Skip to main content

မိမိတို့မြို့နယ် တစ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် န.တ.လ ကတာဝန်ယူဆောင်ရွက်သည်ဟူ၍ အပိုင်းနှစ်ပိုင်း မတူညီကြပါကြောင်း၊ န.တ.လ ကတာဝန်ယူ ဆောင်ရွက်သည့်အပိုင်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် န.တ.လ ကတာဝန်ယူ ဆောင်ရွက်သောလမ်းတံတားများတွင် တစ်နှစ်လျှင်မြို့နယ်တစ်မြို့နယ်ကိုချမှတ်ပေးသော ဘတ် ဂျက်လျာထားချက်က အလွန်နည်းပါးပါကြောင်း၊ အမှန်တကယ်လုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏက အလွန်များပြားပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုသာ နှစ်အလိုက် နည်းနည်းချင်းစီဆောင်ရွက်သွားသည့်အတွက် လမ်းတစ်လမ်းကိုသာပြီးစီးရန် လေး၊ ငါး၊ ခြောက်နှစ် အနည်းဆုံးအချိန်ယူဆောင်ရွက်ရပါကြောင်း၊

ထို့အပြင် မိမိတို့ထပ်ပြီး လူထုနှင့်တွေ့ဆုံရာတွင် တင်ပြတောင်းဆိုသောလုပ်ငန်းအသစ်များလည်း အများအပြားရှိနေသည့်အတွက် လုပ်ငန်းသစ်များထပ်မံဆောင်ရွက်ရန် အလွန်ခက်ခဲသည့်အတွက် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် န.တ.လ ကဆောင်ရွက်သော လမ်းတံတားများသည် ဘတ်ဂျက်နည်းသည့်အပြင် လုပ်ငန်းတည်ဆောက်သည့်အချိန်တွင် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ရန် အားနည်းသည့်အတွက် ၎င်းလုပ်ငန်းများက စံချိန်စံညွှန်းပြည့်မီမှုမရှိဘဲ အချိန်တို အတွင်းတွင် ပျက်စီးနေသည့်အနေအထားမျိုး တွေ့ရပါကြောင်း၊ န.တ.လ ကတာဝန်ယူ ဆောင်ရွက်သည့်လမ်းများ၊ တံတားများက ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ ခွင့်ပြုချထားခြင်း မရှိကြောင်းလည်း သိရသည့်အတွက် အဆိုပါလမ်းကိုဆက်လက်ပြီး ပြုပြင်ထိန်းသိမ်းမှုမရှိတော့ ပါကြောင်း၊ နဂိုကတည်းကတည်ဆောက်ထားသည့်အနေအထားက အားနည်းချက်၊ ချို့ယွင်းချက် များရှိသည့်အပြင် ထပ်မံပြီးပြုပြင်ရန်အတွက် ရန်ပုံငွေမချသည့်အတွက် အဆိုပါလမ်းများက ရေရှည်ထိန်းသိမ်းရန်ခက်ခဲပြီး လမ်းများပြန်လည်ပျက်စီးပါကြောင်း၊ တည်ဆောက်ပြီးသွားသော လမ်းများ၊ တံတားများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်အပြင် လုပ်ငန်းအသစ်များလည်း ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ အများအပြားဖြစ်နေပါကြောင်း၊ တစ်နှစ်တစ်နှစ် ချပေး သောရန်ပုံငွေဖြင့် အဆိုပါလုပ်ငန်းများကို မည်သို့ကာဗာဖြစ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်လာပြီး မိမိတို့မြို့နယ်အတွင်းရှိ မြေသားလမ်းအသစ်များဆောင်ရွက်ရန်အတွက် တောင်းဆိုထားသည်များ အများအပြားရှိပါကြောင်း၊ မြေသားလမ်းများဖောက်လုပ်ပြီး အဆင့်မြှင့်တင်သော ကျောက်ချော လမ်းများလုပ်လာပြီး ကျောက်ချောလမ်းများကတစ်ဆင့် ကတ္တရာလမ်းစသည်ဖြင့် မဆောင် ရွက်နိုင်ဘဲ ရေတိုက်စားပြီး ပျက်စီးသွားသောလမ်းများလည်း အများအပြားဖြစ်နေပါကြောင်း၊

ဌာနဆိုင်ရာကလုပ်မည့် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်းများက ဖြစ်နိုင်မည်ဆိုပါက အောက်ခြေက ပြည်သူများ၏ဆန္ဒနှင့်ကိုက်ညီသော ကိစ္စရပ်များဖြင့်သာ ဆောင်ရွက်ပါကပိုပြီးထိရောက်မည်ဟု ထင်ပါကြောင်း၊ တချို့ကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ဌာနကလုပ် သွားသည့်အခါ အောက်ခြေကပြည်သူများတောင်းဆိုသည်ကတစ်လမ်း၊ ဌာနကလုပ်သွားသည်က တစ်လမ်းဖြစ်သည့်အတွက် လိုအပ်ချက်များက ပိုပြီးပိုပြီးများပြားလာသည့် အနေအထား ဖြစ်ပါကြောင်း၊ ဥပမာပြောရပါက မိမိတို့မန်စန့်နှင့်ဟိုယဆက်သွယ်ထားသော ကျောက်ချော လမ်းသည် န.တ.လ ကဆောင်ရွက်ပြီးဖွင့်ပြီးဖြစ်သော်လည်း သိပ်အသုံးပြုမှုမရှိသည့်အပြင် လမ်းများတော်တော်လေးပျက်စီးသွားသည့်အချိန် ပြုပြင်ထိန်းသိမ်းနိုင်ရန်မရှိသည့်အတွက် အဆိုပါလမ်းများက တချို့နေရာများသည်သွားလာ၍မရသည့်အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်ရှိလမ်းများဖြစ်သော နမ့်လန်း-ဟိုတိ-မန်ကျောင်းပန်ရှင်လမ်း၊ လွယ်ငင်း-မန်ကျောင်းပန်ရှင်လမ်း၊ ဟိုယ-ဟိုတုံး-ပိန်းကွေ့လမ်း၊ နားယ-နားစောက်-ပိန်းကွေ့လမ်း၊ မန်စန့်-ဟိုခို-နမ့်ဆွမ်လမ်း၊ မန်စန့်-နမ့်ကတ်လမ်းစသည့်လမ်းများကို ပြည်သူလူထုက အမြဲတစေ တောင်းဆိုပြီး အဆင့်မြှင့်တင်ပေးရန်၊ ပြုပြင်ထိန်းသိမ်းပေးရန် တောင်းဆိုလာသောကြောင့် မြို့နယ်ထဲရှိ န.တ.လ ကတာဝန်ယူဆောင်ရွက်သော လမ်းများ၊ တံတားများအားလုံးကို နှစ် အလိုက်မည်သို့လျာထားချက်ချမှတ်ပြီး ဆောင်ရွက်မည်နည်း၊ မည်သို့ပြီးစီးအောင်လုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းချက်တွင် လမ်းပိုင်းခြောက်ခုပါဝင်နေပြီး ပထမလမ်းပိုင်းသည် မိုင်းရယ် မြို့နယ်၊ နမ့်လန်း-ဟိုတိ-မန်ကျောင်းပန်ရှင်လမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် ၆ မိုင်ရှည်လျားပြီး လက်ရှိတွင် ၁၂ ပေအကျယ် ကိုယ်ထူကိုယ်ထမြေလမ်း ဖောက်လုပ်ထား ပါကြောင်း၊ ဒုတိယလမ်းပိုင်းဖြစ်သော လွယ်ငင်း-မန်ကျောင်းပန်ရှင်လမ်းပိုင်းသည် ၈ မိုင် ရှည်လျားပြီး‌ ၎င်းလမ်းပိုင်းကိုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ နှစ်စဉ်အပိုင်းလိုက်ကျောက်ခင်းခြင်း ဆောင်ရွက်ပေးခဲ့ရာ လက်ရှိတွင် ၂၀၁၈-၁၉ ဒုတိယ ၁၂ လကာလအထိ ကျောက်ခင်းခြင်း ၇ မိုင်နှင့် Box Culvert ၁၃ စင်း၊ ရေပြွန် နှစ်စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကျောက်လမ်း ၁ မိုင်ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားရန် ရန်ပုံငွေလျာထားပြီး ဖြစ်ပါကြောင်း၊

အဆိုပါလမ်းပိုင်းနှင့် ဒုတိယလမ်းပိုင်းတို့က လမ်းကြောင်းတစ်ကြောင်းတည်းပေါ်တွင် ဆက်စပ် လျက်ရှိပြီး စုစုပေါင်းအရှည် ၁၄ မိုင်ခန့်ကို ဒေသဦးစားပေးလိုအပ်ချက်နှင့် ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ်အခြေခံ၍ အပိုင်းလိုက်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကျောက်ခင်းလမ်း၊ ကျောက်လမ်း အဆင့် ပြီးပြတ်အောင်ဆောင်ရွက်ပြီးမှသာ ကတ္တရာလမ်းအဆင့်ဆောင်ရွက်ပေးနိုင်ရေးကို စဉ်းစား ဆောင်ရွက်သင့်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ တတိယလမ်းပိုင်းဖြစ်သော မိုင်းရယ် မြို့နယ်၊ ဟိုယ-ဟိုတုံး-ပိန်းကွေ့လမ်းသည် ၁၀ မိုင်ရှည်လျားပါကြောင်း၊ လက်ရှိတွင် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ထားသော ၉ ပေအကျယ် မြေသားလမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် လမ်းအူကြောင်းဝဲ/ယာရှိ မြေယာကိစ္စများကို အရှုပ်အရှင်းကင်းဝေး စေရန် အသေးစိတ်မြေပြင်ကွင်းဆင်းစိစစ်ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ဒေသ၏ တင်ပြချက်အရသိရှိရပါကြောင်း၊

စတုတ္ထလမ်းပိုင်းဖြစ်သော နားယ-နားစောက်-ပိန်းကွေ့လမ်းသည် အရှည် ၁၀ မိုင်ခန့်ရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နားယ-နားစောက်နှင့် ပုံဟကျေးရွာအထိ ၈ မိုင်အား ၁၂ ပေအကျယ်‌ကျောက်လမ်းဆောင်ရွက်ထားပြီး ကျန်ရှိသော ပုံဟ ကျေးရွာမှ ပိန်းကွေ့ကျေးရွာအထိ ကိုယ်ထူကိုယ်ထမြေလမ်း ၂ မိုင်ကို ကျောက်ချောလမ်းအဖြစ် ဦးစွာ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တတိယလမ်းပိုင်းနှင့် စတုတ္ထလမ်းပိုင်းတို့သည် လမ်းကြောင်းတစ်ခုတည်း ဆက်စပ်လျက်ရှိပြီး ၎င်းလမ်းပိုင်းနှစ်ခုသည် စုစုပေါင်းအရှည် မိုင် ၂၀ ခန့်ကို မြေပြင်ကွင်းဆင်းလေ့လာ၍ မြေယာကိစ္စများပြီးပြတ်စေရေးလိုအပ်မည်ဖြစ်ရာ မြေယာ ကိစ္စများပြီးပြတ်၍ လိုအပ်သည့်နေရာများ၌သာ ကျောက်ခင်းခြင်းလုပ်ငန်းကို မိမိတို့ဦးစားပေး ဆောင်ရွက်ပြီးမှသာ ကတ္တရာလမ်းအဆင့်စဉ်းစားသင့်သည်‌့အခြေအနေဖြစ်ပါကြောင်း၊

ပဉ္စမလမ်းပိုင်းဖြစ်သော မိုင်းရယ်မြို့နယ်၊ မန်စန့်-ဟိုခို-နမ့်ဆွမ်လမ်းသည် မန်စန့်ကျေးရွာအုပ်စု မိုင်းရယ်-သီပေါလမ်းမကြီး မန်စန့်ကျေးရွာမှ နမ့်ဆွမ်ကျေးရွာအထိ ၅ မိုင် ၁၄ ပေအကျယ်ခန့် ကိုယ်ထူကိုယ်ထမြေလမ်းဖောက်လုပ်ထားပါကြောင်း သိရှိရပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့/ထောက်ရန်ပုံငွေဖြင့် မန်စန့်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာအတွင်း ကျောက်ချော လမ်း ၂၀၀၀ ပေ ဆောင်ရွက်ထားကြောင်း သိရှိရပါကြောင်း၊ ၎င်းလမ်းပိုင်းအား ကျောက်ချောလမ်း ဆောင်ရွက်နိုင်ရန်အတွက် လမ်းအူကြောင်းတွင် မြေယာကိစ္စများအရှုပ်အရှင်းကင်းစေရန် အသေး စိတ်မြေပြင်ကွင်းဆင်း စိစစ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆဋ္ဌမလမ်းပိုင်း ဖြစ်သော မိုင်းရယ်မြို့နယ်၊ မန်စန့်-နမ့်ကတ်လမ်းပိုင်းသည် မန်စန့်ကျေးရွာအုပ်စု၊ နောင်ကန်းရွာမှ ကောင်းကျဲရွာအထိ ၁ မိုင်လမ်းကြောင်းအတွက်တောင်းခံခြင်းဖြစ်ပြီး ၁၂ ပေအကျယ် ကိုယ်ထူ ကိုယ်ထမြေလမ်းဖောက်လုပ်ထားပါကြောင်း၊ ၎င်းလမ်းပေါ်တွင် ၄၅ ပေ သစ်သားတံတား တစ်စင်းနှင့် ၂၅ ပေ သစ်သားတံတားတစ်စင်း ကိုယ်ထူကိုယ်ထဆောင်ရွက်ထားပါကြောင်း သိရှိရပါကြောင်း၊ အသေးစိတ်ကွင်းဆင်းလေ့လာညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အဓိကက မြေယာကိစ္စများ ဖြစ်ပါကြောင်း၊

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားသော လမ်းပိုင်းခြောက်ခုကိုအဆင့်မြှင့်တင် ပေးရေးနှင့်စပ်လျဉ်း၍ လမ်းပိုင်းခြောက်ခုနှင့် လမ်းပိုင်းလေးခုအား ကိုယ်ထူကိုယ်ထဆောင်ရွက် ထားသည့် မြေသားလမ်းကျဉ်းများဖြစ်ပါသဖြင့် သတ်မှတ်လမ်းအကျယ်ရရှိရေးအတွက် မြို့နယ်/ခရိုင် ဒေသကော်မတီတို့ဖြင့် မြေယာပြီးပြတ်အောင် ကွင်းဆင်းလေ့လာစိစစ်ညှိနှိုင်း ဆောင်ရွက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဒေသ၏တင်ပြချက်အပေါ်လေ့လာစိစစ်ပြီး လိုအပ်သလိုရန်ပုံငွေဆက်လက် တင်ပြလာမည်ဆိုပါက ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်မှစတင်ပြီး လုပ်ငန်းဦးစားပေးအစီအစဉ်ဖြင့် အပိုင်းလိုက်လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေဖြင့် ၎င်းမြို့နယ်အတွင်းရှိ လမ်းတံတားလုပ်ငန်းများနှစ်အလိုက်လျာထားဆောင်ရွက် သည်ကို မေးမြန်းထားပါကြောင်း၊ ဆောင်ရွက်ပြီးစီးသွားသည့် လမ်းအပိုင်း၊ မြေသားလမ်းများ၊ ကျောက်ချောလမ်းများရှိပါကြောင်း၊ ၎င်းလမ်းများပျက်စီးနေသည့်အခါ ပြုပြင်ထိန်းသိမ်းရေး ဆက်လက်မလုပ်ပါက အတော်များများပျက်စီးသွားပြီး ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပါကြောင်း၊ အဆိုပါ ကိစ္စများကို မိမိတို့က ဆောက်လုပ်ရေးဝန်ကြီးဌာနကိုမေးမြန်းသည့်အခါ ၎င်းလမ်းက န.တ.လ ၏ လမ်းဟု ပြောပါကြောင်း၊ ကျေးလက်လမ်းဦးစီးဌာနကိုပြောပြန်တော့လည်း အဆိုပါလမ်းက ၎င်းတို့လုပ်ပိုင်ခွင့်ရှိသောလမ်းမဟုတ်ဘဲ န.တ.လ လမ်း ဖြစ်ကြောင်း ပြောပါကြောင်း၊ မြို့နယ်တစ်ခုတည်းတွင် တာဝန်ယူရသောဌာနများများပြားပြီး ထိုကဲ့သို့ဖြစ်နေသည့်အခါ တကယ် ပြုပြင်ထိန်းသိမ်းရန်လိုအပ်လာသည့်အခါ န.တ.လ ကိုမေးပြန်တော့လည်း ပြုပြင်ထိန်းသိမ်းရန် ရန်ပုံငွေချထားခြင်းမရှိသည့်အတွက် ၎င်းတို့ပြင်လို့မရပါဟုပြောပါကြောင်း၊ ရေရှည်တွင်အလွန် မသင့်တော်သောကိစ္စဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆက်လက်စီစဉ်ဆောင်ရွက် သွားမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

ထောက်ပြဆွေးနွေးမှုကို မိမိတို့လက်ခံပါကြောင်း၊ မိမိတို့နှင့် ပ.ဆ.င က ကျေးလက်ဦးစီးဌာန အနေဖြင့် လမ်းများအပိုင်းလိုက်ခွဲထားခြင်းများ ရှိပါကြောင်း၊ တစ်မြို့နယ်ထဲတွင် ကျေးလက် ဦးစီးဌာနအပိုင်း၊ နယ်စပ်ရေးရာဦးစီးဌာနအပိုင်းရှိပါကြောင်း၊ ယခင်က မိမိတို့တွင် ပြင်ထိန်း စရိတ် မရှိပါကြောင်း၊ ပြင်ထိန်းစရိတ်လည်း တင်ပြ၍မရပါကြောင်း၊ ယခုနှစ်တွင် မိမိတို့က ပြင်ထိန်း စရိတ်များကို တင်တောင်းသည့်အတွက် ရရှိပါကြောင်း၊ ယခုနှစ်ကစပြီး လွှတ်တော်ကိုယ်စားလှယ် လုပ်ဆောင်လိုသော ပြင်ထိန်းနေရာများကို မိမိတို့ကိုတင်ပြပေးမည်ဆိုပါက ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်