Skip to main content

မော်ချီးဒေသတွင် အကြီးစားသတ္တုတူးဖော်ခြင်းလုပ်ငန်းကို ကယားပြည်နယ် သတ္တုတူးဖော် ထုတ်လုပ်ရေးကုမ္ပဏီနှင့် အကျိုးတူခွဲဝေခံစားသောစနစ်ဖြင့် တူးဖော်ထုတ်လုပ်လျက်ရှိပါ‌ေကြာင်း၊ လူဦးရေ သုံးသောင်းကျော်ရှိပြီး အဓိသည် ခဲကို နှစ်ပေါင်း ၁၀၀ ကျော် ထုတ်လုပ်ထားပြီး  ဖြစ်သည့် အတွက် သဘာဝဘေးအန္တရာယ် အရဆိုရင် လုံးဝဆက်လက်၍ တူးဖော်မသင့်သောနေရာများ ဖြစ်နေပါကြောင်း၊

မော်ချီးသတ္တုတွင်းဒေသအမှတ်(၃)ခဲကျင်းပေါ်ရှိ ပါမှုန့်တုံးကျောက်တောင်၏ အနီးအနား ပတ်ဝန်း ကျင်တွင် ရှိသော ခဲကျင်းများသည် တရားဝင်ခွင့်ပြုထားသည့် ကျင်းတွေရှိသကဲ့သို့ တရားမဝင် ခွင့်ပြုထားသည့် ကျင်းများ လည်း များစွာရှိပါကြောင်း၊ ခဲများတူးရာတွင် ပေ ၁၂၀၀ အထိ တူးနိုင်ပါကြောင်း၊

၁၉၈၅ ခုနှစ်တွင် မော်ချီး၏ အနောက်ဘက်ကမ်းပါးယံသည် ကြီးမားစွာပြိုကျခဲ့ရာ လူ ၂၂ ဦး သေဆုံးပြီး အိမ် ၂၁ လုံးပျက်စီးခဲ့ပါကြောင်း၊  ၁၉၈၈ ခုနှစ်တွင် မော်ချီး၏ အနောက်ဘက် ကမ်းပါး ယံသည် ဒုတိယအကြိမ် ကြီးမားစွာပြိုကျခြင်းကို ကြုံတွေ့ခဲ့သည့်အပြင် ၂၀၁၅ ခု နှစ် ‌အောက်တိုဘာလတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် တတိယအကြိမ် မြေပြိုမှုဖြစ် ပွားပြီး လူ ၁၇ ဦးသေဆုံးကာ (၇)ဦးပျောက်ဆုံး၍ အိမ်အလုံး ၆၀ ပျက်စီးပြီးမှ လူပေါင်း ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း၊

အများပြည်သူအန္တရာယ်ရှိနိုင်သော နေရာများတွင် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ပြုလုပ်နေသော ကုမ္ပဏီ၏ လုပ်ကွက်များကို လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုမရှိဘဲ မိမိတို့ အကျိုးစီးပွား ကိုသာ ရည်ရွယ်ပြီး ဆက်လက်တူးဖော်ထုတ်လုပ်မှုကြောင့်လည်းကောင်း၊ လူကပြုလုပ်သော ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သော ဒေသအခေါ်အဝေါ်အရ ပါမှုန့်တုံး ကျောက်‌တောင်အောက်နှင့် အနီးအနား ပတ်ဝန်းကျင်ရှိ ကုမ္ပဏီက ခွင့်ပြုထားသော ကျင်းများကို  လည်းကောင်း၊ တရားမဝင်ခိုးတူးသော ကျင်းများကိုလည်းကောင်း၊ အမြန်ဆုံးပိတ်သိမ်းပေးပါရန်နှင့် အကြီးစားသတ္တုတူးဖော်ထုတ်လုပ်ခွင့်ရထားသော ကုမ္ပဏီအနေနှင့် သဘာဝဘေးအန္တရာယ်များ အတွက် မည်ကဲ့သို့ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ကယားပြည်နယ်၊ သတ္တုထုတ်လုပ်ရေးကုမ္ပဏီသည် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီး သတ္တုတွင်း မြေဧရိယာ ၇၀၂၄ ဧကတွင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရှီးလိုက်ရောရာ သတ္တု အကြီးစားထုတ်လုပ်ခွင့်ကို ၂၈-၂-၂၀၀၂ ရက်နေ့မှ ၂၇-၂-၂၀၁၂ ရက်နေ့အထိ မူလသက်တမ်း ၁၀ နှစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး စတုတ္တအကြိမ် သက်တမ်းတိုးငါးနှစ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၆/၂၀၁၉)ကြိမ်မြောက်အစည်းအဝေး သဘောတူညီချက်အရ ၂၈-၂-၂၀၁၉ ရက်နေ့မှ ၂၇-၂-၂၀၂၄ ရက်နေ့အထိ ရရှိခဲ့ပါကြောင်း၊ ထုတ်လုပ်ခွင့်ပါမစ် ဧရိယာအတွင်းမှ လိုခါးလိုမြို့သစ် ဖွဲ့စည်းရန် ၉၀.၄၇ ဧက၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံအတွက် ဝ.၂၄၈ ဧက စုစုပေါင်း ၉၀.၇၁၈ ဧက ပယ်ဖျက်ခဲ့ပြီးဖြစ်ပါ၍ ခွင့်ပြုဧရိယာမှာ ၆၉၃၃.၂၈၂ ဧကအထိ လျှော့ချခဲ့ပါကြောင်း၊ အဆိုပါ လုပ်ကွက်၌ ကုမ္ပဏီသည် စာချုပ်သက်တမ်းစတင်သည့် နေ့မှစပြီး ယနေ့အထိ သတ္တု ၈၄၀၉.၉၉၇ မက်ထရစ်တန်ထုတ်လုပ်ခဲ့ပြီး နိုင်ငံတော်အတွက် ဌာနအချိုး ၂၅၅၉.၃၄၃ မက်ထရစ်တန် ရရှိပြီလည်း ဖြစ်ပါကြောင်း၊ မော်ချီးဒေသတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုဖြစ်ပွားသဖြင့် သတ္တုတွင်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးထွန်းဝင်း ဦးဆောင်သည့် အဖွဲ့က ၉-၁၂-၂၀၁၅ ရက်နေမှ ၁၈-၁၂-၂၀၁၅ ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိမှုအရ မြေပြိုခြင်း ဖြစ်ပွားခြင်းသည် ကုမ္ပဏီ၏သတ္တုတူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်းနှင့် လူနေအိမ်များဆောက်ထားသည့် တောင်စောင်းနေရာများတွင် မြေပြိုကျမှုများ ဖြစ်ပွားကြောင်း တင်ပြထားပြီး မော်ချီးသတ္တုတွင်းဧရိယာတောင်တန်းများတစ်လျှောက် ယာယီတဲများ ဆောက်လုပ် နေထိုင်ခြင်းကို ခွင့်မပြုသင့်ကြောင်း၊ အန္တရာယ်လွတ်ကင်းသည့် နေရာများတွင် လူနေရပ်ကွက်များ စနစ်တကျအကွက်ချပြီး စီမံချက်ဖြင့်ဆောင်ရွက်သင့်ကြောင်းကိုလည်း စိစစ်တင်ပြခဲ့ပြီး ဖြစ်ပါ ကြောင်း၊

ဒေသအခေါ် ပေါင်မုန့်တုံးပုံကျောက်တောင်သည် ထုံးကျောက်အမျိုးအစားဖြစ်ပြီး တောင်ထိပ်မှ ထုံးကျောက် အစအနများ ကျဆင်းလေ့ရှိသဖြင့် ၂၀၁၅ ခုနှစ် မော်ချီးမြေပြိုမှုဖြစ်စဉ်ဖြစ်ပွားမှု၏ နောက်ပိုင်း အဆိုပါ နေရာတွင် လူနေထိုင်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများကို တားမြစ်ထားသည့် ဧရိယာနေရာ ဖြစ်ပါကြောင်း၊ နှစ်စဉ် မိုးရာသီကျရောက်တိုင်းလည်း ထပ်မံသတိပေးတားမြစ်  လျက်ရှိပါကြောင်း၊ မော်ချီး ဒေသမြေပြိုမှုနှင့် ပတ်သက်ပြီးတော့မှ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်စိုး ဦးဆောင်သည့် ပညာရှင် ခုနစ်ဦးအဖွဲ့ကလည်း ၅-၉-၂၀၁၆ ရက်နေ့မှ ၁၈-၉-၂၀၁၆ ရက်နေ့အထိလည်းကောင်း၊ သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်သန်း ဦးဆောင်သည့်အဖွဲ့က လည်း ၂၅-၁၁-၂၀၁၅ ရက်နေ့မှ ၁၅-၁၂-၂၀၁၅ ရက်နေ့အထိလည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း၊ ထိုကွင်း ဆင်းစစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်အရ ပေါင်မုန့်တုံးပုံစံကျောက်တောင် တည်ရှိရာ ထုံးကျောက်အစအနများကျဆင်းနိုင်သည့် နေရာအနီးတစ်ဝိုက်တွင် လူနေထိုင်ခြင်းမပြုရန် သတ်မှတ်ခဲ့ပါကြောင်း၊ ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီအနေဖြင့်လည်း ယင်းနေရာ အနီး တစ်ဝိုက်တွင် သတ္တုထုတ်လုပ်ခြင်းမပြုစေခဲ့ဘဲ တစ်ပါတည်းလူနေထိုင်ခြင်းကိုလည်းမပြုရန် တားမြစ် ခဲ့ပါကြောင်း၊

 ကွင်းဆင်းအဖွဲ့များ၏ စစ်ဆေးဆောင်ရွက်တွေ့ရှိချက်များအရ တောင်ထိပ်ပိုင်းတွင် တွေ့ရသော ပေါင်မုန့် တုံးပုံ ကျောက်ဆောင်ထုသည် အမြင့်ပေ ၆၀ ပေခန့်၊ အလျား ၅၀ ပေခန့်နှင့် အထူ ၃၀ ပေခန့်ရှိကာ ထိပ်တွင်ကပ်ပြီးတင်နေခြင်းမဟုတ်ဘဲ တောင်စောင်းနှင့် တစ်ဆက်တစ်စပ်တည်း ရှိသည့် မော်ချီး ကျောက်လွှာစုထဲတွင် ပါဝင်သည့် ထုံးကျောက်ငုတ်တစ်ခု ဖြစ်ပါကြောင်း၊

မော်ချီးဒေသတွင် သတ္တုတူးဖော်ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေပြီး လူမှု စီးပွားထိခိုက်ကြောင်း တိုင်ကြားစာနှင့်ပတ်သက်၍ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ မန်နေဂျာ ဦးမောင် မောင်အေး ဦးဆောင်သည့်အဖွဲ့တွင် သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ အမှတ်(၁)ဓာတ်သတ္တုတွင်းလုပ်ငန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဦးစီးဌာနတို့က အဖွဲ့ဝင်အဖြစ် လိုက်ပါပြီး ၉-၇-၂၀၁၈ ရက်နေ့မှ ၂၁-၇-၂၀၁၈ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးအစီရင်ခံစာတွင် မော်ချီး သတ္တုတွင်းဧရိယာအတွင်းရှိ မော်တော်ကားလမ်းဘေး ကမ်းပါးယံများနှင့် မြေသားခိုင်မာမှုအားနည်းသည့် ကမ်းပါးယံတောင်စောင်း နေရာများတွင် အမြစ်ရှည်ပြီး လျင်မြန်စွာကြီးထွားလွယ်သော ဗာတီဗာမြက်များကို စိုက်ပျိုးသင့်ကြောင်း အကြံပြု တင်ပြထားပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေဖြင့် ပေါင်မုန့်တုံးပုံစံကျောက်တောင်နေရာ တစ်လျှောက် သတ္တုတူးဖော်ခြင်း၊ လူနေထိုင်ခြင်း မပြုရန် တားမြစ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ပေါင်မုန့်တုံးပုံစံ ကျောက်ဆောင် အောက်တည့်တည့်၌ လူနေထိုင်ခြင်းမရှိဘဲ တစ်ခါတရံ တစ်ပိုင်တစ်နိုင် သတ္တုရှာဖွေရေး လုပ်ငန်း ဆောင်ရွက်သူများ လာရောက်လုပ်ကိုင်လေ့ ရှိသဖြင့် ပူးပေါင်းအဖွဲ့နှင့်လည်း မကြာခဏ စစ်ဆေးကြပ်မတ်လျက်ရှိပါကြောင်း၊ ကယားပြည်နယ် သတ္တုထုတ်လုပ်ရေးကုမ္ပဏီလီမိတက်တွင် လည်း ၃-၈-၂၀၁၈ ရက်နေ့ကစပြီး မော်ချီးသတ္တုတွင်း၌ ဘေး အန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်သုံးစွဲနိုင်ရန်အတွက် ရန်ပုံငွေဖြင့် ကျပ်သိန်း ၅၀၀ မတည်ကာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကုမ္ပဏီကိုယ်စားလှယ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့ ဖွဲ့စည်း ကာ မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရှိခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ လိုခါးလိုကွက်သစ် အမှတ်(၃)လုပ်ကွက်အတွင်း ဒေသအခေါ် ပေါင်မုန့်တုံးပုံစံ ကျောက်ဆောင်အောက်၌ သတ္တုတူးဖော်ထုတ်လုပ်နေသူများမှာ လက်ရှိခွင့်ပြုချက်ရထားသည့် ကုမ္ပဏီက မဟုတ်ဘဲ ဒေသခံအချို့နှင့် ရွှေ့ပြောင်းလုပ်သားများမှ တားမြစ်ခြင်းကို လိုက်နာမှုမရှိကာ တဲငယ်များ ထိုးကာ ဝင်ရောက်နေထိုင်ပြီး တရားဝင် သတ္တုတူးဖော်နေမှုများကြောင့် မြေပြိုကျမှုဘေးအန္တရာယ် ကင်းဝေးစေရန်အလို့ငှာ ဒေသပိုင် အာဏာပိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတို့ပူးပေါင်းကာ ပညာပေးဆွေးနွေးခြင်းများလည်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအပေါ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ထိခိုက်မှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း လက်ရှိဆောင်ရွက် လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်နန်းထွေးသူ(ဖားဆောင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ကုမ္ပဏီက ခွင့်ပြုထားသည့်ကျင်းများ၊ ခိုးတူးသည့် ကျင်းများလည်းရှိပါကြောင်း၊ အဆိုပါ ကျင်းများ သည် အန္တရာယ်တွေ ဖြစ်လာနိုင်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပိတ်သိမ်းပေးရန် အစီအစဉ် ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ

ကယားပြည်နယ် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ဧရိယာကြီးတစ်ခုလုံးသည် ၆၀၀၀ ဧက ကျော်ရှိပါ ကြောင်း၊ အဆိုပါ ဧက ၆၀၀၀ ကျော်တွင် အန္တရာယ် ဖြစ်လာသည့် နေရာများမှ တူးခွင့်၊ လူနေခွင့် များ မပြုကြောင်းကို တားမြစ်ထားပြီးသားဖြစ်သည့်အတွက် ပေါင်မုန့်တုံးပုံကျောက်ဆောင် အောက် ဝန်းကျင်နေရာများကို အမှန်တစ်ကယ် တူးနေသည်ဆိုပါက တူးဖော်ခွင့်မပြုရန် ဆက်စပ်တားမြစ် သွားရမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီကြီးကို သက်တမ်းတိုးဆောင်ရွက်ထားပေးသည်မှာ ၂၀၂၄ ခုနှစ်အထိ ဖြစ်သည့်အတွက် အန္တရာယ်ရှိနိုင်သည့် Portion များကို ပိတ်သိမ်းပြီး လုပ်ပိုင်ခွင့် တားမြစ်ရန် ဆောင်ရွက်ပေးသွားနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ