Skip to main content

ချီဖွေမြို့နယ်ရှိ ဂန့်ဂွင်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(OSS)အတွင်းတွင် ရှိသည့် အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ်မှ သိမ်းယူထားသည့် မြေ ၉၇၀ ဧကသည် ဒေသခံ တောင်သူများ၏ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာခဲ့သည့် လှေကားထစ် လယ်နှင့် ဥယျာဉ်ခြံမြေများ ဖြစ်ကြောင်း။ ထို ၁၀၀၁ တပ်မှ သိမ်းဆည်းထားသည့် ခြံမြေ ၉၇၀ ဧက အနက်မှ လယ်မြေ ၅၄.၇ ဧကနှင့် နှစ်ရှည်ပင် ၁.၅ ဧက စုစုပေါင်း ၅၆.၂ ဧက တို့မှ တောင်သူ ၂၂ ဦး၏ လယ်မြေ ၃၀.၇ ဧကနှင့် နှစ်ရှည်ပင် ၁.၅ ဧကအတွက် လျော်ကြေးငွေကို ပေးခဲ့ပြီးဖြစ်ကြောင်း။ လျော်ကြေးငွေ ပေးနိုင်ရန် ကျန်ရှိသည့် လယ်ယာမြေများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီမှ သက်ဆိုင်ရာ အဆင့်ဆင့်သို့ စိစစ်တင်ပြထားခဲ့ပြီး ဖြစ်ကြောင်း။ ထိုဒေသသည် ကျောက်ဆောင်၊ ကျောက်သားမြေ အများအပြား ပါဝင်သည့် မြေအမျိုးအစားဖြစ်၍ စိုက်ပျိုးမြေများ ရှားပါးလျက် ရှိပါသဖြင့် အမှတ်(၁၀၀၁)နယ်ခြားစောင့်တပ်မှ သိမ်းယူကာရံထားသည့် ဧရိယာရှိ အသုံးပြုခြင်း မရှိသည့် လယ်ယာမြေများအား မူလဒေသခံ တောင်သူများထံသို့ ပြန်လည် ပေးအပ်စေလို ကြောင်း၊ ထိုသိမ်းဆည်းမြေ ၉၇၀ ဧကအနက်မှ မိမိတို့ အသုံးမပြုသည့် အချို့သိမ်းဆည်း မြေများအား ပြန်လည် စွန့်လွှတ်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးမည်ဟု ထိုတပ်၏ တာဝန်ရှိသူများမှ နှုတ်ကတိပေးခဲ့ဖူးကြောင်း၊ သို့သော် လက်ရှိအခြေအနေတွင် တပ်ခြံကာရံထား သည့် ပြင်ပတောင်သူများ၏  လယ်မြေများကိုပါ ဆက်လက်သိမ်းယူမည်ဟု မရှင်းမလင်း ပြောနေ မှုများလည်း ရှိနေသေးကြောင်း တောင်သူများ ကြားသိရပါသဖြင့် ဒေသခံပြည်သူများ စိတ်မချမ်း မမြေ့များ ဆက်လက်ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ထိုတပ် ၁၀၀၁ မှ ယခုလက်ရှိ ခြံစည်းရိုး ကာရံထားသည့် သိမ်းဆည်းထားသည့် မြေဧရိယာအကျယ်အဝန်းသာ ဖြစ်စေလိုကြောင်း၊ ခြံစည်းရိုးကာရံထားခြင်း မရှိတော့သည့် အပိုင်းကို ဒေသခံပြည်သူများမှ လွတ်လပ်စွာ လုပ်ကိုင်စိုက်ပျိုး သွားလာနိုင်ရန် ရှင်းရှင်း လင်းလင်း သတ်မှတ်ပေးစေလိုသည့် အတွက် အောက်ပါ မေးခွန်းများကို မေးမြန်းလိုကြောင်း - (၁) နယ်ခြားစောင့်တပ်(၁၀၀၁)မှ တပ်မြေအဖြစ် သိမ်းဆည်းကာရံ ထားသည့် နယ်မြေအတွင်းရှိ လှေကားထစ် လယ်မြေ လျော်ကြေးငွေပေးရန် ကျန်ရှိနေသော တောင်သူ ၂၁ ဦး ၏ လယ်မြေ ၂၄ ဧကအား လျော်ကြေး ငွေပေးရန် သို့မဟုတ် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ၊ (၂) တပ်မြေ သိမ်းဆည်းကာရံထားသော ဧရိယာရှိ အသုံးမပြုတော့သည့် ယာမြေများအား ပြန်လည် စွန့်လွှတ်ရန် အစီအစဉ် ရှိ/မရှိ၊ သိမ်းဆည်းခြံကာရံထားပြီး ဧရိယာ၏ ပြင်ပကျန် တောင်သူများ၏ လယ်ယာမြေများကို ဆက်လက် သိမ်းဆည်းရန် အစီအစဉ်မရှိတော့ကြောင်း ဒေသခံတောင်သူများအား အသိပေး ရှင်းလင်းပေး ပါရန် အစီအစဉ် ရှိ/မရှိကို မေးမြန်းပါသည်။


 

မေးခွန်းနှင့် ပတ်သက်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းတင်ပြသွားမည် ဖြစ်ကြောင်း၊

အမှတ်(၁၀၀၁) နယ်ခြားစောင့် တပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ဂန့်ဂွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(OSS-ဂန့်ဂွင်း)၊ ဦးပိုင်အမှတ်(၁)ရှိ မြေလွတ်၊ မြေရိုင်း ၉၇၀ ဧက အား မြေနှင့် အခွန်ဆင့်ဆိုချက် ၃၃၃ အရ တပ်ပိုင်မြေအဖြစ် အသုံးပြုရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၏       ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်စွဲပါ စာအမှတ်၊ ၃၀၀/၁-၅/ဦး ၁ ဖြင့် အခမဲ့ လွှဲပြောင်း လက်ခံရရှိခဲ့ပါကြောင်း၊ တပ်မြေ သိမ်းဆည်းရာတွင် ပါဝင်ခဲ့သည့် လယ်ယာမြေ များအား ဒေသန္တရ ပေါက်ဈေးဖြင့် ပေးလျော်နိုင်ရေးအတွက် အသေးစိတ် တွက်ချက်၍ စိစစ် ဆောင်ရွက်ခဲ့ပြီး လယ်မြေ ၅၄.၇၀ ဧကနှင့် နှစ်ရှည် ၁.၅၀ ဧက ဖြစ်နေသည့်အတွက် ကွဲလွဲမှုအား သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၊ အမှတ်(၁၀၀၁)နယ်ခြားစောင့်တပ်နှင့် ယခင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇခုန်တိန့်ယိန်း၏ သားဖြစ်သူ ဦးဇခုန်ယိန့်ဆောင်တို့နှင့် ညှိနှိုင်း အတည်ပြုဆောင်ရွက်စေခဲ့ရာ ၎င်းတို့မှ တပ်ပိုင်မြေအတွင်း ပါဝင်ခဲ့သည့်တောင်သူ ၂၂ ဦး ၏ လယ်မြေဧရိယာ ၃၀.၇၀ ဧကနှင့် ဥယျာဉ်ခြံမြေ ဧရိယာ ၁.၅၀ ဧက စုစုပေါင်း ၃၂.၂၀ ဧကအတွက် လျော်ကြေးငွေ ၅၉၇၆၀၈၀၀ ကျပ်အား ပေးလျော် ခဲ့ပြီးဖြစ်သော်လည်း ချီဖွေမြို့နယ် မြေစာရင်း ဦးစီးဌာနမှ မှားယွင်းတိုင်းတာ တွက်ချက်ခဲ့မှုကြောင့် တောင်သူ ၂၁ ဦး ၏ လယ်မြေဧရိယာ ၂၄ ဧကအား ထပ်မံပေးချေရန် ကျန်ရှိကြောင်း စိစစ်တွေ့ရှိရပါ တယ်။

သို့ဖြစ်ပါ၍ တောင်သူ ၂၂ ဦးအား လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်သော်လည်း  မြို့နယ် မြေ စာရင်းဦးစီးဌာန၏ မှားယွင်းတွက်ချက်မှုအရ လျော်ကြေးပေးချေရန် ကျန်ရှိခဲ့သော တောင်သူ ၂၁ ဦး၏ လယ်မြေဧရိယာ ၂၄ ဧကသည် တပ်၏ လျာထား အဆောက်အဦများနှင့် လွတ်ကင်းပြီး အသုံးပြုခြင်း မရှိသဖြင့် ပြန်လည် စွန့်လွှတ်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သိမ်းဆည်းခြံကာ ထားပြီး ဧရိယာ၏ ပြင်ပ ကျန်လယ်ယာမြေနှင့် ယာများကို ဆက်လက်သိမ်းဆည်းရန် မရှိတော့ ပါကြောင်း ဒေသခံတောင်သူများအား အသိပေး ရှင်းလင်းသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြ ပါသည်။

ဦးဇုံးတိန့်(ချီဖွေမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ပြန်လည် စွန့်လွှတ်မည့် မြေနှင့်ပတ်သက်ပြီး မည်သည့်အချိန်၊ မည်သည့်ကာလခန့်တွင် တောင်သူ များထံ ပြန်လည် စွန့်လွှတ်ပေးသွားနိုင်မည်ကို မေးမြန်းပါသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

မိမိတို့ စွန့်လွှတ်ပေးမည့် မြေ ၂၄ ဧကနှင့်ပတ်သက်ပြီး ဧက ၉၇၀ ဧကကို စတင် သိမ်းဆည်းစဉ်က မိမိတို့သည် တပ်ပိုင်မြေအဖြစ် သိမ်းဆည်းသည့် အတွက်ကြောင့် ဆင့်ကဲဆင့်ကဲ လွှဲပြောင်းရ ကြောင်း၊ မိမိတို့က နိုင်ငံတော်ကို ပြန်အပ်သည့်အချိန်တွင် ဆင့်ကဲဆင့်ကဲ ပြန်အပ်ပြီးမှ နိုင်ငံတော် ကို ပြန်ပြီး ပြန်လည်လွှဲပြောင်းမည် ဖြစ်သည့်အတွက် မိမိတို့လုပ်ငန်း အစီအစဉ်အရ လုပ်ငန်းများ စတင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ အမြန်ဆုံး မိမိတို့ဘက်မှ ပြီးခဲ့သည့် လဆန်းတွင် မိမိတို့ ပြန်လည်စွန့်လွှတ်လျက်ရှိကြောင်း သက်ဆိုင်ရာ မြေစာရင်းဌာနနှင့် သက်ဆိုင်ရာ မြို့နယ်ကိုလည်း အကြောင်းကြားပြီး ဆက်လက် ဆောင်ရွက်လျက် ရှိသည်ကို ရှင်းလင်းပြလိုကြောင်း၊ ထို့အပြင် တောင်သူများ ကို ထပ်မံပြီး မသိမ်းဆည်းကြောင်းကို မိမိ လွှတ်တော်ကို မလာခင်မချိန်တွင် စုံစမ်း စစ်ဆေးချက်အရ မြောက်ပိုင်းစစ်ဌာနချုပ်နှင့် ဆက်သွယ်စုံစမ်းချက်အရ ၁၉-၈-၂၀၁၉ ရက်နေ့တွင် ဒုတိယတပ်မှူးကိုယ်တိုင် သက်ဆိုင်ရာ တပ်မှ တောင်သူများကို အားလုံး အသိပေးရှင်းလင်း ပြောကြားခဲ့သည်ကို  သိရှိရကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်