Skip to main content

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရက်ချောင်းကျေးရွာအုပ်စုအတွင်း ကျရောက်သည့် ရက်ချောင်း-လေးတောင်-တောင်ပေါက်-မီးကျောင်းတက် ကျေးရွာချင်းဆက်လမ်း (လေးတောင်တံတား အပါအဝင်) ၎င်းကို လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၉-၂၀ တွင် ဖောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိဆိုသည့် မေးခွန်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းနှင့်ပတ်သက်ပြီး မိမိအနေဖြင့် လွှတ်တော်တွင် ကြယ်ပွင့်မပြ မေးခွန်းသုံးကြိမ်မေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းဆိုလျှင် ရက်ချောင်းကျေးရွာ အုပ်စုက အိမ်ခြေ ၁၀၀၀ ကျော်ရှိပါကြောင်း၊ မီးကျောင်းတက်ကျေးရွာအထိ ပေါက်သွားမည်ဆိုလျှင် စစ်တွေ-ရန်ကုန် လမ်းမကြီးနှင့် တစ်ဆက်တည်း ဖြစ်သွားမည်ဖြစ်သဖြင့် ပြည်သူလူထုအတွက် အကျိုးရှိမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်း အဝေးတွင်တစ်ကြိမ်၊ ပဉ္စမပုံမှန်အစည်းအဝေးတွင်တစ်ကြိမ်၊ အဋ္ဌမပုံမှန် အစည်းအဝေးတွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ကြယ်ပွင့်ပြမေးခွန်း မေးခဲ့ပါကြောင်း၊ အဆိုပါမေးခွန်းက ဒုတိယအကြိမ်ပုံမှန် အစည်းအဝေးတွင် ဖြစ်ပါကြောင်း၊ ၎င်းအချိန်က လယ်/ဆည်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းဝင်းက လက်မှတ်ရေးထိုးပြီး ဖြေကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တံတားတည်ဆောက်ရေးအတွက် တံတားအထူးအဖွဲ့နှင့် အထောက်အကူ ပစ္စည်းများမရှိပါသောကြောင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေထားပါသည်။ ၎င်းမှာ အထူးအဖွဲ့လည်းမရှိပါကြောင်း၊ အထောက်အကူပစ္စည်းလည်း မရှိပါကြောင်း၊ အဆိုပါဌာနက လာပြီးဖြေသည့်အခါ အနည်းငယ်လွဲနေသည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း၊ ပဉ္စမပုံမှန် အစည်းအဝေးတွင်လည်း လယ်/ဆည်ဒုတိယဝန်ကြီး ဦးလှကျော်က လက်မှတ်ထိုးပြီး‌ ဖြေထားသည်မှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပါ၍ လတ်တလော ဆောင်ရွက်ပေးခြင်း မရှိပါသော်လည်း နှစ်အလိုက်ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဦးစားပေးအစီအစဉ် လျာထားချက် အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေဆိုထားပါသည်။ အဋ္ဌမပုံမှန် အစည်းအဝေးတွင်လည်း ထပ်ပြီးမေးသည့်အခါ ၎င်းအချိန်တုန်းက ကျေးလက်လမ်း ဦးစီးဌာနက ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက် ရောက်သွားပြီ ဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်လက်မှတ်ရေးထိုးပြီ ဖြေထားခြင်း ရှိပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ၏ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့်‌ ဆောင်ရွက်မည့် စီမံကိန်းဒုတိယနှစ်တွင် ထည့်သွင်းလျာထားထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါလမ်း ဖောက်လုပ်ပြီးစီး ပါက ကျေးရွာခုနှစ်ရွာ၊ အိမ်ခြေ ၁၂၉၀ အိမ်၊ လူဦးရေ ၄၄၁၇ ဦးအကျိုးပြုမည် ဖြစ်ပါ၍ ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းဆိုပြီး ဖြေကြားထား ပါကြောင်း၊ သို့သော်လည်း ယခုလိုဝန်ကြီးဌာနများက မေးခွန်းသုံးခုစလုံးကို သုံးမျိုးဖြေထားသည့် အတွက် ယနေ့ထက်ထိ အဆိုပါ လုပ်ငန်းအကောင်အထည် မပေါ်သေးသည့် အတွက်ကြောင့် မည်သည့်အဆင့်၊ မည်သည့်အခြေအနေမျိုးကို ရောက်ရှိနေပါသနည်း၊ ဒေသခံပြည်သူများအတွက် သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရက်ချောင်းကျေးရွာ အုပ်စုအတွင်းရှိ ရက်ချောင်း-လေးတောင်-တောင်ပေါက်-မီးကျောင်းတက် ကျေးရွာချင်းဆက်လမ်းအရှည် ၃ မိုင် ၄ ဖာလုံနှင့် လေးတောင်ချောင်း ကူးတံတားတို့အား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အိန္ဒိယနိုင်ငံအကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့်နှစ်အလိုက် စီမံကိန်းများတွင် လျာထားတင်ပြခဲ့ပါကြောင်း၊ သို့သော်လျာထား တင်ပြခဲ့သော်လည်း ရန်ပုံငွေမရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း