Skip to main content

မိမိတို့၏ နိုင်ငံသည် ယနေ့တွင် ပါတီစုံစနစ်နှင့် ဒီမိုကရေစီ နိုင်ငံတော်အသစ် တစ်ခုကို တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည် For The People   By the People Of the People ဆိုသည့်အတိုင်း ပြည်သူများအတွက် ပြည်သူလူထုများကို ကိုယ်တိုင် စီမံခန့်ခွဲသည့် ပြည်သူ့အစိုးရစနစ်သာ ဖြစ်ကြောင်း၊ ယခုစနစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်မည်ဆိုပါက အရေးကြီးဆုံးနှင့် မဖြစ်မနေ လုပ်ရန်လိုအပ်သည့်အချက်မှာ ပြည်သူများကို အသိပညာ၊ အမြော်အမြင်၊ ဗဟုသုတ ကြွယ်ဝသည့် ပြည်သူများဖြစ်အောင် တာဝန်သိ၊ တာဝန်ခံ၊ တာဝန်ယူတက်သည့် ပြည်သူများဖြစ်အောင် တရားဥပဒေကို လေးစားလိုက်နာသည့် ပြည်သူများ ဖြစ်အောင် အစိုးရမှ တာဝန်ယူပြီး ပညာပေးမှုများကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ရမည် ဖြစ်ကြောင်း၊ နည်းလမ်းပေါင်းစုံနှင့် ပြည်သူများကို ပညာပေးမှု ပြုလုပ်သည့်အချိန်တွင် အရေးကြီးသည့် အင်မတန် ထိရောက်သည့် နည်းလမ်းတစ်ခုသည့် ရုပ်ရှင်လောကသာ ဖြစ်ကြောင်း၊   

        ယနေ့ တစ်ချိန်တွင် ရုပ်ရှင်လောကမှ မြန်မာပေါကားများ၊ တစ်ငိုတည်း ငိုနေသည့် ကားများ ဟု ဆိုပြီး မြန်မာရုပ်ရှင်ကြည့် ပရိသတ်သည် ရုပ်ရှင်လောကကို ကျောခိုင်းခဲ့ကြသည်မှာ တော်တော်ကြာပြီးဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့် နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်ခန့်မှစပြီး ရုပ်ရှင်လောက၏ အခြေအနေသည် တစ်ဟုန်ထိုး ပြောင်းလဲတိုးတက်လာကြောင်း၊ တစ်နည်းအားဖြင့် ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးဆရာများ၊ ထုတ်လုပ်သူများ၊ သရုပ်ဆောင်များသည် အားကြိုးမာန်တတ် ကြိုးပမ်းခဲ့ကြသည့်အတွက် မြန်မာ့ရုပ်ရှင် လောက၊ မြန်မာ့ရုပ်ရှင်ရုံများဘက်ကို ရုပ်ရှင်ချစ်သည့် ပြည်သူများသည် ပြန်ပြီး ဦးလှည့်လာကြောင်း၊ ထို့အတွက် ရုပ်ရှင်များ၏ လွှမ်းမိုးမှုသည် ပြည်သူများ အပေါ်တွင် အများကြီး ကြီးမားသည့်အတွက် ရုပ်ရှင်ချစ်သည့် ပြည်သူများသည် မြန်မာ့ရုပ်ရှင်ဇာတ်ကား များကို လှိုက်လှိုက်လှဲလှဲ အားပေးလာကြသည့် အချိန်တွင် ရုပ်ရှင်ရုံများ၏ အရေအတွက် အများကြီး တိုးပွားလာကြောင်း၊ ရုပ်ရှင်ရုံများကို သွားရောက်သည့် ပရိတ်သတ်များသည်လည်း တဟုန်ထိုး များပြားလာသည်ကို တွေ့နေရကြောင်း၊

ရုပ်ရှင်ရုံများသည် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောသွားသည့်အတိုင်းသာ ဖြစ်ကြောင်း၊ ရုပ်ရှင်ရုံ၏ အရေအတွက်သည် တဟုန်ထိုး တိုးပွားလာကြောင်း၊ ဒီဘက်တစ်နှစ်၊ နှစ်နှစ်အတွင်းတွင် ရုပ်ရှင်ရုံများ ရာချီပြီး တိုးပွားလာသည့် အခြေအနေများကို တွေ့နေရကြောင်း၊ ရုပ်ရှင်ရုံများ တိုးလာသည်ကို ကြည့်မည်ဆိုပါက တစ်နည်းအားဖြင့် ရုပ်ရှင်ကြည့် ပရိတ်သတ်များ၏ အားပေးမှု များပြားမြင့်တက်လာသည်ကို ပြနေကြောင်း၊ ထို့အတွက် မိမိတို့က ပြည်သူအပေါ် လွှမ်းမိုးမှု ကြီးမားသည့် အနုပညာ နည်းလမ်းတစ်ခု၊ အနုပညာ လုပ်ငန်းတစ်ခုကို အသုံးပြုပြီး ပြည်သူများကို ပညာပေးမှုများ လုပ်ကြရမည်ဖြစ်ကြောင်း၊

ပြည်သူများ ရုပ်ရှင်ရုံများတွင် တစ်ခဲနက် အားပေးကြသည့် အနေအထားကို တွေ့နေရကြောင်း၊ ထို့အတွက် ပြည်သူများ၏ ရုပ်ရှင်အပေါ်တွင် ချစ်မြတ်နိုးလာသည့် စိတ်နှင့် ရုပ်ရှင်ရုံများကို အများကြီး ရောက်လာသည့် အခြေအနေကို မူတည်ပြီး နိုင်ငံတော်အစိုးရအနေမှ ပြည်သူများကို ပညာပေးမှု အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်ကြောင်း။ ထို့အတွက် ဇာတ်လမ်းတိုများကို ပြပြီး ပြည်သူများကို ပညာပေးနိုင်ကြောင်း၊ ပညာရေး Program များ၊ အတိုများ ပြောပြီး ပြသနိုင်ကြောင်း၊  ရုပ်ရှင်ရုံတွင် အမြန်ထိုးပြနိုင်ကြောင်း၊ ကျသင့်သည့် အခွန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခြင်းသည် နိုင်ငံကြီးသား ပီသမှု၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သည်။ အမှိုက်များကို အမှိုက်အိတ်၊ အမှိုက်ပုံး၊ အမှိုက်ကန် မဟုတ်သည့် နေရာများသို့ စွန့်ပစ်ခြင်းသည် နိုင်ငံ့အနာဂတ်ကို ကူညီဖျက်ဆီးနေခြင်း ဖြစ်သည်။ ရွေးကောက်ပွဲများတွင် မဲပေးခြင်းသည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်သင့်သည့် အနိမ့်ဆုံး တာဝန်ဖြစ်သည်။ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးအောင် ကူညီဆောင်ရွက်ခြင်းဖြင့် နိုင်ငံသစ် တည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်နိုင်ပါသည်။ ဆေးလိပ်၊ ကွမ်းယာ လျှော့ချသုံးစွဲခြင်းဖြင့် နိုင်ငံက အပိုကုန်ကျနေရသည့် ပြည်သူ့ဘဏ္ဍာငွေ  ကျပ်သိန်း ထောင်ပေါင်းများစွာကို သက်သာစေနိုင်သည်။စသည့်ဖြင့် တိုတိုနှင့် ထိထိမိမိ စာတမ်းလေးများကို ပြသပါက ပြည်သူများသည် ခဏလေး အပန်းဖြေသည့် အချိန်တွင် အသိပညာ၊ ဗဟုသုတ တိုးပွားနိုင်ကြောင်း၊ ရုပ်ရှင်ရုံများ တစ်ရုံတွင် အချိန် လေးချိန် ပြသည့်အတွက် အချိန် လေးချိန်တွင် တစ်ပြည်လုံးတွင် ရှိသည့် ရုပ်ရှင်ရုံ ရာနှင့်ချီပြီး ပြသသည့် အချိန်တွင် လာရောက်ကြည့်ရှုသည့် ပြည်သူများကို မှန်းဆကြည့်နိုင်ကြောင်း၊ ၎င်းပြည်သူများသည် ရုပ်ရှင် ကြည့်ပြီး အပန်းဖြေမည့်အချိန် မတိုင်းခင်တွင် ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေး ဆောင်ပုဒ်များကို ဖတ်ရပါက ၎င်းတို့၏ ခေါင်းထဲတွင် အများကြီး စွဲသွားနိုင်ကြောင်း၊ ထို့အတွက် ရုပ်ရှင်ရုံများ၊ ရုပ်ရှင်ဇာတ်ကားများကို အသုံးပြုပြီး ရုပ်ရှင်အစည်းအရုံးနှင့် ချိတ်ဆက်ညှိနှိုင်းပြီး ပညာပေး ဇာတ်လမ်းတိုများ၊ ဆောင်ပုဒ်များ လုပ်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရတွင် အစီအစဉ် ရှိ/မရှိ သိလိုသည့်အတွက် မေးမြန်းပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း

ယခုမေးမြန်းသည့် မေးခွန်းနှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနတွင် ယခင်က မြန်မာ့ရုပ်ရှင်လုပ်ငန်း (မော်ကွန်း ရုပ်ရှင်ရုံးခွဲ) ရှိခဲ့ကြောင်း၊ ရုံးတွင် မော်ကွန်းသတင်း မှတ်တမ်းရိုက်ကူးရေးအဖွဲ့ ဖွဲ့စည်းထားရှိပြီး  နိုင်ငံတော်၏ မူဝါဒနှင့်သက်ဆိုင်သည့် သတင်းမှတ်တမ်းနှင့် ပညာပေး အစီအစဉ်များကို ရိုက်ကူးကာ ရုပ်ရှင်ဇာတ်ကား မပြသမီ ပြသခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်မှစ၍ ရုပ်ရှင်ရုံများအား ဖလင်နှင့် ပြသသည့် စနစ်မှ Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ပြီးသည့်နောက် နည်းပညာ ကန့်သတ်ချက်အရ ရုပ်ရှင်ရုံများတွင် နိုင်ငံတော် သီချင်းကိုသာ ပြသနိုင်ခဲ့ကြောင်း၊ ပညာပေးဇာတ်လမ်းတိုများနှင့် ဆောင်ပုဒ်များကို Digital စနစ်ဖြင့် ရိုက်ကူးထားခြင်း မရှိသည့်အတွက် ပြသနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း၊

သို့သော် ကျန်းမာရေးနှင့်ပ တ်သက်သည့် ပညာပေး အစီအစဉ်များအဖြစ် ဇာတ်ဝင်ခန်းများအတွင်းတွင် ဆေးလိပ်သောက်သည့် ပြကွက်များ ပါရှိခဲ့ပါက ရုပ်ရှင်ဇာတ်ကားအစတွင် ဆေးလိပ်သောက်ခြင်းသည် သင်နှင့် သင့်ပတ်ဝန်းကျင်ရှိလူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိုခိုက်ပျက်စီးစေပါသည် ဆိုသည့် စာတန်းထိုးရန်နှင့် ထိုစာတန်းကို နောက်ခံအသံဖြင့် ပြောကြားပြီး ဆေးလိပ်မသောက်ရ Logo ရေးထိုး ဖော်ပြရန်၊ ဇာတ်ဝင်ခန်းများအတွင်း ဆေးလိပ်သောက်သည့် ပြကွက်များ ပါရှိပါက ဆေးလိပ်မသောက်ရ Logo ကို ထည့်သွင်း ဖော်ပြစေခြင်းများကို ရုပ်ရှင်ဇာတ်လမ်း ခွင့်ပြုစဉ်ကပင် လိုက်နာဆောင်ရွက် စေပါကြောင်း၊ အလားတူ ရုပ်ရှင်ဇာတ်ကားများတွင် အရက်သောက်သည့် ပြကွက်များ ပါရှိပါက ရုပ်ရှင်ဇာတ်ကားအစတွင် သင်အရက်သောက်ခြင်းသည် အသည်းကို ပျက်စီးစေပြီး အသက်ကို သေစေနိုင်ပါသည်ဆိုသည့် စာတမ်းနှင့် Logo ရေးထိုးဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊

ရုပ်ရှင်ရုံများတွင် ဇာတ်ကား မပြသမီအချိန်တွင် ပညာပေး ဇာတ်လမ်းတိုများ သို့မဟုတ် ပညာပေးဆောင်ပုဒ်များ ပြသပေးရန် လိုအပ်မည် ဆိုပါက သက်ဆိုင်ရာမှ မူဝါဒလမ်းညွှန်မှု ရယူကာ သင့်တော်သည်များကို Digital စနစ်ဖြင့် ရိုက်ကူးပြီး အချိန်ကာလတစ်ခု သတ်မှတ်ပြီး ရုပ်ရှင်ဇာတ်ကားကြီး မပြမီ ပြသပေးမည် ဖြစ်ကြောင်း။ ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပညာပေး ပိုစတာများ ဝေငှလိုပါက ရုပ်ရှင်ကြည့် ပရိတ်သတ်များ မြင်နိုင်သည့် နေရာများတွင် ကပ်ထားပေးခြင်းနှင့် လက်ကမ်းစာစောင်များ ပေးပို့လာပါက ရုပ်ရှင်ကြည့် ပရိတ်သတ်များကို ဝေငှပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။