Skip to main content

မေးခွန်း အကြောင်းအရာ 

u tin htweတပ်မတော်အစိုးရလက်ထက် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်ကာလ ချုပ်တိုင်းမှူးများမှ စားကျက်မြေများကို ပယ်ဖျက်ပြီး တပ်ရင်း/တပ်ခွဲများနှင့် ပုဂ္ဂလိကများကို လယ်ယာမြေအဖြစ် ပြောင်းလဲပြီး လုပ်ကိုင်ခွင့်ပြခဲ့ပါကြောင်း၊ ယခုလိုလုပ်ကိုင်ခွင့် ပြုခဲ့သည့်နေရာတွင် တစ်နှစ်၊ နှစ်နှစ်လောက် တပ်ရင်း/ တပ်ခွဲများနှင့် ပုဂ္ဂလိကများက သူတို့ကိုယ်တိုင်လုပ်ပြီး နောက်ပိုင်း မိမိတို့ သီးစာရှာပြီးလုပ်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ် သီးစားချရေးဥပဒေက လယ်ယာမြေကို သီးစားချထားခွင့် မရှိဘဲလုပ်ခဲ့လျှင် သိမ်းမည် ဆိုသည့်အတွက်ကြောင့် တပ်ရင်း/တပ်ခွဲများသည် သူတို့သီးစားချထားသည့် လူများနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှစပြီး တပ်ရင်း/တပ်ခွဲများသည် ၎င်း လယ်မြေများကို အာဏာပိုင်အဖွဲ့အစည်းများအား ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ယခုလို အပ်နှံသည့်အခါတွင် နိုင်ငံပိုင်အဖွဲ့ အစည်းများက တိုင်းရင်းသားအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရဆိုပြီး တပ်ရင်း/တပ်ဖွဲ့များထက် သီးစားတင်လုပ်ကိုင်ခဲ့သည့် လူအနည်းစုကို ပြန်လည်လုပ်ကိုင်ခွင့်ပြုပြီး လူအများစုဖြစ်သည့် လယ်ယာမဲ့များကို ပြစ်ထားခဲ့ပါကြောင်း၊ ဝေါမြို့နယ် ပန်းညိုကျေးရွာအုပ်စု ၁၂၀၄ ကွင်းတွင် စားကျက်ပယ်ဖျက်ခွင့်မရရှိဘဲ ပဲခူးတိုင်း၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ စားကျက်ပယ်ဖျက်ခွင့်ရရှိစေရန် ဧက ၁၀၀ ခန့်ကို လုပ်ကိုင်ရပါကြောင်း၊ ယခုလို လုပ်ကိုင်သည့် နေရာတွင်လည်း သူတို့ကိုယ်တိုင် လုပ်ကိုင်ခြင်းမရှိဘဲ မိမိတို့ သီးစားချပြီးလုပ်ခဲ့ပါကြောင်း၊ ယခုလက်ရှိ အစိုးရသစ်တက်လာသည့် အခါတွင် ကျေးရွာပြည်သူများမှ တိုင်ကြားသောအခါ ရဲတပ်ဖွဲ့မှ ၎င်းကို တာဝန်အပ်နှံပါကြောင်း၊ အပ်နှံသည့် နေရာတွင်လည်း မိမိတို့ရဲတပ်ဖွဲ့မှ သူတို့နှင့်သီးစား လုပ်သည့်သူများကို ဆက်လက်လုပ်ကိုင်သည့် နေရာတွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ယနေ့တိုင် မိမိတို့ လစ်လျူရူထားသည်ကို တွေ့ ရခြင်းဖြစ်ပါကြောင်း၊

          တပ်ရင်း/တပ်ခွဲများနှင့် သီးစားတင် သီးစားရယူပြီး လုပ်ခဲ့သည့်လူများကို ပြန်လည်စွန့်လွှတ် အပ်နှံသည်‌့ လယ်မြေများကို ကျေးရွာမရှိ လယ်ယာမဲ့များ လုပ်ကိုင်ခွင်‌့ရရှိသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်ပါသနည်းနှင့် စားကျက်မြေပယ်ဖျက်ခွင်‌့မရှိဘဲ ဦးစီးလုပ်ကိုင်နေသည်‌့ စားကျက်မြေအား မူလစားကျက်မြေအဖြစ် ထားရှိနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားချက် 

gen aung soeပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသည် ပဲခူးခရိုင်ဝေါမြိုနယ် ပန်းညိုကျေးရွာအုပ်စု ပန်းညိုကျေးရွာ ကျွန်းကလေးကွင်း ကွင်းအမှတ် ၁၂၀၄ မြေကွက်အမှတ် ၂၄ မှ ၃၂ အထိ စားကျက်မြေအမျိုးအစား မြေဧရိယာအကျယ်အဝန်း ၁၀၀ ဧကကို ၁၉၉၅-၉၆ ခုနှစ်မှစတင်ပြီး ပဲခူးတိုင်းငြိမ်းဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ခွင့်ပြုချက်နှင့် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများကို စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ၉-၁၂-၂၀၁၃ ရက်နေ့တွင် တပ်ဖွဲ့ပိုင်တပ်သား စိုက်ပျိုးရေးဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေဧကများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ တစ်ဆင့် ပြန်လည်စွန့်လွှတ်သွားရန် ညွှန်ကြားချက်အရ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် အထက်ဖော်ပြပါ စားကျက်‌မြေ ဧက ၁၀၀ ကို ဆက်လက်ဆောင်ရွက်ခြင်း မပြုလိုပါကြောင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၃-၂-၂၀၁၅ ရက်နေ့တွင် ဝေါမြို့နယ် မြေအသုံးအချမှု စီမံခန့်ခွဲရေးကော်မတီတို့ မြေစာရင်းပုံစံ ၁၀၅ မိတ္တူမြေ ပုံစံမိတ္တူတို့နှင့် ပူးတွဲပြီးပြန်လည် အပ်နှံခဲ့ပါကြောင်း၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့သည် ၁၉၉၅-၉၆ မှ ၂၀၁၂ ခုနှစ်အတွင်း ဖော်ပြပါ စားကျက်မြေ ဧက ၁၀၀ ကို တပ်ဖွဲ့သက်သာ ချောင်ချိရေးဖြင့် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာတွင် ဒေသခံတောင်သူ (၆)ဦးနှင့် အကျိုးတူလုပ်ကိုင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ ၂၀၁၃ ခုနှစ်တွင်စတင်ပြီး ဆက်လက်ထိန်းသိမ်း လုပ်ကိုင်နိုင်မှုမရှိသည့် အတွက်ကြောင့် ၂၃-၂-၂၀၁၅ ရက်နေ့တွင် စတင်ပြီး ၎င်း စားကျက်မြေကို စွန့်လွှတ်ကြောင်း မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီသို့ ပြန်လည်အပ်နှံခဲ့သော်လည်း အဆိုပါ တောင်သူ(၆)ဦး၏ ဖော်ပြပါစားကျက်မြေအတွင်း ဆက်လက်ကျူးကျော်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

အဆိုပါ တောင်သူ(၆)ဦးသည် မူလမြေပိုင်ရှင်များမဟုတ်ဘဲ ၎င်းမြေများတွင် စားကျက်မြေများဖြစ်ပါကြောင်း၊ အဆိုပါမြေများသည် ပဲခူးတိုင်း၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှပြန်လည်စွန့်လွှတ်ပြီး ဖြစ်သည့်အတွက် တင်ပြပါ ကာလအထိ စားကျက်‌မြေအဖြစ်သာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါကြောင်း၊ စားကျက်မြေအတွင်း မည်သူမှ ကျူးကျော်စိုက်ပျိုးခြင်း မပြုရေးအတွက် ဝေါမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ ၂-၅-၂၀၁၆ ရက်နေ့ ရက်စွဲပါစာအမှတ် (၅/၁-၂၃/ဦးခြောက်)နှင့် အကြောင်းကြား ထုတ်ပြန်ထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကျူးကျော်လုပ်ကိုင်သူများ ဆောင်ရွက်ပါက ၁၈၈၉ ခုနှစ် အထက် မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၇၈ အရလည်းကောင်း၊ ၁၈၇၆ ခုနှစ် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၆၈ အရ လည်းကောင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင်‌့ ကာယကံရှင်များသို့ ခေါ်ယူသတိပေး တားမြစ်မှုများ ပြုလုပ်ထားရှိပြီး ဖြစ်ပါကြောင်း၊ စားကျက်မြေအဖြစ်မှ နုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် အများပြည်သူအကျိုး မြို့အမည်၊ ရွာအမည် တိုးချဲ့ရန်လိုအပ်ခြင်း အစိုးရဌာနဆိုင်ရာများမှ ဌာနပိုင်မြေအဖြစ် အသုံးပြုရန်လိုအပ်ခြင်း ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ သာသနာ့မြေ၊ သုဿာန်မြေ၊ လယ်မဲ့ယာမဲ့များအတွက် စိုက်ပျိုးမြေများ ဖော်ထုတ်ပေးရန် လိုအပ်ခြင်းစသည့် အချက်များနှင့် ကိုက်ညီပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာအစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို တင်ပြပြီး ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတထံ တင်ပြ၍ အတည်ပြုချက်ရရှိမှသာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်မှူများမှ စားကျက်မြေနုတ်ပယ်ခြင်း၊ ပယ်ဖျက်ခြင်းများကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ ဝေါမြို့နယ် ပန်းညိုကျေးရွာအုပ်စု ကွင်းအမှတ် ၁၂၀၄ တွင်ရှိသည့် စားကျက်မြေဧက ၁၀၀ သည် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးက စွန့်လွှတ်အပ်နှံပြီး ဖြစ်သည့်အတွက် မူလစားကျက်မြေအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါကြောင်း၊ စားကျက်မြေအတွင်း ကျူးကျော်သူများ ဖယ်ရှားရေးကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင်‌့မှ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုလယ်မြေအပိုင် ကျေးရွာများတွင်ရှိသည့် လယ်မဲ့/ယာမဲ့များလုပ်ပိုင်ခွင့် ရရှိရေးအတွက်ကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီမှ အစပြုပြီး အဆင်‌့ဆင်‌့တင်ပြဆောင်ရွက်နိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။