Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၉)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

( က ) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါက်တာဦးမင်းသိန်း၊ ရေဦးမဲဆန္ဒနယ်က မေးမြန်းသော ရေဦးမြို့နယ် ခုတင် (၁၀၀) ဆံ့ ဆေးရုံနှင့်ကိုက်ညီသော သမားတော်ဆရာဝန်၊ ဆရာဝန်၊ ဓာတ်ခွဲခန်း ပညာရှင်၊ သူနာပြုဆရာမများ ပြည့်စုံစွာခန့်ထားပေးရန်နှင့် ဆေးရုံတွင်းလမ်း၊ အစည်းအဝေးခန်းမ၊ ဝန်ထမ်းအိမ်ရာတို့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က သမားတော်ဆရာဝန်ကို လာမည့်ဧပြီလတွင် ခန့်ထားပေးမည်ဖြစ်ပါကြောင်းနှင့် ဆေးရုံတွင်း လမ်းခင်းခြင်းလုပ်ငန်းအတွက် ၈.၃၅ ကျပ်သန်းအား ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် ပြင်ဆင်ထိန်းသိမ်းစရိတ် ရန်ပုံငွေမှ ခွဲဝေချထားပြီးဖြစ်ပါကြောင်းနှင့် အစည်းအဝေးခန်းမ ပါဝင်သော မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းတွင် လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၂)    ဦးစိုင်းစန်သိန်း၊ မိုးနဲမဲဆန္ဒနယ်က မေးမြန်းသော မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံကို (၂၅) ခုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိအခြေအနေ၌ အမျိုးသမီး ဆောင်တွင် ခုတင် (၆)လုံး၊ အမျိုးသားဆောင်တွင် ခုတင် (၁၅)လုံးနှင့် မီးဖွားပြီး နားနေခန်းတွင် ခုတင် (၄)လုံးသာထားရှိနိုင်ပြီး အမျိုးသမီးနှင့် ကလေးလူနာများ ပိုမိုတက်ရောက်ချိန်တွင် ခုတင်များမလုံလောက်၍ အမျိုးသားဆောင်တွင် ပေါင်းထား ရပါသဖြင့် အမျိုးသားလူနာ၊ အမျိုးသမီးလူနာနှင့် မွေးလူနာများ စနစ်တကျ သီးခြားခွဲထားနိုင်ရန် တိုးချဲ့ (၂)ထပ် လူနာဆောင်အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ လျာထားတင်ပြထားပေးပြီးဖြစ်ပါ၍ ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                            

(၃)    ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်တွင် ခုတင် (၅၀) ပြည်သူ့ဆေးရုံမှ ဆေးရုံကြီးများသို့ ပို့ဆောင်ရန်လိုအပ်သော လူနာများအား အလွယ်တကူ ကုန်ကျစရိတ် သက်သာစွာ ပို့ဆောင်နိုင်ရန် လူနာတင်ယာဉ် (Ambulance) (၁)စီး ထောက်ပံ့ပေးနိုင်ပါရန် မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က လွှဲပြောင်း လူနာများအား အထက်အဆင့်ဆေးရုံများသို့ ပို့ဆောင်နိုင်ရေးအတွက် လူနာတင်ယာဉ် Toyota High Ace တစ်စီးအား ခွဲဝေချထားပေးခဲ့ရာ ၂၁-၂-၂၀၁၉ ရက်နေ့တွင် သက်ဆိုင်ရာဆေးရုံမှ လာရောက်ထုတ်ယူသွားပြီး လက်ရှိအသုံးပြုနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဦးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်က မေးမြန်းသော သံတွဲမြို့နယ်၊ ငပလီမြို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြု ငပလီမြို့ဖွံ့ဖြိုးရေးသဘောထားပုံစံ (ရခိုင်ပြည်နယ်)ကို စီမံကိန်းချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ စနစ်တကျညှိနှိုင်းရေးဆွဲပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နှစ်စဉ်ကဏ္ဍအလိုက် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်က မေးမြန်းသော မြေပုံမြို့နယ်၊ ရက်ချောင်းကျေးရွာ အုပ်စုအတွင်းရှိ ရက်ချောင်း-လေးတောင်-တောင်ပေါက်-မီးကျောင်းတက်ကျေးရွာ ချင်းဆက်လမ်း (လေးတောင်တံတားအပါအဝင်)အား လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေတွင်  ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

 

(၆)    ဦးအောင်လှိုင်ဝင်း၊ မင်္ဂလာဒုံမဲဆန္ဒနယ်က မေးမြန်းသော မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးအား အသုံးပြုသော ယာဉ်စီးရေသည် တစ်နေ့ထက်တစ်နေ့ တိုးတက် များပြားလာသည့်အတွက် ယခုလက်ရှိ (၄)လမ်းသွား လမ်းမကြီးမှ (၆)လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်၍ တိုးချဲ့ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် Max Highway ကုမ္ပဏီလီမိတက်နှင့် (၆)လမ်းသွား တိုးချဲ့နိုင်ရန် စီမံချက်များ ရေးဆွဲလျက်ရှိပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၇)    ဒေါ်ခင်စောဝေ၊ ရသေ့တောင်မဲဆန္ဒနယ်က မေးမြန်းသော စစ်တွေခရိုင်၊ ရသေ့ တောင်မြို့နယ် စစ်တွေ-ပါဒလိတ် ဇီးကိုင်း-ရသေ့တောင်လမ်းပေါ်ရှိ မိုးစဲကျွန်းနှင့် ငနပြားချောင်းကို ဆက်သွယ်မည့် ငနပြားတံတားကို တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ နှစ်ရပ်လုံးတွင်  လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  အစီရင်ခံစာ (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုကို လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

( ဂ )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ်များအပါအဝင် တိုင်းရင်းသားများ နေထိုင်သည့် ပြည်နယ်များတွင် ကျေးရွာချင်း ဆက်လမ်းများအား အလေးထားပြီး ပိုမိုဖောက်လုပ်အဆင့်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။