Skip to main content

(ဂ)-ပေါင်မြို့နယ်အတွင်းရှိ ရေစီးရေလာကောင်းမွန်သော ချောင်း၊ မြောင်းများကို မြေဖို့ကျူးကျော်ပြီး အကွက်ချရောင်းချခြင်းကြောင့် သဘာဝအရင်းအမြစ်များ ပျောက်ဆုံးသွားနိုင်သည့်ဘေးမှ မည်သို့ ကာကွယ်ထိန်းသိမ်းပေးရန်နှင့် ကျူးကျော်သူများကို ဥပဒေနှင့်အညီ မည်သို့ထိရောက်စွာ အရေးယူ မည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

မြန်မာနိုင်ငံအနှံ့အပြားရှိ ကျူးကျော်ဝင်ရောက်နေထိုင်ရာတွင် လယ်ယာမြေများပေါ်၊ မြေလွတ်၊ မြေရိုင်းများပေါ်၊ စားကျက်မြေနှင့် ဌာနဆိုင်ရာမြေများအပြင် မြစ်၊ ချောင်း၊ အင်းအိုင်များကိုပါ ကျူးကျော်နေသည်ကို တွေ့ရှိရပါကြောင်း၊ မြေပြင်ပေါ်တွင်ကျူးကျော်သည်ထက် သဘာဝ အလျောက် ရေစီးရေလာကောင်းမွန်သောအရင်းအမြစ်ဖြစ်သော ချောင်း၊ ‌မြောင်းများအပေါ် ကျူး ကျော်ခြင်းသည် မိုးရာသီတွင် ရေကြီးရေလျှံခြင်း၊ နွေရာသီများတွင် ရေခန်းခြောက်ပြီး ရေရှားပါးခြင်းနှင့်လည်း ကြုံတွေ့နိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး ဂေဟ စနစ်ကိုလည်း ပျက်စီးစေနိုင်ပါကြောင်း၊ လယ်ယာမြေစိုက်ပျိုးသောဒေသဖြစ်သည့်နေရာများတွင် လယ်ယာမြေများကို ရေလွှမ်းမိုးခြင်းခံရပါကြောင်း၊ လယ်သမားများ၏ဒုက္ခများက ကြုံတွေ့နေရ ပါကြောင်း၊

မိမိတို့၏ မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် ပင်လယ်ရေအတက်အကျ စီးဆင်းနေသော ချောင်းများ ဖြစ်သည့် ထန်းပင်ချောင်ကြီးကျေးရွာနှင့် ရွာလေးပိုင်းထိခရွတ်ချောင်း၊ သပြုဂျောင် ကျေးရွာမှ စတင်စီးဆင်းပြီး ဆားချောင်းသည် ပေါင်မြို့တစ်ခုလုံးကို ပတ်ပတ်လည်စီးဆင်းနေပြီး ပင်လယ် ဘက်ကိုထွက်ပေါက်အဖြစ် ဆက်စပ်စီးဆင်းနေပါကြောင်း၊ ချောင်းကမ်းစပ်တွင် နုန်းတင်သော မြေသားများကို ထပ်မံမြေဖို့၍မြေကွက်ရိုက်ပြီး ခြံခတ်ကျူးကျော်နေထိုင်သည့်အတွက် ချောင်းသည် တဖြည်းဖြည်းကျဉ်းမြောင်းလာပါကြောင်း၊ ချောင်းများပေါ်တွင် အိမ်များက တဖြည်းဖြည်းခြံခတ်ပြီး အခိုင်အမာတည်ဆောက်ထားပါကြောင်း၊ ရန်ကုန်၊ မော်လမြိုင်လမ်းဘေးနားရှိ ချောင်းတွင် မြေကွက်များ ဖော်ထားပါကြောင်း၊

၎င်းမြေကွက်၏အခြေအနေကို ကြည်‌့ခြင်းအားဖြင့် အဆိုပါမြေကွက်၏ပိုင်ရှင်သည် မိမိတို့မြို့နယ် တွင် လမ်းဦးစီး၏မြေပိုင်ထားပါကြောင်း၊ ၎င်းမြေကိုမြေစာရင်းဌာနက ပိုင်ဆိုင်ခွင့်၊ ခွင့်ပြုချက် ပေးထားပါကြောင်း၊ တံတားသည် ယခုတဖြည်းဖြည်းနှင့် ရေလမ်းကြောင်းလွဲလာသည့်အတွက် အောက်ခြေတွင် ပြိုပျက်နေပါကြောင်း၊ ထန်းပင်ချောင်ရှိ ချောင်းကြီးဖြစ်သော၊ ပင်လယ်ဘက် ကိုထွက်ပေါက် ရေထွက်ပေါက်သွားသည့်ချောင်းတွင် မြေဖို့လိုက်သည့်အတွက် အလွန်ကျဉ်းသွား ပြီး ကျူးကျော်သည့်အိမ်များက တဖြည်းဖြည်းခိုင်ခိုင်မာမာဖြစ်လာပါကြောင်း၊ ထိုကဲ့သို့ ချောင်းများ အပေါ် ခြံခတ်သည့်အတွက် နှစ်တိုင်းကြုံတွေ့ရသော ရေလွှမ်းမိုးမှုများသည် အမြဲတမ်းလမ်း ပေါ်တွင်၊ အိမ်ပေါ်တွင်၊ ကျေးရွာများတွင်၊ လယ်ယာမြေများတွင် အများဆုံး နှစ်တိုင်းကြုံတွေ့ ရပါကြောင်း၊

ချောင်းများ၊ မြောင်းများအပေါ်ကို ရဲရဲဝံ့ဝံ့ကျူးကျော်ပြီး အိမ်ဆောက်ရဲသည်မှာ ဌာနဆိုင်ရာများနှင့် ပတ်သက်သူများရှိနေပါကြောင်း၊ မြေစာရင်းဌာနများ၊ လမ်းတံတားများ၊ ဆောက်လုပ်ရေးများ၊ ရေအရင်းအမြစ်ဌာနများနှင့် အုပ်ချုပ်ရေးပိုင်းများတွင်လည်း ဆက်စပ်မှုရှိသည်မှာ ငြင်း၍မရပါ ကြောင်း၊ နိုင်ငံတော်သည် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများတွင် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပေး ထားပါကြောင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါက စပြီးမြေဖို့ကတည်းက တားဆီးပြီးသားဖြစ်ရမည်၊ အရေးယူပြီးသားဖြစ်ရမည် ဖြစ်ပါကြောင်း၊ အိမ်အလုံးလောက်ကို အကောင်အထည်ဖော်သည် အထိ ဖြစ်စရာအကြောင်းမရှိပါကြောင်း၊ သက်ဆိုင်ရာမှ ဝန်ကြီးဌာနများက မိမိ၏ အောက်ခြေ ဝန်ထမ်းများ၏လုပ်ရပ်များကိုလည်း ပြန်လည်ပြီး စိစစ်အရေးယူသင်‌့ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ချောင်းများ၊ မြောင်းများကို ပြန်လည်တူးဖော်ပေးပြီး ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးရန်နှင့် ကျူးကျော်သူများကို ထိရောက်စွာဥပဒေနှင့်အညီ မည်သို့အရေးယူ ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ချောင်းနှင့်မြောင်းများ၏ မူလ ဧရိယာပေါ်သို့ ရေစီးရေလာနှောင့်နှေးစေသည်‌့ တိုးချဲ့ကျူးကျော်ဆောက်လုပ်ထားသော နေအိမ် များ၊ အိမ်ခြံမြေများကိုဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ကဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဒုတိယဥပဒေအရာရှိ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က အဖွဲ့ဝင်များအဖြစ်ပါဝင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သည့် ကျူးကျော်ရှင်းလင်းရေးမြို့နယ် ကြီးကြပ်မှုကော်မတီကို ၂-၁၀-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပေါင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၁၉/၂၀၁၈) ၏ ဆုံးဖြတ်ချက်အရ ပေါင်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ်ဖြေကြား ထားပါကြောင်း၊

အဆိုပါကျူးကျော်ရှင်းလင်းရေး မြို့နယ်ကြီးကြပ်ရေးကော်မတီသည် ချောင်း၊ မြောင်းများ၏ မူလ ဧရိယာပေါ်သို့ တိုးချဲ့ကျူးကျော်ဆောက်လုပ်ထားသည့်နေအိမ်များ၊ အိမ်ခြံမြေများကို ရှင်းလင်း ဖယ်ရှားအရေးယူဆောင်ရွက်နိုင်ရေးအတွက် စီမံချက်ရေးဆွဲပြီး ကျူးကျော်နေမှုများအပေါ် ဦိးစွာ စာရင်းအချက်အလက်များကောက်ယူ၍ မြေအမျိုးအစားအလိုက် သက်ဆိုင်ရာဌာနများက ရှင်းလင်းဖယ်ရှားနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် တစ်နေရာချင်းစီအလိုက် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ အချိန်ကာလကြာမြင့်နေသည်‌့ ကျူးကျော်မှုများကို သက်ဆိုင်ရာဌာနမှ ကြိုတင်အသိပေးပြီး သတ်မှတ်ကာလအတွင်း ဖျက်သိမ်းခြင်းမရှိပါက တရား စွဲဆိုသွားရန်နှင့် ပြည်ထောင်စုကချမှတ်ထားသော မူဝါဒများနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းကိုလည်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ် ဖြေကြားထားပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော ၂၀၀၆ ခုနှစ် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၂ တွင် မည်သူမျှ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်မရှိဘဲ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်း၊ နုန်းဖမ်းခြင်း၊ အင်းပတ်ခြင်း၊ တမံဖို့ခြင်း သို့မဟုတ် တုတ်ရိုက်ခြင်းမပြုရဟု ပြဋ္ဌာန်းတားမြစ်ထားပါကြောင်း၊ အဆိုပါဥပဒေ၏ ပုဒ်မ ၂၆ တွင် ပုဒ်မ ၁၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၃၀၀၀၀၀ မှ အများဆုံးကျပ် ၇၀၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ မူလ ၂၀၀၆ ခုနှစ် ဥပဒေတွင် ငွေဒဏ်ကို ကျပ် ၃၀၀၀၀ သာသတ်မှတ်ထားခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ငွေဒဏ်ကို တိုးမြှင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊

အလားတူ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ(ခ)တွင်  မည်သူမျှ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် အဆောက်အအုံများနှင့် တံတားများ၊ လမ်းများနှင့် ကမ်းထိန်းအဆောက်အအုံများ၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရဟုလည်း ပြဋ္ဌာန်းတားမြစ်ထားပါကြောင်း၊ ၎င်းဥပဒေ၏ ပုဒ်မ ၂၅ တွင် ပုဒ်မ ၂၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၅၀၀၀၀၀ မှ အများဆုံး ကျပ် ၁၀ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်သည်ဟုလည်း ပြဋ္ဌာန်းထားပါ ကြောင်း၊ မူလ ၂၀၀၆ ခုနှစ် ဥပဒေတွင် ငွေဒဏ်ကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားခြင်းကို ၂၀၁၇ ခုနှစ်တွင် ငွေဒဏ်တိုးမြှင့်ပြင်ဆင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်း သိမ်းရေးဥပဒေပုဒ်မ ၃၅ တွင် ဤဥပဒေအရ တရားစွဲဆိုသောပြစ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားပါကြောင်း၊

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ခ)အရ ယခင်ပို့ဆောင်ရေး ဝန်ကြီးဌာနက ၂၈-၃-၂၀၁၃ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်(၁၀၃/၂၀၁၃)ဖြင့် ကမ်းပါးနယ်နှင့် ဆက်စပ်ပြီး ကမ်းထိန်းလုပ်ငန်း၊ ရေလမ်းထိန်းလုပ်ငန်းနှင့် မြစ်ချောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်ရန်လိုအပ်သော ကမ်းနားနယ်အဖြစ် ဒီရေအမြင့်ဆုံးတက်ချိန်၌ မြစ်ရေရောက်ရှိသည်‌့ သို့မဟုတ် မြစ်ရေတက်ချိန်အမြင့်ဆုံး ပုံမှန်ရေမြင့်အမှတ်ရောက်ရှိသည့် ကမ်းပါးနယ်မှ ကုန်းတွင်း ပိုင်းသို့ ပေ ၁၅၀ အထိရှိသော မြေနယ်နိမိတ်ကို ကမ်းနားနယ်အဖြစ် သတ်မှတ်ကြေညာထားပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ သဘာဝ ရေအရင်းအမြစ်များ၊ မြစ်၊ ချောင်း၊ ‌မြောင်းပျောက်ဆုံးသွားနိုင်သည်‌့ဘေးမှ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရေးအတွက် မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်အတွင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဒေသအာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဒေါ်မိကွန်ချမ်း(ပေါင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ကျူးလွန်သူများကို ဌာနဆိုင်ရာကသတိပေးပါကြောင်း၊ စာများပို့ပါကြောင်း၊ တစ်ကြိမ်ပေးသည့် အချိန်တွင် အိမ်က တစ်ထပ်ပြီးသွားပြီ ဖြစ်ပါကြောင်း၊ နောက်တစ်ကြိမ်ထပ်ပေးသည့်အချိန်တွင် နှစ်ထပ်ပြီးသွားပြီ ဖြစ်ပါကြောင်း၊ တချို့အိမ်က ခိုင်ခိုင်မာမာသုံးထပ်ဖြစ်သွားသည့်အချိန်တွင် မည်သို့အရေးယူဆောင်ရွက်ရမည်ကို ဖြေကြားစေလိုပါကြောင်း၊ ဌာနဆိုင်ရာများဖြင့် ၎င်းအိမ်များ ကို ဆက်လက်ဆောက်ခွင့်ပေးမှာလား၊ ၎င်းတိုင်းသွားမှာလား၊ ၎င်းတိုင်းသွားပါက နောက်လူများက သူလည်းဆောက်၍ရပါက ကိုယ်လည်းကျူးမှာပဲ များစွာလက်ညှိုးထိုးစရာများ ဖြစ်လာပါကြောင်း၊ ထိထိရောက်ရောက်မည်သို့ဆောင်ရွက်ပေးမည်နည်း၊ အိမ်လုံးများဖြစ်သွားပြီးသည့်အပေါ် အရေး ယူဆောင်ရွက်မှုက ဒဏ်ငွေဖြင့်ပဲလား၊ ဒဏ်ငွေက လူတိုင်းပေးနိုင်ပါကြောင်း၊ ၁၀၀၀၀၀ ၊ ၅၀၀၀၀၀ မက သိန်း ၁၀၀ လည်းပေးမည် ဖြစ်ပါကြောင်း၊ အိမ်တစ်လုံးဖြစ်သွားပြီဆိုပါက  သိန်း ၁၀၀ ပေးရသည်မှာ ဘာမှမဖြစ်ပါကြောင်း၊ ကျူးကျော်ပြီးအခိုင်အမာဆောက်ထားသော အိမ်များအပေါ် မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ တစ်နိုင်ငံလုံးရှိမြစ်ချောင်းများကို ကျူးကျော် ထားသော၊ အခိုင်အမာတည်ဆောက်ထားသည့်နေရာကို အမြန်ဆန်ဆုံးထိထိရောက်ရောက် အရေးယူပြမှသာ နောက်နောင်လုပ်၍မရဘူးဆိုသည်ကိုပြသရမည် ဖြစ်သည်အတွက် မည်သို့ ဆောင်ရွက်ပေးမည်နည်း၊ အခိုင်အမာတည်ဆောက်ထားသော အဆောက်အဦများကိုလည်း  ဒဏ်ငွေဖြင့်ပြီးမှာလားသိလိုပါကြောင်း မေးမြန်းပါသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

တစ်တိုင်းပြည်လုံးတွင် မြစ်များ၊ ချောင်းများတွင် ၎င်းကိစ္စရပ်မျိုးအများအပြားရှိသည်မှာ အမှန် အကန်ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးမှုဦးစီးဌာန၏ ဥပဒေလည်းရှိပြီးဖြစ် သော်လည်း အရေးယူဆောင်ရွက်ရာတွင် မိမိတို့ဦးစီးဌာနအနေဖြင့်အဆိုပါကိစ္စများကို ဦးစီးဌာန တစ်ခုတည်းအနေဖြင့် အရေးယူဆောင်ရွက်ရန် ခက်ခဲမှုရှိသည့်အတွက် သက်ဆိုင်ရာဒေသ အာဏာပိုင်များဖြင့် သက်ဆိုင်ရာတခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်မြို့နယ်စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ကြီးကြပ်မှု ကော်မတီလည်းဖွဲ့ထားပြီး ဖြစ်ပါကြောင်း၊ ဌာနတော်တော်များများလည်း ပါပါကြောင်း၊ ယခုစာရင်း ပြုစုရန်စီမံချက်တင်ပြီး စာရင်းပြုစုနေပါကြောင်း၊ ၎င်းတို့စာရင်းပြုစုပြီးနောက် မိမိဖြေကြား သွား သည့်အတိုင်း မိမိတို့၏ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ချောင်း၊ မြောင်းနှင့် ကျူးကျော်ရာတွင် ကျန်သည့်ကိစ္စရပ်များကလည်း တခြားဌာနဆိုင်ရာ၏ဥပဒေနှင့်ဆက်စပ် အကျုံး ဝင်သည့်ကိစ္စရပ်များလည်း ရှိမည်ဖြစ်သည့်အတွက် ကော်မတီက စာရင်းသေသေချာချာ ထွက်လာ ပါက နေရာချင်းအလိုက် ၎င်းတို့ကစာရင်းထွက်လာပါက မွန်ပြည်နယ်အစိုးရကိုတင်ပြရာတွင် မိမိတို့ဌာနအနေဖြင့် ဌာန၏ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ပါသည်။

         

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး