Skip to main content

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် မိသားစုဝင်များ ကျန်းမာရေး ဆေးကုသမှု ခံယူရာတွင် အဆင်‌ပြေ လွယ်ကူချောမွေ့စွာ ကုသနိုင်စေရန် ရန်ကုန်၊ မန္တလေး အစရှိသည် မြို့ကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိကို မေးမြန်း သွားမည်ဖြစ်ကြောင်း၊

မြန်မာနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့်  စုစုပေါင်း ၇၀၀၀၀ ကျော် တာဝန် ထမ်းဆောင်လျက်ရှိသည်ကို သိရှိရကြောင်း၊ ယခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ရဲတပ်သား၊ ရဲမေများ ထပ်မံခေါ်ယူ ဖြည်‌့တင်းမည်ဟု သိရှိရကြောင်း၊ ယနေ့အချိန်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ဘဝ လုံခြုံအေးချမ်းစေရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်နေရသည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း လိုအပ်ရင် လိုအပ်သလို ၂၄ နာရီအချိန်ပြည့် တာဝန် ထမ်းဆောင်နေကြကြောင်း၊ ဒေသတွင်း သဘာဝဘေး အန္တရာယ်မှအစ တရားဥပဒေစိုးမိုးရေး အထိ အချိန်နှင့် တစ်ပြေးညီ ပြည်သူ့ဘဝ အသက်အိုးအိမ်များကို ကာကွယ်ကူညီ စောင့်ရှောက် ကြရကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ မှီခိုမိသားစုများတွင် ကျန်းမာရေး ဆေး ကုသမှု ခံယူသည့် နေရာတွင် ရဲတပ်ဖွဲ့ဆေးရုံ၊ ဆေးခန်းများ မရှိသည့်အတွက် မိမိကိုယ် ပိုင်ငွေကြေးစရိတ် ကုန်ကျမှုများ ရှိနေသည်ကို သိရှိရကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို မှီခိုနေထိုင်ကြရသည့် တပ်ဖွဲ့ဝင် မိသားစုများ စိတ်ချမ်းမြေ့စွာ နိုင်ငံ့တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအဝင် အခြားလိုအပ်သည့် မြို့ကြီးများတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ၊ ဆေးခန်းများ တည်ဆောက်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိကို သိလိုသည့်အတွက် မေးမြန်းပါသည်။


        

 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲဦးစီးဌာနကြီး၊ ရဲဌာနချုပ်အကူ တပ်ဖွဲ့အား ၃၀-၁-၂၀၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၈) သဘောတူ ခွင့်ပြုချက်အရ ရဲဌာနချုပ် အကူတပ်ဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ဒုတိယရဲမှူးကြီး(ဆရာဝန်)ဦးစီးသည့် ခုတင် ၅၀ ဆံ့ ရဲဆေးရုံအား အရာထမ်း ၁၂ ဦး၊ အမှုထမ်း ၁၂၆ ဦး စုစုပေါင်း ၁၃၈ ဦးဖြင့် ဖွဲ့စည်းခွင့်ပြုထားပြီး ဖြစ်သော်လည်း မြေနေရာ ရရှိမှု မရှိသေးသဖြင့် လက်ရှိ အခြေအနေတွင် ဖွင့်လှစ်နိုင်ခြင်း မရှိသဖြင့် ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ခန့်ထားနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ နာမကျန်း ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိမှုများကို အချိန်မီ ဆေးဝါးကုသ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်ဖွဲ့ဝင်များ၊ ကွပ်ကဲမှုအဖွဲ့များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များ၊ မြို့မ ရဲစခန်းနှင့် နယ်မြေ ရဲစခန်းတ၏ ဖွဲ့စည်းပုံများ၌ တပ်ဖွဲ့ဝင် သူနာပြု၊ ဆေးအဖွဲ့ဝင် အရာရှိ၊ အခြားအဆင့်များ ထည်‌့သွင်း၍ ပြည်ထောင်စု အစိုးရအဖွဲ့မှ ဖွဲ့စည်းပုံခွင့်ပြုပေးခဲ့ပြီး ဆေးတပ်ဖွဲ့ အရာထမ်း ၅ ဦး၊ အမှုထမ်း ၂၆၀၅ ဦး စုစုပေါင်း ၂၆၁၀ ဦးဖြင့် သူနာပြု တပ်ဖွဲ့ဝင်များ ခန့်အပ် တာဝန်ပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း၊ ရဲအရာရှိ အတတ်သင်ကျောင်း၊ ရဲအကျပ် အတတ်သင်ကျောင်းနှင့် ရဲလေ့ကျင့်ရေး ကျောင်း လေးကျောင်း စုစုပေါင်း ရဲလေ့ကျင့်ရေးကျောင်း ခုနစ်ကျောင်းတို့တွင် လေ့ကျင့်ပေးလျက် ရှိသည့် သင်တန်းသားများ ထိခိုက်ဒဏ်ရာ ရရှိမှု၊ နာမကျန်းမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ ကုသပေးနိုင်ရန်အတွက် ကျောင်းဖွဲ့စည်းပုံတွင် ဆေးခန်းကို ထည်‌့သွင်းထားရှိပါတယ်။ ရဲလေ့ကျင့်ရေးကျောင်းတွင် ဆေးခန်းဖွဲ့စည်းပုံအတွက် ဆရာဝန် ၇ ဦး၊ ကျန်းမာရေးမှူး ၉ ဦး၊ သူနာပြု ၂၆  ဦး၊ ဝမ်းဆွဲ ၁၄ ဦး၊ ဆေးစပ် ၁၄ ဦး၊ အထွေထွေ ၂၆ ဦး စုစုပေါင်း ၉၆ ဦးရှိပြီး အဆိုပါ ဝန်ထမ်းများ ခန့်အပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် သူနာပြု တပ်ဖွဲ့ဝင်များ ခန့်အပ်တာဝန် ပေးအပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ၁၆-၁၁-၂၀၁၅ ရက်နေ့မှစ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ အမျိုးသမီး တပ်ဖွဲ့ဝင်များအား သူနာပြုသားဖွား ဒီပလိုမာ ၃ နှစ် သင်တန်းသို့ သင်တန်းသူ ၂၀၀ ဦး၊ ဘက်စုံသားဖွား ဒီပလိုမာ ၂ နှစ် သင်တန်းသို့ သင်တန်းသူ ၄၄ ဦးကို တက်ရောက် စေခဲ့ကြောင်း။ ၎င်းသင်တန်းများမှ သင်တန်းဆင်းလာသည့် အမျိုးသမီးတပ်ဖွဲ့ဝင် ၉၀ ဦးကို သူနာပြု တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်၍ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ လုံခြုံရေး ရဲတပ်ဖွဲ့များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲနှင့် ရဲလေ့ကျင့်ရေး ကျောင်းများကို တာဝန်ချထားပြီး ကျန်းမာရေး စောင့်ရှောက် ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိအခြေအနေတွင် ရဲတပ်ဖွဲ့ဝင်များ၊ ဆေးဝန်ထမ်းများ ကျန်းမာ‌ရေး အခြေအနေအရ အရေးပေါ် ဆေးကုသမှု ခံယူရသည့် အခြေအနေများတွင် ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးခဲ့သည့် အခမဲ့ ကုသခွင့်အပြင် ထပ်မံကျခံရသည်‌့ ကုန်ကျစရိတ်များကို တောင်းခံသုံးစွဲနိုင်ရန်အတွက် သာမန် အသုံးစရိတ်၊ ဆေးကုသစရိတ် ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာ ငွေထုတ် ဌာနများသို့ သုံးလပတ်အလိုက် ခွဲဝေချထားပေးလျက် ရှိကြောင်း၊ ဆေးဝါးကုသခံယူရာတွင် ပြည်သူ့ဆေးရုံများနှင့် နိုင်ငံတော်က အသိအမှတ်ပြု မှတ်ပုံတင်လိုင်စင်ရှိ ဆေးရုံများတွင် ကုသမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးဌာနမှ အမှန်တကယ် ထုတ်မပေးနိုင်သည်‌့ ဆေးဝါးများ ဝယ်ယူမှုအတွက် ပြေစာမူရင်း၊ ကုသမှုဆိုင်ရာ ဆေးမှတ်တမ်းမူရင်းများကို တင်ပြပြီး ဆေးဝါးကုသမှု စရိတ်များကို တောင်းခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင် မိသားစုများ၏ ကျန်းမာရေး ဆေးကုသမှု ခံယူနိုင်ရေးအတွက် လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆေးရုံ(ရဲဆေးရုံ) ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ