းတို့အပေါ် အခြေခံသည်‌့မူဝါဒများချမှတ်၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ အကျဉ်းဦးစီးဌာန၏ပဏာမစိစစ်ရေးအဖွဲ့ဖြင့် စိစစ်ရွေးချယ်ပြီး စိစစ်တွေ့ရှိချက်အား ပြည်ထဲရေးဝန်ကြီးဌာန၊ စိစစ်ရေးအဖွဲ့မှစိစစ်၍ နိုင်ငံတော်သမ္မတရုံးသို့တင်ပြပြီး နိုင်ငံတော်သမ္မတ ရုံးမှထပ်မံစိစစ်၍ လွတ်ငြိမ်းသက်သာခွင့်ပြုသင့်သူများကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပေးပိုင်ခွင့်ရှိခြင်းကြောင့်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) ပါ ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည်‌့အခါ နိုင်ငံတော်သမ္မတသည်မည်သည်‌့အခါမဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ်ဒဏ်စီရင်ခြင်းခံရသူသဘောတူသည်‌့ စည်းကမ်းချက်တစ်ခုခုထား၍ဖြစ်စေ ၎င်းအပေါ်ချမှတ် သည်‌့ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ၎င်းကိုစီရင်သည်‌့ပြစ်ဒဏ် အားလုံး သို့မဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းသက်သာခွင့်ပေးနိုင်သည်ဟု ပြဋ္ဌာန်းချက်အရလည်းကောင်း လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးရှိရန် တည်ဆဲဥပဒေများကို ချိုးဖောက်၍ ပြစ်ဒဏ်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ပြစ်ဒဏ်များချမှတ်အပြစ်ပေးရမည်ဖြစ်ပါကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းတို့သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၏ ပြယုဂ်ဖြစ်သလို နိုင်ငံတော်အတွက် အရေးပါသည့်နေ့ကြီးများနှင့် ကုသိုလ်ကောင်းမှုပြုရမည်‌့ နေ့ကြီးများတွင် အထိမ်းအမှတ်အဖြစ်ဆောင်ရွက်သင်‌့သည်‌့ လုပ်ငန်းတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒဖြင့်ပေးနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (ခ) အရ လွတ်ငြိမ်း ချမ်းသာခွင့်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ထောက်ခံချက်ဖြင့် နိုင်ငံတော် သမ္မတကပေးနိုင်ပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတော်မှ ၂၀၁၉ ခုနှစ် ဧပြီလနှင့် မေလတို့တွင် အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ် ကျခံနေသော အကျဉ်းသား/သူ စုစုပေါင်း ၂၃၀၁၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်သုံးကြိမ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့သည်‌့ အသက် ၈၀ နှင့်အထက် အသက် ၇၅ နှစ်မှ ၈၀ နှစ်အောက်ရှိသည့် အကျဉ်းသား/သူများ၊ နာတာရှည်ကျန်းမာရေးမကောင်းသည်‌့ အကျဉ်းသား/ သူများ၊ နိုင်ငံခြားသား အကျဉ်းသား/သူများ၊ လူငယ်အကျဉ်းသား/သူများ၊ မတရားအသင်း ၁၇(၁)၊ ၁၇(၂)နှင့် အခြားတွဲ၊ မူးယစ်မှုများ၊ တပ်မတော်အက်ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည်‌့ အကျဉ်းသားများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက စိစစ်ရွေးချယ်သူများ၊ ရဲစည်းကမ်း ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည်‌့ အကျဉ်းသားများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စိစစ်ရွေးချယ် သူများနှင့်စပ်လျဉ်းသော မူဝါဒအသေးစိတ်အချက်အလက်များသည်‌ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် လျှို့ဝှက်ချက်အဖြစ်ထားရှိပြီး အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ပုဒ်မခွဲ (က) တွင်ပါရှိသည်‌့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသည်ကို ကျင့်သုံး၍ ရာဇဝတ်ကျင်‌့ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ပုဒ်မ ၁၁၃ ပုဒ်မခွဲ (ဇ) တွင် လွယ်ကူစွာရရှိနိုင်သော မှတ်တမ်းများ သို့မဟုတ် စာအုပ်များတွင်ပါရှိသော အကြောင်းအရာများကိုသိရှိရန် မေးမြန်းခြင်း မပြုရဟု စည်းကမ်းချက်သတ်မှတ်ထားရှိပါကြောင်း၊ ယခုမေးခွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က) တွင်လည်းကောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) တွင် လည်းကောင်း တိကျရှင်းလင်းစွာဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါကြောင်း ဖြေကြား ပါသည်။

ဦးဉာဏ်ထွန်း(ဇီးကုန်းမဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များကို သေသေချာချာလေ့လာခဲ့ပါကြောင်း၊ မိမိတင်ပြခဲ့သည့် အတိုင်း  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များသည် PARDON လား၊ AMNESTY လားဆိုတာ ကွဲပြားရန်ခက်ခဲသည့်အတွက် အများပြည်သူများပါ ရှင်းရှင်းလင်းလင်းနားလည်သွားရန် တာဝန် ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာစွာသက်ဆိုင်သူများကရှင်းပြနိုင်ရန်အတွက် မေးခွန်းမေးမြန်း ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေ (Code of Criminal Procedure) ကို ဘာသာပြန်ထားသော ၁၉၈၉ ခုနှစ် ဘာသာပြန်ဆိုချက်အမှာစာတွင် ဘာသာပြန်ဆိုချက်များ ချို့ယွင်းအားနည်းချက်ရှိကြောင်းရှိမည်ဖြစ်သည့်အတွက် မူရင်းအင်္ဂလိပ်ဘာသာပြဋ္ဌာန်းချက်နှင့် ယှဉ်တွဲကြည့်ရှုပါရန် တရားရုံးချုပ်က ဖော်ပြထားခဲ့ပါကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) တွင် Suspension၊ Remissions၊ Commutations ဟူသော ဝေါဟာရများသာ ပါရှိပါကြောင်း၊ AMNESTY ဟူသည့် ဝေါဟာရများမပါရှိပါကြောင်း၊ AMNESTY Order ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားပါကြောင်း၊ AMNESTY Order ဟုဖော်ပြထားသည်မှာ ဖတ်သည့် သူများက လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်သည့်အတွက် ဘာသာပြန်ချို့ယွင်းမှားယွင်းမှုလား၊ ဌာနဆိုင်ရာ များ ပေါင်းစပ်ညှိနှိုင်း၍ အားနည်းမှုလား၊ ဘာသာပြန်မှားယွင်းမှုဆိုပါက ပြင်ဆင်ချက်ပြုရန် အစီအမံ ရှိပါသလား၊ သို့မဟုတ် Under the Sub-Section(1) Section 401 of the Criminal Procedure Code အရ AMNESTY Order ပေးနိုင်မည်လားဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့်မေးခွန်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် စာဖြင့်ပြန်လည် ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း ဖြေကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ