Skip to main content

 

၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ ဥပဒေအရ တာဝန်ပေးအပ်ထားသည်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ်တို့နှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် ပွင့်လင်းမြင်သာစွာ သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့ မေးခွန်း

 

ယခုအချိန်တွင် နိုင်ငံတော်၏ ဘဏ္ဍာငွေသည် ပြည်တွင်း/ပြည်ပ ချေးငွေများ ပါဝင်မှုရာခိုင်နှုန်း တစ်စနှင့်တစ်စ မြင့်တက်လာပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်၊ အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအရ ပြည်တွင်း/ပြည်ပ ကြွေးမြီနှင့် GTP အချိုးကို ၄၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ထိန်းညှိဆောင်ရွက်လျက် ရှိကြောင်းနှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်တွင်း/ ပြည်ပ ကြွေးမြီနှင့် GTP အချိုးသည် ၃၈.၄ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်ကို သိရှိရပါကြောင်း၊ ၃၁-၁၂-၂၀၁၈ ရက်နေ့အထိ စာရင်းများအရ ပြည်ပကြွေးမြီပမာဏသည် အမေရိကန်ဒေါ်လာ ၉.၈၄၄ ဘီလီယံဖြစ်ပြီး GTPနှင့် ပြည်ပချေးငွေအချို့သည် ၁၄.၃၈ ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သည်ဟု သိရှိရပါကြောင်း၊  ယခုအစိုးရအနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင်တာဝန်ယူ ထမ်းဆောင် ချိန်တွင် ဘဏ္ဍာငွေချွေတာ နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီး များကိုသာ ခန့်ထားခြင်းမပြုခဲ့ဘဲ နောက်ပိုင်းမှသာ လိုအပ်ချက်အရ ခန့်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊

နိုင်ငံတော်၏ ဘဏ္ဍာငွေကို‌ ချွေတာရန်အတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်က ကိုယ်စားလှယ်ကြီး ဒေါက်တာလှမိုးက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးအတွက် အသုံးပြုရသည့် ချီးမြင့်ငွေပမာဏများ လျော့ချနိုင်ရန်အတွက် အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး ယင်းအဆိုကို မိမိကိုယ်တိုင်ပါဝင် ဆွေးနွေးပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေများကို ခြွေတာနိုင်ရန်အတွက် ဒေါက်တာလှမိုး၏ အဆိုကိုလည်း ထောက်ခံခဲ့ပါကြောင်း၊

 ယခုအခါ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၆) ပြဋ္ဌာန်းခဲ့ပြီး ယင်းသို့ ပြင်ဆင်မှုကြောင့် ပုဒ်မ ၂ ပုဒ်မခွဲ (ည) ပုဒ်မခွဲငယ် ၄ နှင့် ၉ တို့အရ နိုင်ငံခြားသားများကိုလည်း ပြည်သူ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်အပြင် ပုဒ်မ ၇၄ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းအရလည်း ပြည်သူ့ဝန်ထမ်းများ၏ ခံစားခွင့်ကြောင့် သတ်မှတ်ပေးရ မည်ဖြစ်ပါကြောင်း၊

ဝန်ထမ်းလောကတွင် ပြည်သူ့ဝန်ထမ်းများကို တာဝန်ပေးအပ်ထားမှု၊ ခံစားခွင့်များ ပေးအပ်ထားမှုနှင့် စပ်လျဉ်းပြီး ပွင့်လင်းမြင်သာစွာ မှန်မှန်ကန်ကန် သိရှိနိုင်ရေးအတွက် အောက်ပါမေးခွန်းများကို မေးမြန်းသွား လိုပါကြောင်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ ဝန်ကြီးဌာနများတွင် အထောက်အကူ ရရှိစေရန်အလို့ငှာ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေပြုအမှတ် (၁၆) နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအရ တာဝန်ပေးအပ်ထားသည့် နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ် စသည်တို့နှင့် စပ်လျဉ်းပြီး (က) ခန့်အပ်တာဝန် ပေးထားသည့် နိုင်ငံခြားသား ပြည်သူ့ဝန်ထမ်း အရေအတွက် စုစုပေါင်း၊ (ခ) ယင်းဝန်ထမ်းများ၏ နိုင်ငံအလိုက် ဦးရေစာရင်း၊ (ဂ) အဆိုပါ ပုဂ္ဂိုလ်များအား ချီးမြှင့်‌ပေးရသည့် လစာ/စရိတ်နှင့်  ချီးမြှင့်ငွေပမာဏစုစုပေါင်း  မြန်မာငွေသုံးကို နိုင်ငံခြားငွေနှင့် ပေးချေရခြင်းများကို ရှင်းလင်းဖော်ပြ ပေးစေလိုပါကြောင်း၊ (ဃ) လစာ၊ စရိတ်ချီးမြှင့်ငွေ အများဆုံးချီးမြှင့် ခံရသူရရှိသည့် ငွေပမာဏနှင့် အနည်းဆုံးချီးမြှင့်ခံရသူ ရရှိသည့် ငွေပမာဏ၊ (င) နိုင်ငံခြားသား ပြည်သူ့ဝန်ထမ်းများအား ခန့်အပ်တာဝန် ပေးထားသည့်အတွက်ကြောင့် နိုင်ငံတော်ကရရှိသည့် အကျိုးကျေးဇူးများ စသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပထမဦးဆုံး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်း နိုင်ရေးအတွက် Management Plan ရေးဆွဲရာတွင် နီပေါနိုင်ငံက ပြည်ပပညာရှင် တစ်ဦးနှင့် Nomination Dossier ရေးသားရန် အိန္ဒိယနိုင်ငံသူ ပြည်ပပညာရှင်တစ်ဦး စုစုပေါင်း ပြည်ပပညာရှင်နှစ်ဦးက ၂၀၁၈ ခုနှစ် ဇွန်လကနေပြီး ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်ငှားရမ်းပြီး နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၆၃၇၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေဖြင့် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ပြည်ပပညာရှင်အား ငှားရမ်းခြင်း အားဖြင့် ဒေသတွင်းမြေအသုံးချမှု၊ အခြေချနေထိုင်မှုများကြီးထွားလာမှု၊ အခြေခံအဆောက် အဦများအား သုတေသနပြုနိုင်ခြင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးလိုအပ်သည့် နယ်နိမိတ်၊ ဧရိယာစံနှုန်းတို့နှင့် ပတ်သက်သည့် အထောက်အထား၊ မြေပုံရေးဆွဲနိုင်ခြင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစဉ်အလာ၊ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုအစဉ်အလာ၊ စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှု အစဉ်အလာများအား သုတေသနပြုနိုင်ခြင်း၊ ဒေသဆိုင်ရာစီမံကိန်း ရေးဆွဲရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် မဟာဗျူဟာများကို တည်ဆောက်နိုင်ခြင်း၊ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်အတွက် လိုအပ်သည့် Outstanding Universal Value သတ်မှတ်ရန် ဆောင်ရွက်နိုင်ခြင်း၊ သတ်မှတ်စံနှုန်းများအပေါ် မူတည်၍ အဆိုပြုစာတွဲများ ရေးသား ပြုစုနိုင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် အထောက်အထားများကို လေ့လာ နိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ် ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်နိုင်မည့့်် အစီအစဉ်များ ဆောင်ရွက်မှုများကို ရေရှည်ထိန်းသိမ်း ကာကွယ်နိုင်မည့် အစီအစဉ်များ ဆောင်ရွက်မှုများကို လေ့လာဖော်ထုတ် နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍအဖြစ် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံ ခန့်ခွဲဦးစီးဌာနတွင် Sanyu Consultants Inc; Korea Rural Community Corporation, Nippon Koei Co,Ltd , Mekong Economics Hong Co,Ltd စသည့် အဖွဲ့အစည်းလေးခုရှိပြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတွင် (၁) ဦး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် (၂၈) ဦး၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် (၅) ဦး၊  မွေးမြူရေးနှင့်ကျေးလက် ကဏ္ဍအနေဖြင်‌့ ငါးလုပ်ငန်း ဦးစီးဌာနတွင် (၅) ဦး၊  ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် (၁) ဦး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် (၅) ဦး၊  စုစုပေါင်း ၄၅ ဦးရှိပါကြောင်း၊

 နိုင်ငံအလိုက်အနေဖြင့် ရိုမေးနီးယားနိုင်ငံမှ (၁) ဦး၊ ဂျပန်နိုင်ငံမှ (၆) ဦး၊  ကိုရီးယားနိုင်ငံမှ (၅) ဦး၊  အိန္ဒိယနိုင်ငံမှ (၃) ဦး၊  ဂျာမနီနိုင်ငံမှ (၅) ဦး၊  နယ်သာလန်နိုင်ငံမှ (၈) ဦး၊  ၊ သြစတြေးလျနိုင်ငံမှ (၂) ဦး၊  ၊ ဘယ်လဂျီယံနိုင်ငံမှ (၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံမှ (၁) ဦး၊ ဗြိတိန်နိုင်ငံမှ (၂) ဦး၊ နီပေါနိုင်ငံမှ (၁) ဦး၊ အမေရိကန်နိုင်ငံမှ (၂) ဦး၊ သီရိလင်္ကာနိုင်ငံမှ (၁) ဦး၊ ပြင်သစ်နိုင်ငံမှ (၆) ဦး၊  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၁) ဦး တို့ဖြစ်ပါကြောင်း၊

အဆိုပါ ပုဂ္ဂိုလ် (၄၅) ဦးအား ချီးမြှင့်ပေးနေရသည့် လစာ/စရိတ်နှင့် ချီးမြှင့်ငွေစုစုပေါင်း ပမာဏသည် စီမံကိန်း ဆောင်ရွက်သည့် ကာလအတွင်း အမေရိကန်ဒေါ်လာ ၆.၀၅၉ သန်း၊ ယူရို ဝ.၄၄၇ သန်း၊ သြစတေးလျ ဒေါ်လာ ဝ.၀၀၃ သန်း၊ ဂျပန်ယန်း ၅၁၂.၃၄၈ သန်း ဖြစ်ပါကြောင်း၊ လစာ/စရိတ်ချီးမြှင့်ငွေ အများဆုံး ပမာဏနှင့်အနည်းဆုံး ချီးမြှင့်ခံရသူရရှိသည့် ပမာဏစပ်လျဉ်း၍ လစာ/စရိတ်ချီးမြှင့်ငွေများမှာ စီမံကိန်းဆောင်ရွက်မည့် ကာလအလိုက် ပေးချေရခြင်း ဖြစ်သည့်အတွက် အချို့အထောက်အပံ့ စီမံကိန်းများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လစာ/စရိတ်များ ပေးချေခြင်း၊ Volunteer Staff အဖြစ် ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ရန်ပုံငွေ၊ လစာ/စရိတ်နှင့် ချီးမြှင့်ငွေကျခံမှုမရှိခြင်း၊ သက်ဆိုင်ရာအဖွဲ့ အစည်းများမှ လစာ/စရိတ်နှင့် ချီးမြှင်ငွေစာရင်းများအားလည်း မသိရှိနိုင်ခြင်းများလည်း ရှိပါကြောင်း၊ နိုင်ငံခြားသားပြည်သူ့ ဝန်ထမ်းများအား ခန့်အပ်တာဝန် ပေးထားသည်‌့အတွက် စီမံကိန်းလုပ်ငန်း များနှင့်ပတ်သက်၍ ဒီဇိုင်းရေးဆွဲ ခြင်းမှသည် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည် အထိ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာမှ နည်းပညာဗဟုသုတ များရရှိစေခြင်း၊ စီမံကိန်းလုပ်ငန်း များကို ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွယ်ကူသွက်လက်စွာ ပူးပေါင်းဆောင်ရွက် နိုင်ခြင်း၊ လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် စာချုပ်ပါသင်တန်း ကာလအတွင်း အချိန်မီ ပြီးစီးနိုင်အောင် ဆောင်ရွက်ခြင်းဖြင်‌့ စီမံကိန်းလုပ်ငန်းများ၏ အကျိုးရလဒ်များကို ပြည်သူများ ဆောလျင်စွာ ရရှိခံစားနိုင်စေပြီး နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်စေခြင်း၊ လုပ်ငန်းများ သွက်လက်လာပြီး ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးမြှင်စေခြင်း၊ တောင်သူလယ်သမားများ ခေတ်မီစိုက်ပျိုး မွေးမြူသည့်နည်းပညာများ ဖြန့်ဝေစေနိုင်ခြင်း၊ အသက်မွေးဝမ်း ကျောင်းမှုတိုးတက်လာစေခြင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင်မှု မြင့်မားလာခြင်း၊ စွမ်းဆောင်မှု အရည်အသွေး တိုးတက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိပါကြောင်း၊

စီးပွားရေးနှင်‌့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှလည်း ကုန်သွယ်ရေးဦးစီးဌာနတွင် ပြည်ပအကူအညီရငွေ EIF Tier1 Project အတွက် နိုင်ငံခြားသားကျွမ်းကျင်ပညာရှင် ပြင်သစ် လူမျိုး (၁) ဦးအား စာချုပ်ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ၄၆ ရက် အတွက် ဉာဏ်ပူဇော်ခ တစ်ရက်လျှင် USD ၇၅၀ နှုန်း၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်၍ အလုပ်လုပ်သည်နေ့အတွက် နေ့တွက်စရိတ် (ဟိုတယ်ခ၊ စားသောက်စရိတ်နှင့် သယ်ယူပို့ဆောင်စရိတ် အပါအဝင်) တစ်ရက်လျှင် USD ၁၅၀ နှုန်းနှင့်ညီမျှသည့် ကျပ်ငွေကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)မှ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတွက် အကူအညီပေးသည့် Enhanced Integrated Framework(EIF) ရန်ပုံငွေမှကျခံသုံးစွဲလျက် ရှိပါကြောင်း၊ အဆိုပါ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များနှင့် အတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် စီမံကိန်းဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံသစ်များရရှိခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးရာတွင် လိုအပ်သည့် အကြံပြုချက်များ၊ ဆွေးနွေးချက်များရရှိနိုင်ခြင်း၊ စီမံကိန်း အကောင်အထည်ဖော်သည့် နေရာတွင်လည်း မိမိနိုင်ငံသားများနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ပိုမိုကောင်းမွန်သည့် ဝန်ထမ်းကောင်းများကို မွေးထုတ်ပေးနိုင်မည့် အကျိုးကျေးဇူးများရရှိပါကြောင်း၊

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လက်ရှိ အားကစားနည်း ၁၁ နည်းအတွက် နိုင်ငံခြားသားအားကစားနည်းပြ ၁၈ ဦးကိုခန့်ထားပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၏ ရသုံးမှန်းခြေငွေစာရင်း (သာမန်အသုံးစရိတ်) ဖြင့် နိုင်ငံခြားသား အတိုင်ပင်ခံစရိတ်မှ (တစ်လ ဒေါ်လာ ၂၀၀၀ အပါအဝင် နေထိုင်စားသောက် စရိတ်သည် တစ်လကျပ်နှစ်သိန်းနှင့် လေယာဉ်အသွားအပြန်စရိတ်) ကျခံသုံးစွဲပြီး နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဒေါ်လာ ၂၀၀၀ နှုန်းထက်ကျော်လွန်သည့် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ ကျခံပါကြောင်း၊ အဆိုပါနည်းပြ ၁၈ ဦးအနက် Japan International Cooperation Agency (JICA) မှ နည်းပြဆရာ ခုနစ်ဦး၊ Korea International Cooperation Agency (KoICA) မှ နည်းပြဆရာ (၃) ဦး စုစုပေါင်း (၁၀) ဦးတို့၏ ကုန်ကျစရိတ်ကို JICA နှင့် KOICA အစီအစဉ်ဖြင့် ကျခံသုံးစွဲပါကြောင်း၊ နိုင်ငံခြားသားနည်းပြ ဆရာများအား ငှားရမ်းတာဝန် ပေးအပ်သည့်အတွက် သက်ဆိုင်ရာ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များ၊ ဥပဒေများ ပိုမိုနားလည်စေပြီး နိုင်ငံတကာနှင့်အညီလိုက်ပါ ဆောင်ရွက်နိုင်စေရန်နှင့် မြန်မာ့လက်ရွေးစင် အားကစားသမားများအား  နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိစေမည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့စီးပွာရေးဘဏ်တွင် ဂျပန်နိုင်ငံသား (၅) ဦးအား JICA (ODA) ချေးငွေ အကူအညီအောက်တွင် အကြံပေးငှားရမ်းခ ဂျပန်ယန်း ၁၇၆ သန်းဖြင့် လည်းကောင်း၊ အမေရိကန် နိုင်ငံသားတစ်ဦး၊ ဗြိတိန်နိုင်ငံသား (၁) ဦး နှင့် မြန်မာနိုင်ငံသား (၂) ဦး တို့အား ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးရေး စီမံကိန်းအောက်မှ အမေရိကန်ဒေါ်လာ ၈၉၄၇၄၀ အသုံးပြု ငှားရမ်းခန့်ထားပါကြောင်း၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနတွင် The World Bank and MDTF တို့၏ အကူအညီဖြင့် ပစ္စည်းဝယ်ယူမှုဆိုင်ရာ အကြံပေး (၁) ဦးအား ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးရေးစီမံကိန်း အောက်မှ USD ၃၁၉၆၀၀ ဖြင်‌့ ငှားရမ်းခန့်အပ် ဆောင်ရွက်ခဲ့ကြောင်း၊ အကောက်ခွန်တွင်လည်း ၂၀၁၇ ခုနှစ်မှစ၍ ဂျပန်နိုင်ငံ JICA ၏ ကူညီထောက်ပံ့မှုနှင့် ဂျပန်နိုင်ငံသားသုံးဦးကို JICA ထောက်ပံ့ငွေဖြင်‌့ တစ်ဦးလျှင် USD ၆၈၀၀ မှ ၉၀၀၀ ဖြင်‌့ငှားရမ်းခန့်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းအခွန်ဦးစီးဌာနတွင် နယူးဇီလန် နိုင်ငံသား (၁) ဦး၊ သြစတေးလျနိုင်ငံသား (၂) ဦး၊ တောင်အာဖရိကနိုင်ငံသားတစ်ဦး စုစုပေါင်း ကျွမ်းကျင်သူ အကြံပေးပုဂ္ဂိုလ် (၄) ဦးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လစာစရိတ်ချီးမြှင်‌့ ငွေစုစုပေါင်း USD ၇၁၁၅၄၅ ဖြင်‌့ ငှားရမ်းခဲ့ပြီး အဆိုပါကာလအတွင် အများဆုံး USD ၂၄၇၃၁၄ နှင့် အနည်းဆုံးရရှိသည့် ပမာဏမှာ USD ၂၂၀၁၀၂  ဖြစ်ပါကြောင်း၊ ငွေကြေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင် (၆) ဦးကို ခန့်ထားပြီး (၃) ဦးကို  JICA မှစရိတ်ကျခံ၍လည်းကောင်း၊ (၁) ဦးကို Livelihood and Food Security Trust Fund စရိတ်ဖြင်‌့လည်းကောင်း၊ (၂) ဦးကို The World Band အကူအညီဖြင်‌့လည်းကောင်း ခန့်အပ်ထားပါကြောင်း၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံးမှာ မြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်‌ငန်းနှင်‌့ ဈေးကွက်စုံစမ်း ထောက်လှမ်းရေး ခိုင်မာအားကောင်းလာ စေရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ထောက်ပံ့မှုဖြင်‌့ အကြံပေး (၁) ဦးကို ခန့်ထားပါကြောင်း၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှစတင်၍ ပြင်ပပညာရှင် (၁) ဦးကို ခန့်ထားပြီး လစာစရိတ်ချီးမြှင်‌့ငွေများကို နိုင်ငံတော်မှ ကျခံသုံးစွဲခြင်းမရှိဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကျခံသုံးစွဲပါကြောင်း၊ အဆိုပါနိုင်ငံခြားသား ပြည်သူ့ဝန်ထမ်း များအားခန့်အပ်တာဝန် ပေးအပ်ထားသည့်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (Reform) များကို နယ်ပယ်အသီးသီးတွင် ဆောင်ရွက်လျက်ရှိရာ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှု၊ နိုင်ငံတကာ အတွေ့အကြုံ စသည်အခြေခံ၍ မူဝါဒဆိုင်ရာ အကြံပြုချက်များရရှိနိုင်ခြင်း၊ နည်းပညာဆိုင်ရာ အကြံပြုချက်များ ရရှိနိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြှင်‌့တင်ရေး၊ ပြည်တွင်း/ပသင်တန်းများ ပြုလုပ်နိုင်ခြင်း၊ လေ့လာရေးအစီအစဉ်များ ဆောင်ရွက် နိုင်ခြင်းစသည့်  အကျိုးကျေးဇူးများ ရရှိပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနတွင် နိုင်ငံခြားချေးငွေ၊ ထောက်ပံ့ငွေများဖြင်‌့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံတကာကျွမ်းကျင်သူ သို့မဟုတ် အကြံပေးပုဂ္ဂိုလ်များ ခန့်ထားသည့် နေရာတွင် အပြည်ပြည်ဆိုင်ရာ ကန်ထရိုက်စည်းမျဉ်းစည်းကမ်း များနှင်‌့အညီ တင်ဒါခေါ်ယူပြီး ဝင်ရောက်ယှဉ်ပြိုင်ကာ အောင်မြင်ထားသည့် စီမံကိန်းအကြံပေးအဖွဲ့များကို စီမံကိန်းကာလအတိုင်း စာချုပ်ချုပ်ဆို၍ ခန့်အပ်ထားရှိပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက ဆက်လက်ခန့်ထားခြင်း မရှိပါကြောင်းနှင်‌့ နိုင်ငံတကာမှ ကျွမ်းကျင်သူ သို့မဟုတ် အကြံပေး ပုဂ္ဂိုလ်များ ဆက်လက်တာဝန်ပေးထားခြင်း မရှိပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံက စာရင်းစစ်ချုပ်ရုံးတို့အကြား အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်ပြီး ငါးနှစ်သက်တမ်းရှိ နားလည်မှုစာချွန်လွှာကို ၃-၁၀-၂၀၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များတွင် ရည်မှန်းချက်များ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတွင် ကျွမ်းကျင် ပညာရှင် (၁) ဦးကို ၂၀၁၇ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ စတင်ခန့်အပ်ပေးပြီးမှ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လစာမှာတစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၃၆၆ ဖြစ်၍ အဆိုပါလစာကို နော်ဝေနိုင်ငံစာရင်း စစ်ချုပ်ရုံးတွင် ပေးချေခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားပညာရှင် ခန့်အပ်ခြင်းအားဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍများဆိုင်ရာ စာရင်းစစ်ဆေးခြင်းနှင့် ဆက်စပ်နယ်ပယ်များတွင် အတွေ့အကြုံများ မျှဝေပေးခြင်း၊ ကာလတို မစ်ရှင်များတွင် ထိရောက်စွာ အကူအညီပေးခြင်း၊ အခြားအပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်း များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများ အဆင်ပြေချောမွေ့ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခြင်းနှင့် အခြားသောဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများကို ထိရောက်စွာအသုံးချနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိပါကြောင်း ဖြေကြားပါသည်။

 

ဗိုလ်မှူးဇော်ဝင်းနိုင် (တပ်မတော်သားကိုယ်စားလှယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖြေကြားသွားရာတွင် လစာများပေးရသည့်အခါ နိုင်ငံတော်ကကျခံပေးရသည့် ဌာနအဖွဲ့အစည်း များလည်းရှိပါကြောင်း၊ နိုင်ငံတော်ကကျခံမှုများနှင့် အလှူရှင်နိုင်ငံ၊ ပြင်ပကူညီသော အဖွဲ့အစည်းများက ကျခံပေးထား ရခြင်းများလည်း ရှိပါကြောင်း၊ ဥပမာ နိုင်ငံတော်ကကျခံ ပေးထားသည်မှာ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ခန့်ထားသည့် ပညာရှင်တို့နှင့် နိုင်ငံတော်ကကျခံ ပေးခြင်းမျိုး ပြည်တွင်းအခွန်တွင် ပညာရှင်များကို ကျခံပေးခြင်းမျိုး ရှိသည့်အတွက် မိမိမီသလောက် သွားကြည်‌့သည့်အခါ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပင်စင်တစ်ဦးလျှင် လစာတစ်လ မြန်မာငွေဖြင့် ၄၅ သိန်းခန့်ပေးရပါကြောင်း၊

ယခုကဲ့သို့ မြင့်သွားသည့် လစာကိုပေးထားသည့်အခါ မိမိတို့ဦးစီးဌာနတစ်ခုက ညွှန်ကြား ရေးမှူးချုပ်များ လစာ ၅၅၀၀၀၀ သာရရှိပါကြောင်း၊ သို့သော် ၎င်းတွင် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝဖြင့် အလုပ်လုပ်ရ ပါကြောင်း၊ မိမိဆက်စပ်မေးမြန်းလိုသည်မှာ ယခုကဲ့သို့မြင့်မားသော လစာများပေးထားသည့် ပညာရှင်၊ ကျွမ်းကျင်ပုဂ္ဂိုလ်များသည် မည်ကဲ့သို့သော ၎င်းတို့ လုပ်ငန်းတာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့သော တာဝန်ယူ၊ တာဝန်ခံမှုမျိုး မိမိတို့နိုင်ငံပေါ်တွင် ရှိပါသနည်း၊ ၎င်းတို့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဖောက်ဖျက်ခြင်းရှိခဲ့ပါက သို့မဟုတ် လုပ်ငန်းတာဝန် မကျေပွန်ခြင်းရှိခဲ့ပါက Action ယူနိုင်မည့် ဥပဒေ၊ နည်းဥပဒေ Red regulation လုပ်ထုံးလုပ်နည်းများ ရှိပါသနည်း၊ လက်ရှိချက်ချင်းဖြေနိုင်ပါက ဖြေပေးပြီး  ချက်ချင်းဖြေ၍မရပါက နောင်တွင်ပြန်လည်မေးမြန်းပြီး မိမိကိုစာဖြင့် ပြန်ဖြေပေးနိုင်ပါရန် မေးမြန်းပါသည်။

 

ပြည်ထောင်စုရာထူးဝန်၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း           

အကြံပေးပုဂ္ဂိုလ်နှင့် ကျွမ်းကျင်သူများ ခန့်အပ်သည့်နေရာတွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း မိမိတို့နိုင်ငံတော်ပိုင်ဆိုင်သည့် ငွေဖြင့်ခန့်အပ်ခြင်း ရှိသကဲ့သို့၊ ထောက်ပံ့ပေးသည့် အဖွဲ့အစည်းက ခန့်အပ်ခြင်း ရှိပါကြောင်း၊ ခန့်အပ်ရာတွင် အထူးသဖြင့် နိုင်ငံတော်ကခန့်အပ်သည့် ကျွမ်းကျင်သူနှင့် အကြံပေးများအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတွင် မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဖြစ်ဒေသ ကမ္ဘာ့ အမွေအနှစ်တင်သွင်း နိုင်ရေးအတွက် Management Plan ရေးဆွဲရန် နီပေါနိုင်ငံသားပညာရှင် တစ်ဦးနှင့် Nomination Dossier  ရေးသားရန် အိန္ဒိယနိုင်ငံသူအဖြစ် ပြည်ပပညာရှင်တစ်ဦး စုစုပေါင်း ပညာရှင်နှစ်ဦး ခန့်အပ်ခြင်းရှိပါကြောင်း၊ ကာလက ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးချပြီး ၎င်းကာလအတွင်း တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၆၃၇၀ ဖြင့် ညီမျှသည့်ကျပ်ငွေ ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။

 

ပြည်ထောင်စုရာထူးဝန်၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း