Skip to main content

မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရ၊ ဝန်ကြီးဌာနက မည်ကဲ့သို့ အစီအစဉ်များ ရေးဆွဲချမှတ်ဆောင်ရွက် လျက်ရှိသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကျေးလက်ဒေသများကိုသွားရောက်ပြီး လူထုနှင့် တွေ့ဆုံသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်လုပ်ငန်းများမေးမြန်း ဆွေးနွေးသည့်အခါ အများဆုံးနှင့် အလိုအပ်ဆုံး အမြဲတမ်းတင်ပြနေသည့်လမ်းကိစ္စမှာ ကျေးလက် လမ်း၊ တံတားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေး ရန်နေရာတိုင်းတွင် အမြဲတောင်းဆိုပါကြောင်း၊ ၎င်းတို့သွားလာရန်ခက်ခဲသည့်လမ်း၊ တံတားများ၏ကိစ္စရပ်များသည် ၎င်းတို့၏ ပညာရေးကိစ္စ များတွင်  စာသင်ကျောင်းနှင့် ကျေးရွာနှစ်မိုင်၊ သုံးမိုင်၊ တချို့ ကိုးမိုင်ထိ ကွာဝေးပြီး သွားလာရေး ခက်ခဲသည့်အတွက်  ပညာရေးတွင်လည်း နှောင့်နှေးကြန့်ကြာမှုများရှိပါကြောင်း၊  ထို့အပြင် ၎င်းတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းများ ကျေးလက်လမ်း၊ တံတားများကို အဓိက မှီခိုအားထားရပါကြောင်း၊ တံတားများ လမ်းများမကောင်းပါက ဒေသထွက်ကုန်ပစ္စည်း များကို ဈေးကွက်သို့အလျင်အမြန်ပို့ရန် ခက်ခဲသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် မြို့ပြ ဖွံ့ဖြိုးရေးကွာဟချက်ကျဉ်းမြောင်းရန်အတွက် အဓိကဦးစားပေးဆောင်ရွက်ရမည့်ကိစ္စသည် ကျေး လက်လမ်းဖွံ့ဖြိုးရေး ကိစ္စများဖြစ်ပါကြောင်း၊

တချို့တင်ပြမေးမြန်းထားသည့် မိမိတို့မြို့နယ်ထဲက တချို့လမ်းများသည်  ပထမအကြိမ် လွှတ်တော်သက်တမ်းစတင်ကတည်းက မိမိတင်ပြခဲ့သည့်လမ်းများရှိပါကြောင်း၊ ၎င်းလမ်းသည် မြေသားလမ်းများဖြစ်ပြီး ‌မြေ၊ ရေ တိုက်စားမှုကြောင့် ပြန်လည်ပျက်စီးနေပြီး ယခုထိကျောက်ချော လမ်း အဆင့်ထိမတက်နိုင်သေးသည့် လမ်းများ အမြောက်အများရှိပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူသည့် အပိုင်းတစ်ပိုင်း၊ န.တ.လက တာဝန်ယူသည့် လမ်းအပိုင်းများဆိုပြီး ပိုင်းခြားထားပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူသည့် လမ်းများ၊ တံတားများ၊ ရေပြွန်များ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များတွင် သက်ဆိုင်ရာပြည်နယ် နှင့်တိုင်း အစိုးရများရှိပါကြောင်း နောက်ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ၏ ဘတ်ဂျက်ခွဲဝေ လျာထားသည့်နေရာတွင် မိမိတို့လေ့လာကြည့်သည့်အခါ မိမိတို့ မြို့နယ်အတွက်၊ မဖွံ့ဖြိုးမတိုးတက်သေးသည့် မြို့နယ်များအတွက် ဘတ်ဂျက်လျာထားမှု ရရှိချက်က အလွန်အားနည်းလျက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသအတွက် တကယ်လိုအပ်သည့်လုပ်ငန်းများသည် အချိန်ကြာခဲ့ပြီးမှ ရရှိရန်အခက်အခဲဖြစ်နေသည့်အတွက် ယခုလို မေးခွန်းများ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုင်းရယ်-နားခိုလမ်းအပိုင်း၊ နားခို-ဟွေလွတ်လမ်းအပိုင်း၊ မိုင်းရယ်-နားဝါလမ်းအပိုင်းနှင့် နားစပွဲ-နားတီး လမ်းပိုင်း ရှိ ပေါင်းကူး တံတားများအပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်လမ်း၊ တံတား လုပ်ငန်းများကို နှစ်အလိုက် ဘတ်ဂျက်လျာထားချက်များ၊ မည်သည့်အစီမံများနှင့် အမြန်ဆုံး ဆောင်ရွက်မည်ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်းများနှင့် တံတားလုပ်ငန်းများကို စီမံကိန်း ချမှတ်၍ ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုင်းရယ်-နားခိုလမ်းနှင့် နားခို-ဟွေလွတ် လမ်းများသည် (မိုင်းရယ်-နားခို-ဟွေလွတ်-လာဟိ-နားငူ-နားလောင်း)အမည်ဖြင့် အရှည်ခြောက်မိုင်ရှိသော မြေသားလမ်းဖြစ်ပြီး လမ်းအဆင့်သတ်မှတ်ချက် အရ Class(C)၊ ဦးစားပေးအဆင့်(၂)တွင် ပါဝင်သည့်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ကတ္တရာခင်းခြင်းလုပ်ငန်း၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် ရေပြွန်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိုင်းရယ်-နားဝါ လမ်းသည် အရှည် ၁၂ မိုင်မြေသားလမ်းဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ကျောက်ခင်းလမ်း နှစ်မိုင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ကျောက်လမ်း သုံးမိုင်လေးဖာလုံနှင့် Box Culvert သုံးစင်းဆောင်ရွက်ရန် ထည့်သွင်းလျာထားပြီး ရန်ပုံ ငွေခွဲဝေရရှိမှုပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ကျန်သည့် လမ်းပိုင်းများကို  ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် နောက်ပိုင်းကာလများတွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နားစပွဲ-နားတီးလမ်းပိုင်းရှိ နန့်ဟာ့ချောင်းကူးတံတား၏ လက်ရှိအခြေအနေတွင် ယာယီဝါးကြမ်းခင်းတံတားဖြစ်သည့်အတွက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။

ဦးစိုင်းသီဟကျော်(မိုင်းရယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

လမ်းများ၏ နှစ်အလိုက်ဘတ်ဂျက်လျာထားဆောင်ရွက်မည်ကို တွေ့ရပါကြောင်း၊ ဘတ်ဂျက်ခွဲဝေ ရရှိမှုသည်  အလွန်နည်းပြီး ၂၀၁၁-၁၂ ခုနှစ်က တင်ပြထားသည့် မိုင်းရယ်-နားဝါလမ်းသည် ယခုထိ ကျောက်လမ်း မဖြစ်သေးပါကြောင်း၊  အားလုံးပေါင်း ၁၂ မိုင်ရှိပြီး ပြီးခဲ့သည့်နှစ်ကမှ နှစ်မိုင်ပြီးပါကြောင်း၊ ဒါလမ်းတစ်ခုတည်းသာ ရှိပါသေးကြောင်း၊  မိမိတို့တစ်မြို့နယ်လုံးရှိသည့် ကျေးလက်ဒေသအားလုံးသည် လိုအပ်ချက်အများကြီးရှိပါကြောင်း၊ ထို့ကြောင့် ဘတ်ဂျက်ခွဲဝေမှု မျှတအောင် မိမိတို့ဒေသများကိုလည်း ဘတ်ဂျက်များယခုထက်ပိုပြီး တိုးမြှင့်ဆောင်ရွက်ပေး ရန်အတွက် တခြားမြို့နယ်များနှင့် မိမိတို့မြို့နယ်များကို ဘက်ညီမျှတဆောင်ရွက်နိုင်ရန် ဝန်ကြီး ဌာနအနေဖြင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားရှိသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း

၂၀၁၇ ခုနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနကို မိမိတို့ဝန်ကြီးဌာနမှ စတင်တာဝန်ယူ ဆောင်ရွက်သည့်အချိန် ၎င်းလမ်းကို Access လုပ်သည့်အချိန်တွင် လမ်းမိုင်ပေါင်း ၆၀၀၀၀ ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးတစ်ခုလုံးသည် တစ်နိုင်ငံလုံးတွင် လမ်းမိုင်ပေါင်း ၂၆၀၀၀ သာရှိပါပြီး Union Highway များဖြစ်ပါကြောင်း၊  မိမိတို့က ၆၀ ရာခိုင်နှုန်းကျော်သာ ကတ္တရာလမ်းအဆင့် Pitch Road လုပ်နိုင်ပါသေးကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းခန့်သည် Un-pitch Road အနေအထားသာရှိပါကြောင်း၊  ၂၀၃၀ ခုနှစ်တွင် Union Highway  များအကုန်လုံး အာဆီယံ Class 3 အဆင့်ရောက်ရမည်ဆိုပြီး စီမံချက်ချပြီး  ဆောင်ရွက်ပါကြောင်း၊  တစ်ပြိုင်နက် တည်း ကျေးလက်လမ်းစီမံချက်အနေဖြင့် Coal Rural Road Network ဆိုပြီး မိမိတို့ ဖော်ဆောင်နေပါကြောင်း၊ Coal Rural Road Network တွင် Class(A)၊ Class(B)၊ Class(C) ဆိုပြီး သုံးမျိုးရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးချုပ်များထံကို ပေးပို့ပြီး ဝန်ကြီးချုပ်များက သက်ဆိုင်ရာဒေသကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းပြီးမှ A၊ B၊ C ကို ပြန်လည်တင်ပြပါ ဆိုသည့်အတွက် Class(A)၊ Class(B)၊ Class(C)နှင့် Class(A)တွင် ဦးစားပေး (၁)၊ (၂)၊ (၃)၊ Class(B)တွင် ဦးစားပေး (၁)၊ (၂)၊ (၃)၊ Class(C) တွင် ဦးစားပေး (၁)၊ (၂)၊ (၃) ဆိုပြီး ၎င်း စာရင်းများ ရောက်လာခြင်း ဖြစ်ပါကြောင်း၊  ယခုချိန်တွင် ကျေးလက်လမ်းများ၏ ၂၀ ရာခိုင်နှုန်းကို Pitch Road လုပ်နိုင်သေးပါကြောင်း၊ ၈၀ ရာခိုင်နှုန်းကျော်သည် မြေသားလမ်းများ ဖြစ်ပါကြောင်း၊

တစ်နိုင်ငံလုံးရှိ ကျေးလက်လမ်းများအတွက် ဘီလီယံ ၁၀၀ ခန့်သာပေးသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မျှတပြီးချသည့်အချိန်တွင် ဦးစားပေး Class(A)ကိုသာ မိမိတို့ ဦးစားပေးနိုင်ပါသေးကြောင်း၊ Class(B)၊ Class(C)တို့သည် လတ်တလောယခုနှစ်ထဲတွင် မပါသေးခြင်း ဖြစ်ပါကြောင်း၊  သို့သော် စီမံချက်သည် ၂၀၃၀ တွင် ကျေးလက်လမ်းများအားလုံးကို ရာသီမရွေးသွားလာနိုင်သည့် လမ်းဖြစ်ရမည်ဆိုသည့် ရည်မှန်းချက်ချထားပါကြောင်း၊ ထို့ကြောင့် ယခုမေးသည့်မေးခွန်းများတွင် ပါသည့်လမ်းများသည် ဦးစားပေးအဆင့်အရ ၂၀၂၀-၂၁ ကို ထားခြင်းဖြစ်ပါကြောင်း၊ သို့သော် တင်ပြထားသည့်အတိုင်း ၂၀၂၀-၂၁ မတိုင်ခင် သွားလာ၍ ရအောင် သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။   

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်လင်း