Skip to main content

 

စေတုတ္တရာမြို့သည် မုန်းတမံရေပြင်ကြီး၏ အောက်ဘက်နှင့် ကြီးအုံကြီးဝတမံရေပြင်ကြီး၏အထက်တွင် ကပ်လျက် တည်ရှိပြီး မြို့၏တောင်ဘက် နံဘေးတွင် ရခိုင်ရိုးမမှာ မြစ်ဖျားခံစီးဆင်းသည့် တောင်ကျဆီမီးချောင်း တည်ရှိပါ ကြောင်း၊ မိုးတွင်းအချိန်တွင် အထက်ဘက် မုန်းတမံရေပြင်ကြီးသည် အန္တရာယ်ရေအမှတ်ထက် ၁၀ ပေ၊ ၁၅ ပေခန့် ရေပိုလွှဲကကျော်ကျပါကြောင်း၊ အောက်ကကြီးအုံကြီးဝတမံကြီးတွင်လည်း ရေပိုလွှဲအထက် ၁၄ ပေ၊ ၁၅ ပေကျော်၍ တမံရေပြင်ကြီးသည် စေတုတ္တရာမြို့အနားကို တရိပ်ရိပ်တက်လာပါကြောင်း၊ မြို့တောင်ဘက် ကပ်ရပ်ဆီမီးချောင်း သည် နှစ်စဉ် မိုးကာလရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး စေတုတ္တရာမြို့၏ တောင်ဘက်နံဘေးရှိ က.ပ.စ(၂၀) လမ်းဘောင်ကို ရေတိုက်စားပြီး မြို့တောင်ဘက်ပိုင်း ဝနရပ်ကွက်၊ ဇေယျရပ်ကွက်များသည် နှစ်စဉ် ရေဘေးကြုံရ၍ ကုန်းမြင့်ရာကို ပွေးရှောင်ကြရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရေကြီးတိုင်း ဌာနဆိုင်ရာနှင့်ဒေသခံများသည် ဒေသန္တရ သစ်၊ ဝါးများနှင့် ရေဘေးကို ကြိုးစားကာကွယ်ကြရပါကြောင်း၊ ဆီမီးချောင်းသည် စေတုတ္တရာမြို့၏ အရှေ့ တောင်ဘက် ပေ ၄၀၀၀ ခန့်အကွာတွင် ကြီးအုံကြီးဝတမံရေပြင်ဖြစ် မုန်းချောင်းထဲကို စီးဝင်ပါကြောင်း၊ သို့သော် ကြီးအုံကြီးဝတမံရေပြင်ကြီးက ပိတ်ဆီးထားသည့်အတွက် ဆီမီးချောင်းရေ စီးမထွက်နိုင်ဘဲအောင်းတက်ပြီး စေတုတ္တရာမြို့နှင့် လယ်ယာများကို နှစ်မြုပ်အန္တရာယ်ပြုပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် က.ပ.စ(၂၀)မှ နေပြီး ရေကာနံရံ ပေ ၁၇၀၀ ကို မြို့အထက်ဘက်တွင် တည်ဆောက်ခဲ့သည့်အတွက် မြို့၏အထက်ပိုင်းကို အတိုင်း အတာတစ်ခုအထိ ရေဘေးအန္တရာယ်ကင်းဝေးနိုင်ခဲ့သော်လည်း မြို့မှ အောက်ဘက်တံတားအထိ ပေ ၂၆၀၀ ခန့်ကို ရေကာနံရံတည်ဆောက်ပေးရန် အရေးတကြီးလိုအပ်နေခြင်းဖြစ်ပါကြောင်း၊

ဆီမီးချောင်းသည် စေတုတ္တရာမြို့၏တောင်ဘက်ကပ်ရပ်တွင် တည်ရှိပြီး စေတုတ္တရာမြို့၏ အရှေ့တောင်ဘက်တွင် ကြီးအုံကြီးဝတမံရေပြင်ကြီးရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ရေဘေးအန္တရာယ်ကြုံရပြီး တာဘောင်ကို တိုက်စားသည့် အတွက် မြို့ကိုရေဘေးအန္တရာယ် မကြာခဏ ကြုံတွေ့နေကြရသည့် အနေအထားဖြစ်ပါကြောင်း၊ ရေဘေးအန္တရာယ် ကြုံတိုင်း ဒေသခံများ၊ ဌာနဆိုင်ရာများ စုပေါင်းပြီးကာကွယ်နေကြရသည့် အနေအထားဖြစ်ပါကြောင်း၊  က.ပ.စ (၂၀)မှ မကြာသေးခင်က ရေကာနံရံတည်ဆောက်ခဲ့ပါကြောင်း၊ စေတုတ္တရာမြို့မှ အောက်ဘက်ဆီမီးချောင်း တံတား အထိ ရေကာနံရံပြုလုပ်ပေးရန် လိုအပ်နေပါကြောင်း၊ မုန်းတမံရေပြင်ကြီး၏ အောက်မှာတည်ရှိပြီး ကြီးအုံကြီးဝတမံ ရေပြင်ကြီး၏ ဧရိယာမှာပါဝင်ပြီး နံဘေးတွင် တောင်ကျဆီမီးချောင်းတို့နှင့် ပတ်လည်ဝန်းရံနေသည့် မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့သည် နှစ်စဉ် ရေဘေးအန္တရာယ်ကြုံတွေ့နေရပါသဖြင့် ဆီမီးချောင်း ရေတိုက်စား နစ်မြုပ်မှုမှကာကွယ်ရန် ရေကာနံရံတည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။


ဆီမီးချောင်းသည် ချင်းတောင်တန်းတွင် ချောင်းဖျားခံပြီး စေတုတ္တရာမြို့၏ အနောက်ဘက် ရှိ ခိုဝင်ကျေးရွာ တောင်စွယ်မှ ကွေ့ဝိုက်စီးဆင်းလာပြီး မုန်းချောင်းထဲကိုစီးဝင်သည် တောင်ကျ ချောင်းဖြစ်ပြီး မိုးရာသီ ရေများချိန်တွင် ရေစီးသန်ပြီး အနည်ပို့ချမှုများသည့် ချောင်းတစ်ခု ဖြစ်ပါကြောင်း၊ ဆီမီးချောင်းသည် စေတုတ္တရာမြို့၏ တောင်ဘက်ကပ်လျက်ရှိသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံအဝင်လမ်းကို ရေဦးထိုးစီးဆင်းပြီးနောက် ၎င်းလမ်းနှင့်အပြိုင်စီးဆင်းသည့် အတွက် မိုးရာသီရေများချိန်တွင် စက်ရုံအဝင်လမ်းကို ရေကျော်သည့်အတွက် စေတုတ္တရာမြို့ပေါ်ရှိ ရပ်ကွက်များ ရေကြီးရေလျှံမှုကို ကြုံတွေ့ရခြင်းဖြစ်ပါကြောင်း၊ ဆီမီးချောင်းသည် မိုးရာသီတွင် အောက်ဘက်ရှိ မုန်းချောင်းရေ၏ တောင့်ခံအားကြောင့် ချောင်းကြမ်းပြင်မြင့်တက်လာမှုနှင့် ကြီးအုံကြီးဝတမံ၏ ရေဝပ်ဧရိယာတွင် ကျရောက်နေမှုတို့ကြောင့် စေတုတ္တရာမြို့တွင် တစ်နှစ်ထက်တစ်နှစ် ရေကြီးရေလျှံမှုများ ပိုမိုဆိုးရွားလာခဲ့သည်ကို စိစစ် တွေ့ရှိရပါကြောင်း၊  ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် ၂၀၁၈ ခုနှစ်ဇူလိုင်လတို့တွင် ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ခဲ့သည်ကိုလည်း သိရှိရပါကြောင်း၊

လက်ရှိတွင် စက်ရုံအဝင်လမ်းသည် စေတုတ္တရာမြို့ အတွက် ရေတားတမံကဲ့သို့ဖြစ်နေသော်လည်း ရေတိုက်စားမှု ဆက်လက်ဖြစ်ပွားပါက စက်ရုံအဝင်လမ်းပျက်စီးမည့်အပြင် စေတုတ္တရာမြို့ကိုပါ ထိခိုက်မှုရှိလာမည် ဖြစ်ပါကြောင်း၊ စက်ရုံအဝင်လမ်းကို ဆီမီးချောင်းရေတိုက်စားမှုမှ ကာကွယ်ရန်အတွက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ အလျား ပေ ၁၄၆၀ ရှိ ကျောက်စီမြေထိန်းတမံကို တည်ဆောက်ပေးထားခဲ့သော်လည်း လုံလောက်သည့် ကာကွယ်မှု ပေးနိုင်ခြင်းမရှိသည့်အပြင် ပျက်စီးမှုအနည်းငယ်ရှိနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ စေတုတ္တရာမြို့နှင့် ကာကွယ် ရေး ပစ္စည်းထုတ်လုပ်ရေးစက်ရုံ အဝင်လမ်းတို့ကို ဆီမီးချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် စေတုတ္တရာမြို့၏ တောင်ဘက်ရှိ ငဖဲ-စေတုတ္တရာဆီမီးချောင်းတံတား နှင့် ခိုဝင်ကျေးရွာအကြား ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ပေးရန် လိုအပ်သည့် အလျားပေ ၆၄၂၀ ခန့်ရှိသည့်အနက် က.ပ.စ မှ တည်ဆောက်ပေးထားသည့်  မြေထိန်းနံရံ အလျားပေ ၁၄၆၀ ကို ချန်လှပ်ပြီး ကျန်ရှိသည့်အလျား ပေ ၄၉၆၀ ခန့်ကို ကျောက်စီမြေထိန်းတမံ သို့မဟုတ် Steel Basket ကမ်းထိန်းတမံတည်ဆောက်ပေးပြီး အဆိုပါ ကမ်းထိန်းတမံကို Steel Basket ရေလွှဲရေကာ စုစုပေါင်း ၁၂ ခုဖြင့် တွဲဖက်တည်ဆောက်ပေးမည်ဆိုပါက ကမ်းပြိုမှုကိုကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် တည်ဆောက်ပေးမည် ဆိုပါက စုစုပေါင်း ရန်ပုံငွေကျပ် ၁၂၃၁.၃၇ သန်းခန့် လိုအပ်မည်ဖြစ်ကြောင်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ၂၉-၁၀-၂၀၁၈ ရက်နေ့တွင် ကွင်းဆင်း တိုင်းတာ ခန့်မှန်းတွက်ချက်ပေးထားပါကြောင်း၊ ၎င်းအပြင် ကမ်းထိန်းတမံအထက်တွင် မြေထိန်းနံရံအဆင့်ဆင့်ကို တည်ဆောက်ပေးနိုင်မည်ဆိုပါက ရေကြီးရေလျှံမှုများကို ပိုမိုထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါ ကြောင်း၊  သို့သော် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဆီမီးချောင်းရေတိုက်စား နစ်မြုပ်မှုမှ ကာကွယ်ရန် အတွက် တင်ပြသည့် ကမ်းထိန်းတမံတည်ဆောက်ခြင်းနှင့် Steel Basket ရေလွှဲရေကာများ တွဲဖက်တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့်ရန်ပုံငွေကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှာလည်းကောင်း၊ ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာ ထားခြင်း မရှိပါသဖြင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဖြေကြာခဲ့ပါသည်။

(ခ)-ဦးကျော်အောင်လွင်(စေတုတ္တရာမဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။             

ယခုဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မြို့အတွက် နှစ်ကာလရှည်လျားစွာ အန္တရာယ်ပြုနေသည့် ဆီမီးချောင်းရေတိုက်စားမှုကို စေတုတ္တရာ မြို့သူမြို့သားများ၏ ရေဘေးအန္တရာယ်မှ ကာကွယ်ရန်မည်သည့်အချိန်၊ မည်သည့်ကာလတွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုး        

မိမိအနေဖြင့် ၂၀၁၉-၂၀ ခုနှစ်အတွက် ဘတ်ဂျက်လျာထားမှုမရှိဟု ဖြေကြားခဲ့ပါကြောင်း သို့သော် ကိုယ်စား လှယ်တော်ကြီး ကနဦးမေးခွန်းတင်ပြသွားသည့်အထဲတွင် မိမိအနေဖြင့် စိုးရိမ်မိသည်မှာ အပေါ်က မုန်းချောင်းတမံ နှင့် အောက်က ကြီးအုံကြီးဝတမံတို့သည် လက်ရှိတွင် ရေပိုလွှဲကို ရေကျော်နေသည့် အနေအထားရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို အလွတ်သဘောမျိုး စုံစမ်းသည့်အခါ ၎င်းတို့အနေဖြင့် နှစ်စဉ် ဆီမီးချောင်းကို ငဖဲ-စေတုတ္တရာကားလမ်း တံတားမှနေပြီး စေတုတ္တရာမြို့ကြားတွင် သူတို့က Backhoe များနှင့်ဝင်ပြီး နုန်းကျခြင်းများ၊ ကျောက်စရစ်ခဲများကို နှစ်စဉ်ဖယ်ရှားသည်ဟု သိရှိရပါကြောင်း၊ ယခုနှစ်တွင်လည်း ဆောင်ရွက်ပေးမယ်ဟု သိရှိရပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးဆက်စပ်မေးခွန်းသည့်မေးခွန်းအရ ကမ်းပြို ကမ်းစား ကာကွယ်ရေးကိစ္စကို ၂၀၁၃-၁၄ ခုနှစ်ကတည်းကပြည်နယ်နှင့်တိုင်းဒေသကြီး ရန်ပုံငွေမှ ဆောင်ရွက်ရန် ဆိုပြီး မူဝါဒချမှတ်ထား ရှိပါကြောင်း၊ ထို့ကြောင့် နောက်နှစ်များတွင် ဘတ်ဂျက်လျာထားနိုင်မှုရှိ/မရှိဆိုသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ၎င်းတို့၏ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို ဦးစားပေးအစီအစဉ်ဖြင့် ဘတ်ဂျက်လျာထားသည့်အပေါ် မူတည်ပြီး မိမိတို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနမှ နည်းပညာအကူအညီဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ကိုယ်စားလှယ်တော်ကြီးကို အကြံပြုလိုသည်မှာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့နှင့် ညှိနှိုင်းပြီး  ပြည်ထောင်စုကို တင်ပြမည်ဆိုပါက မိမိတို့အနေဖြင့် သက်ဆိုင်ရာနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင် မည်ဖြစ်ကြောင်းဖြင့် ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုး