Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၁)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

( က ) ကြယ်ပွင့်ပြမေးခွန်း (၇) ခု မေးမြန်းဖြေကြားခြင်း

(၁)    ဒေါ်ချိုချို၊ အုတ်တွင်းမဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏စာရင်းကို အတိအကျဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက်ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန် အတွက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ၂၀၁၉ ခုနှစ်ကိုမဲစာရင်းပြုစု ရေးနှစ်အဖြစ် သတ်မှတ်ထားပြီး ရရှိသည့်မဲစာရင်းများကို စာရင်းပြုစုပြီးသည့်အခါ CD ချပ်များဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများသို့ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် မဲစာရင်းကို နှစ်ကြိမ်ကပ်သည့်အခါတွင် သက်ဆိုင်ရာမဲဆန္ဒရှင်များက လာရောက်ကြည့်ရှုပြီး ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါကြောင်းနှင့် မေးခွန်းအား အလေးအနက်ထားပြီး ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် တာဝန်ရှိသူများက ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၂)    ဦးအောင်စိန်၊ ထားဝယ်မဲဆန္ဒနယ်က မေးမြန်းသော ထားဝယ်မြို့တွင် မြို့ရှောင် လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၃)    ဦးခင်မောင်ရီ၊ ဟင်္သာတမဲဆန္ဒနယ်က မေးမြန်းသော ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဆက်သွယ်ရန် ဟင်္သာတ-လက်ပံတန်း (ဧရာဝတီမြစ်ကူး တံတား) တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ပြီးစီးလျှင် ဧရာဝတီတံတား(ဟင်္သာတ)နှင့် ဧရာဝတီတံတား (ကသာ-ပုလွေရွှေ) တံတားကြီး (၂)စင်းအနက် တံတားတစ်စင်းကို  ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးသန်းအောင်၊ ငပုတောမဲဆန္ဒနယ်က မေးမြန်းသော ငပုတောမြို့နယ်၊ ကုလား ချောင်း-ကျောက်ပုံကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဆောက်လုပ်ရန် ကျန်ရှိသော ကန်ချောင်းတံတား၊ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင်ရွာကြားရှိ ပျက်စီးနေသော တံတားတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အမီ တည်ဆောက်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကန်ချောင်းတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင်လည်းကောင်း၊ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင်ရွာကြားရှိ တံတားကို ၂၀၁၉-၂၀၂၀ ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေတွင်ထည့်သွင်း လျာထားတင်ပြသွားမည်ဖြစ်ပါ ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဦးတိုးဝင်း၊ တာမွေမဲဆန္ဒနယ်က မေးမြန်းသော တာမွေကလေး၊ မင်းရဲကျော်စွာ မီးရထားခုံးကျော်တံတားပေါ်ရှိ လျှပ်စစ်မီးတိုင်များ ပြန်လည်မီးလင်းရေး အမြန် ဆောင်ရွက်ပေးရန်၊ မြို့ပတ်မီးရထားဘူတာရုံများ၊ သံလမ်းနံဘေးနေရာများတွင် အန္တရာယ်သတိပြု သတ်မှတ်နယ်နိမိတ်မျဉ်း သို့မဟုတ် အမှတ်အသားများကို ထင်သာမြင်သာ သတ်မှတ်ထားရှိရန်၊ မီးရထားတိုက်ခြင်း အန္တရာယ်မှ ကင်းဝေး စေရန် မေတ္တာညွန့်နှင့် မြန်မာ့ဂုဏ်ရောင်သို့ ဖြတ်ကူးသော လူကူးမီးရထားခုံးကျော် တံတားနှင့် ကျောက်မြောင်း မလွှကုန်းဘူတာဘက်ခြမ်းမှ ပုသိမ်ညွန့်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတားတို့ကို တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က မင်းရဲကျော်စွာမီးရထားခုံးကျော်တံတားပေါ်တွင် လမ်းမီးများကို တပ်ဆင်ပေးပြီး ဖြစ်ပါကြောင်းနှင့် ပုသိမ်ညွန့်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် မေတ္တာညွန့်နှင့် မြန်မာ့ဂုဏ်ရောင်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတား တည်ဆောက်ပေးနိုင်ရန် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးအောင်မင်း၊ ဇလွန်မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၈-၂၀၁၉ ခုနှစ် ဘတ်ဂျက် ခွင့်ပြုချက်ဖြင့် ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကမ်းထိန်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ရာ ဧရာဝတီမြစ်၏ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအနေအထား အရ ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရေး မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ကမ်းပါးအိကျမှုများရှိသည့် ဇလွန် အိုးဘို-သဲကုန်း ဆည်မြောင်းတာတမံများရှေ့တွင် ကပ်လျက်ရေစီးကြောင်း စီးဆင်းမှုကို လျော့နည်းသက်သာစေမည့် လုပ်ငန်းများနှင့် သောင်တူးလုပ်ငန်းများကို  ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြား ခဲ့သည်။

 

(၇)    ဦးဉာဏ်လင်း၊  ရွှေပြည်သာမဲဆန္ဒနယ်က မေးမြန်းသော ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၃)ရပ်ကွက် (ဝါးတရာကျေးရွာ) မြောက်ပိုင်း၊ လှိုင်မြစ်၏ အရှေ့ဘက်ကမ်းရှိ ကျောက်သားမြေထိန်းနံရံ ပေ(၂၀၀၀)ခန့်နှင့် ဆိပ်ကမ်းသာကွန်ကရစ်လမ်း ပေ (၅၀၀) ခန့်သည် မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေပြီး အချိန်မီ မပြု ပြင်ပါက ကျန်ကျောက်သားမြေထိန်းနံရံနှင့် ဆိပ်ကမ်းသာကွန်ကရစ်လမ်းတို့ကို ဆက်လက်တိုက်စားပြိုကျပျက်စီးစေနိုင်၍ ပြည်သူ့ဘဏ္ဍာငွေ အမြောက်အမြား ဆုံးရှုံးနိုင်ပါသဖြင့် နိုင်ငံတော်၏အရေးပေါ်ရန်ပုံငွေ သို့မဟုတ် ၂၀၁၈-၂၀၁၉ ခုနှစ် နောက်တိုးဘတ်ဂျက်မှ ငွေကျခံသုံးစွဲ၍ အမြန်ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ကမ်းပြိုကာကွယ်ရေး ရန်ပုံငွေခေါင်းစဉ်အောက်မှ ယခုမတ်လအတွင်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အလျား ပေ (၂၅၀) လုပ်ငန်းစတင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။      

 

( ခ )  ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံအင်ဂျင် နီယာကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သဘောကွဲလွဲသည့် အချက်(၁၁)ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ် ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က)နှင့်(ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။      

 

( ဂ )  အဆို (၁) ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးဇော်မင်းသိန်း၊ လေးမျက်နှာမဲဆန္ဒနယ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကကျသည့် ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝမြှင့်တင်နိုင်ရန် မဖြစ်မနေ ဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သော ကျေးလက်လမ်း၊ တံတားများ တည်ဆောက် အကောင်အထည်ဖော်ရာတွင် ရည်မှန်းချက်များနှင့် လုပ်ငန်းစဉ်များ အောင်မြင်စေရန် အတွက် လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးက ဆွေးနွေးပြီး လွှတ်တော် က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၅၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၇-၃-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။