Skip to main content

 

မိမိတို့မြို့နယ်တွင် ၂၀၁၆ ခုနှစ်အတွင်း လေဘေးဒဏ် ၁၄ ကြိမ်၊ ရေဘေးဒဏ် ၂ ကြိမ်နှင့် ငလျင် ဘေးဒဏ် ၁ ကြိမ်ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လေဘေးဒဏ် ၁၃ ကြိမ်နှင့် ရေဘေးဒဏ် ၆ ကြိမ်၊ ငလျင်ဘေးဒဏ် ၁ ကြိမ်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင်လည်း လေဘေးဒဏ် ၁၄ ကြိမ်၊ ရေဘေးဒဏ် ၃ ကြိမ် ကိုလည်းကောင်း ၂၀၁၉ ခုနှစ် မေလအထိ လေဘေးဒဏ် ၉ ကြိမ်အထိ လည်းကောင်း ခံစားခဲ့ရပါကြောင်း၊ သဘာဝဘေးများနှင့်ပတ်သက်ပြီး မှတ်တမ်းအချို့ကို တင်ပြရမည်ဆိုပါက ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် အင်အားရက်ဂျစ်စတာစကေး ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပြီး ရပ်ကွက် သုံးခု၊ ကျေးရွာ ၁၅ ရွာရှိ စေတီ ၁၈ ဆူ၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ အခြားအဆောက်အဦ ၂ ခု ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ရေဘေးနှင့် ပတ်သက်ပြီး ကနီမြို့နယ်သည် ချင်းတွင်းမြစ်အပြင် ပုထိုးလုံးချောင်း၊ ရေဝါချောင်း၊ သင်ကတုံ ချောင်း၊ မျိုင်းချောင်း၊ ဖိုးမဲချောင်းစသည့် ချောင်းမြောင်းပေါများသည့်ဒေသဖြစ်သည့်အပြင် နှစ်စဉ်ရေကြီး ရေလျှံမှုများ၊ မြစ်ချောင်းကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်ပြောင်းရွှေ့ ခဲ့ရမှုများ၊ စိုက်ပျိုးမြေပျက်စီးခဲ့ရမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ချောင်းရေလမ်းကြောင်း ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများကိုလည်း ထိရောက်စွာ ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊

မိမိတို့မြို့နယ်သည် လေဘေးဒဏ်ကို အများဆုံးနှင့် အဆိုးဆုံးခံခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့်လေပြင်းကြောင့် ရပ်ကွက် ၃ ခု၊ ကျေးရွာ ၁၉ ရွာတွင် လူနေအိမ် အဆောက်အဦပေါင်း ၆၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ဖြစ်ခဲ့သည့်လေပြင်းကြောင့် ရပ်ကွက် ၃ ခု၊ ကျေးရွာ ၇ ရွာတွင်  လူနေအိမ်အဆောက်အဦ ၄၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် လူ ၂ ဦးသေဆုံးခြင်းနှင့် ၆ ဦး ဒဏ်ရာရခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် ကျေးရွာအုပ်စု ၃ အုပ်စုတွင် လေပြင်းဒဏ်ကြောင့် လူနေအိမ်နှင့် အဆောက်အဦ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပြန်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် တိုက်ခတ်သည့်လေပြင်းကြောင့် ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာပေါင်း ၄၄ ရွာတွင် နေအိမ်နှင့်အဆောက်အဦ ၁၆၀၀ ကျော် ပျက်စီးခဲ့ရပါကြောင်း၊

သဘာဝဘေးနှင့်ပတ်သက်၍ မိမိတို့အစိုးရလက်ထက်တွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိသော်လည်းအထက်တွင် တင်ပြခဲ့သကဲ့သို့ မိမိတို့မြို့နယ်အနေဖြင့် သဘာဝဘေးနှင့် ပတ်သက်ပြီး အခြားဒေသများထက် သိသိသာသာပိုမိုဆိုးရွားစွာဖြစ်ပေါ်နေသည့်အတွက် ကနီ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ဆိုးဆိုးရွားရွားကျရောက်လျက်ရှိရာ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ ပိုမိုထိရောက်ကောင်းမွန်လာစေရေး ထိရောက်သော အစီအမံများဖြင့် အမြန်ဆုံးဆောင်ရွက်ပေး နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကနီမြို့နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်းတွင်တည်ရှိပြီး ချင်းတွင်းမြစ်အနေဖြင့် မြို့နယ်အတွင်း မြောက်မှတောင်သို့ ရေမိုင် ၅၇ မိုင်ဖြတ်သန်းစီးဆင်းလျက်ရှိပါကြောင်း၊ ကနီမြို့နယ်သည် ချောင်းမြောင်းများ ပေါများသည့်မြို့နယ်ဖြစ်ပြီး မိုးနည်းရပ်ဝန်းဒေသအတွင်း တည်ရှိကာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်များ ကျရောက်လေ့ရှိပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ဘေးအမျိုးအစားအနေဖြင့် တင်ပြပါအတိုင်း လေဘေး ၂၉ ကြိမ်၊ ကမ်းပြိုဘေး ၂ ကြိမ်၊ မီးဘေး ၃ ကြိမ်၊ ရေဘေး ၁ ကြိမ်၊ ထူးခြားဘေး ၁ ကြိမ်၊ မိုးကြိုးဘေး ၁ ကြိမ် စုစုပေါင်း ၃၇ ကြိမ် ဘေးကြုံတွေ့ခဲ့ရပါကြောင်း၊

ထူးခြားဖြစ်စဉ်အနေဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် အောင်စိုးမိုးကျော် ရေယာဉ် ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှုဖြစ်စဉ်ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဘေးဖြစ်ပွားမှုစုစုပေါင်း ၃၃၇ ကြိမ်အနက် အိမ်ခြေ ၅၀၀၀ ကျော်၊ အိမ်ထောင်စု ၅၀၀၀ ကျော်ထိခိုက်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ငွေကျပ်သန်း ၂၃၀ ကျော် ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိခိုက်မှု အများဆုံးမြို့နယ်များမှာ ယင်းမာပင်၊ ကန့်ဘလူ၊ ဒီပဲယင်းနှင့် မုံရွာမြို့နယ်တို့ဖြစ်ပြီး ကနီမြို့နယ်အနေဖြင့် ဘေးဖြစ်ပွားမှု ၁၄ ကြိမ်အနက် အိမ်ခြေ ၃၀၀ ကျော်ထိခိုက်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် ငွေကျပ် ၁၁.၈ သန်းကျော် ထောက်ပံ့ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဘေးဖြစ်ပွားမှု များပြားသည့် တိုင်း‌ဒေသကြီး တစ်ခုဖြစ်သည့်အတွက်လည်း သဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကာ နှစ်စဉ်ရေဘေးဒဏ်ခံစား နေရသည့် ကလေး၊ မော်လိုက်၊ ခန္တီး၊ ဖောင်းပြင်နှင့် ဟုမ္မလင်းမြို့နယ်များအတွင်းရှိ ကျေးရွာ ကိုးရွာမှာ ဘေးဒဏ်ခံအဆောက်အဦ ၉ လုံး ဆောက် လုပ်ခြင်း၊ ကမ်းပါးပြိုမှုကာကွယ်ရေး၊ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေးများအတွက် ထောက်ပံ့ကြေးအပြင် တိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် Speed Boat နှစ်စီး၊ ဖိုက်ဘာစက်လှေကြီး ၄၁ စီးနှင့် အသက်ကယ်အင်္ကျီ ၁၀၇၀ ထည်ကို ထောက်ပံ့ခဲ့ပါကြောင်း၊

သဘာဝဘေးအသိပညာပေးခြင်းအနေဖြင့် စစ်ကိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့ရာ ဆက်တိုက် လေ့ကျင့် ရေး ၁၂ ကြိမ်၊ သင်တန်း ၁၇ ကြိမ်၊ ဟောပြောပွဲ ၁၃၀ ကြိမ် ဆောင်ရွက်ပြီး စုစုပေါင်း လူဦးရေ ၃၀၀၀၀ ကျော် အတွက် အသိပညာများဖြန့်ဝေခြင်းကို ဆောင်ရွက်နေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကနီမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများကို သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်၊ ဆောင်ရန်/ ရှောင်ရန်အချက်များ သင်တန်းပေးခြင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း တိုင်းဒေသကြီး ဦးစီးဌာနနှင့် ကနီမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကနီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများအား ‌ရေဘေးကျရောက်လျှင် ဆောင်ရွက်ရမည့်ကိစ္စများ၊ ရွှေ့ပြောင်း ခြင်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်းစသည့် ဆက်တိုက်လေ့ကျင့်မှုများကို ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အပြင်  ယခုနှစ်အတွင်း ဇွန်လ ၉ ရက်နှင့် ၇ ရက်နေ့အထိ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးလျော့ပါး‌ရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းဖွင့်လှစ်ကာ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊

လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လေပြင်းဒဏ်ခံနိုင်ရန် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ကိုးမြို့နယ်တွင် နေအိမ် ၁၁၆၇ လုံးကို မွမ်းမံပြင်ဆင်ပေးခဲ့ပါကြောင်း၊ ကနီမြို့နယ်တွင် ညောင်ပင်ဝင်းကျေးရွာနှင့် အုံမကျေးရွာများရှိ အိမ်ခြေ ၆၄ လုံးကို အိမ်အမိုးများ၊ ဝါးများဖြင့် ကြပ်နင်းဖိခြင်း၊ ယိုင်နဲ့ပြိုလဲ နိုင်ခြေရှိသည့် နေအိမ်များကိုမျောများဖြင့်‌ ဒေါက်ထောက်ကြားကန်ပေးခြင်း၊ ဟောင်းနွမ်းဆွေးမြည့် လွန်းသည့် သက်ကယ်မိုးများနှင့် ထန်းလျက်မိုးများကို အသစ်လဲလှယ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာကြိုတင်စီမံခန့်ခွဲမှုများ ထိရောက်စွာဆောင်ရွက် နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ကနီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသိပညာပေး စီမံချက်များ ရေးဆွဲဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနများနှင့် စနစ်တကျ လေ့လာသုံးသပ်စေကာ ရန်ပုံငွေခန့်မှန်းတွက်ချက်ပြီး ဦးစားပေးအစီအစဉ်များ ထည့်သွင်းဆောင်ရွက်ခြင်း၊ လေပြင်း တိုက်ခတ်ခံရခြင်းအတွက် ကနီမြို့နယ်အရှေ့ဘက်ရွာများရှိ လယ်ကွင်းကန်သင်းရိုးများတွင် သစ်ပင်နှင့်အရိပ်ရ လေကာပင်များတစ်အုပ်တမစိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးကိုလည်း လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကနီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယာယီရုံးခန်းဖွင့််‌လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ရုံးမြေ နေရာရရှိပါက ရုံး၊ သိုလှောင်ရုံ၊ ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရေးအတွက်ကိုလည်း ဆက်လက် လျာထားတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့်‌ ကနီ မြို့နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကနီမြို့နယ်သည် ချင်းတွင်းမြစ်ဖြစ်ပြီး သဘာဝဘေးဒဏ်ကို နှစ်စဉ်ခံစားရသည့်အတွက် Cyclone Shelter ဆောက်လုပ်ပေးရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ ကနီမြို့နယ်၊ မဲတင်ကျေးရွာအုပ်စုနှင့် ကျော်ရွာ ကျေးရွာအုပ်စုနှင့် မိုးကောင်းကျေးရွာအုပ်စုတို့တွင် ကျေးရွာပြည်သူလူထုကလည်း အဆောက်အအုံဆောက်လုပ်ပေးမည့် မြေနေရာကို ပေးအပ်သွားမည်ဖြစ်ကြောင်းကို ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက စိစစ်ပြန်ကြားလာသည့်အတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီကို  Cyclone Shelter တစ်လုံး ဆောက်လုပ်ပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနက တင်ပြခဲ့ရာ ဇွန်လ ၁၈ ရက်နေ့က ခွင့်ပြုချက်ရရှိပြီးဖြစ်ခြင်းကြောင့် ကနီမြို့နယ်အတွက် Cyclone Shelter တစ်လုံးကို သဘာဝဘေးရန်ပုံငွေက ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကနီမြို့နယ်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်၊ ကြိုတင်ကာကွယ်၊ အရေးပေါ် တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တင်ပြပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးထွန်းထွန်းနိုင်(ကနီ မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သဘာဝဘေး၊ ရေဘေးနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရရန်ပုံငွေနှင့် ဆောင်ရွက်ပေးခြင်းများ ရှိသော်လည်း မြစ်ချောင်းတွေပေါများသည့်အတွက် မလုံမလောက်ဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်တွင် မြစ်ချောင်းနှင့် ပတ်သက်၍ သဘာဝဘေးနှင့် ပတ်သက်၍ ကာကွယ်တားဆီးရန် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေနှင့် လုံလောက်ခြင်းမရှိသည့်အတွက် ပြည်ထောင်စုရန်ပုံငွေမှ ချထားဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိ၊ မြစ်ချောင်းများနှင့် ပတ်သက်ပြီး သဘာဝဘေး၊ ရေဘေး အန္တရာယ်ကာကွယ်ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်

မိမိတို့နိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်မည်ဆိုပါက မြစ်ချောင်းများပေါများပြီး နှစ်စဉ် ရေဘေးဒဏ်ခံနေရသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဖြစ်ပါကြောင်း၊ လက်ရှိ အနေအထားအားဖြင့်လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်ဖြင့် ရေဘေးများ ခံစား နေရပါကြောင်း၊ တိုင်းဒေသကြီး၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် လုံလောက်ခြင်းမရှိ၍ အမျိုးသား သဘာဝဘေးရန်ပုံငွေနှင့် စီမံဆောင်ရွက်ပေးနိုင်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍  အမျိုးသားသဘာဝ ဘေးကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးစားပေးအစီအစဉ်အနေနှင့် တင်ပြလာမည်ဆိုပါက အမျိုးသားသဘာဝဘေးရန်ပုံငွေမှ ဦးစားပေးကဏ္ဍအလိုက် လျာထား ဆောင်ရွက်ပေးနိုင်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်