Skip to main content

 

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက် (ဝါးတရာကျေးရွာ)မြောက်ပိုင်း၊ လှိုင်မြစ်၏ အရှေ့ဘက် ကမ်းရှိ ကျောက်သားမြေထိန်းနံရံပေ ၂၀၀၀ ခန့်နှင့် ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းပေ ၅၀၀ ခန့်သည် မြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးနေပြီး အချိန်မီမပြုပြင်ပါက ကျန်ကျောက်သား မြေထိန်းနံရံနှင့် ဆိပ်ကမ်းသာ ကွန်ကရစ်လမ်းတို့ကို ဆက်လက်တိုက်စားပြိုကျပျက်စီးစေနိုင်၍ ပြည်သူ့ဘဏ္ဍာငွေ အမြောက်အမြားဆုံးရှုံးနိုင်ပါသဖြင့် နိုင်ငံတော်၏ အရေးပေါ်ရန်ပုံငွေ သို့မဟုတ် ၂၀၁၈-၂၀၁၉ ခုနှစ် နောက်တိုးဘတ်ဂျက်မှ ငွေကျခံသုံးစွဲ၍ အမြန်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးက လွှတ်တော်ကိုယ်စားလှယ်များထံကို ယခုကဲ့သို့ပျက်စီး နေသည့်အကြောင်းနှင့် ကမ်းပတ်တာကြီးသာ ပြိုကျသွားပါက ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်များ ရေဘေးအကြီးအကျယ်သင့်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေများစွာသုံးစွဲပြီး အန္တရာယ်များစွာ ကြုံတွေ့မည်ဆိုသည့်အကြောင်း တင်ပြထားပါကြောင်း၊ ရွှေပြည်သာမြို့၏ အနောက်မြောက်ဘက်နှင့် အနောက်ဘက်တွင် ဝါးတရာမြစ်သည် ၁၃ ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၁၉ ရပ်ကွက်၊ ၂၃ ရပ်ကွက် ဝါးတရာတို့ကို ဖြတ်သန်း စီးဆင်းနေပါကြောင်း၊ ကမ်းပါးနယ်ရှိ မြေထိန်းနံရံများပြိုကျရုံသာမက ကမ်းပတ်တာကို ထိုးဖောက်၍ ရေတိုက်စားပြီး ကမ်းပတ်တာပေါ်တွင် တည်ဆောက်ထားသော ကွန်ကရစ်လမ်း တစ်ဝက်ခန့် ပြိုကျနေပါကြောင်း၊ မြစ်ကမ်းများတွင် ရေတိုက်စားနေပါကြောင်း၊ မြစ်ထိန်းနံရံ ပေ ၂၀၀၀ ခန့် ပြိုကျပျက်စီးသွားပါကြောင်း၊ မြစ်ကမ်းအနီးတွင် မြေ၊ သဲ၊ ကျောက်များကို စည်းကမ်းမဲ့ စုပ်ယူစုပုံပြီး စီးပွားဖြစ် လုပ်ကိုင်သည့်အခါ ကမ်းပါးများ ပြိုကျပျက်စီးခြင်း ဖြစ်နိုင်သည့်အတွက် သက်ဆိုင်ရာ မြစ်ကြောင်းမှ တာဝန်ရှိသူများ၊ ပုဂ္ဂိုလ်များအနေဖြင့် သဲများ၊ ကျောက်များ စုပ်ယူခြင်းနှင့် ပတ်သက်ပြီး သေချာစွာစစ်ဆေးခြင်း၊ လိုအပ်လာပါက တားမြစ်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းတို့ ပြုလုပ်ရန်  လိုအပ်နေပါကြောင်း၊

ထိုကဲ့သို့ မလုပ်ဆောင်ပါက ပြည်သူ့ဘဏ္ဍာငွေ အမြောက်အမြားဖြင့် ကျခံသုံးစွဲပြီး တည်ဆောက်ထားသော မြစ်ထိန်းနံရံများသည် မလိုလားအပ်ဘဲပျက်စီးပြီး ငွေအမြောက်အမြား ကုန်ကျမည် ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် စာသင်ကျောင်းတွင် ရေဘေး ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားပါကြောင်း၊ ရေဘေးနှင့်လေဘေးကြောင့် ဝါယာကြိုးများ အထွေးလိုက်ပြုတ်ကျ နေပါကြောင်း၊ အချိန်မီမြန်မြန် ပြုပြင်သည်နှင့်အမျှ ပြည်သူ့ဘဏ္ဍာငွေများ  အကုန်အကျနည်းမည်၊ ကြာမြင့်သည်နှင့် အမျှပိုမိုပျက်စီးပြီး ပြည်သူ့ဘဏ္ဍာငွေများ ပိုမိုကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော်၏အရေးပေါ် ရန်ပုံငွေသို့မဟုတ် ၂၀၁၈-၁၉ နောက်တိုးဘတ်ဂျက်မှ ကျခံသုံးစွဲပြုပြင် ပေးနိုင်ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၃) ရပ်ကွက် ဝါးတရာ လှိုင်မြစ်ဘေးဆိပ်ကမ်းသာ ကွန်ကရစ်ကားလမ်း ပျက်စီးရခြင်းအကြောင်းရင်းက  ရေထွက်ပေါက်များကို ပိတ်ဆို့ပြီးကားလမ်း တည်ဆောက်ထားခြင်းကြောင့် မိုးရာသီရောက်သည့်အချိန်တွင် အောင်းရေများ ထိုးထွက်ခြင်းနှင်‌့ အတူ မြေကြီးကျွံကျခြင်းများ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ မြေကြီးကျွံကျမှုကြောင်‌့ ကွန်ကရစ်လမ်း ကျိုးကျပျက်စီးခဲ့ပြီးလမ်းမှ ၆ ပေအကွာ မြစ်ကမ်းဘက်တွင် တည်ဆောက်ထားသော မြေထိန်းနံရံလည်း ပြိုကျပျက်စီးခဲ့ရပါကြောင်း၊ မြေထိန်းနံရံပြိုကျ ပျက်စီးရခြင်းသည် မြစ်ရေတိုက်စားခြင်းကြောင့် မဟုတ်ဘဲ ကွန်ကရစ်ကားလမ်း ပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်နှင်‌့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်က မြို့ပြနှင်‌့အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ အပ်ငွေဖြင့်  ကျောက်စီမြေထိန်းနံရံ အလျားပေ ၆၀၀ ခန့် တည်ဆောက်ပေးထားခဲ့ခြင်း  ရှိပါကြောင်း၊

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင်‌့ မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဒေသ (၁) ရန်ကုန်တိုင်းဒေသကြီးရုံးက ဝါးတရာကျေးရွာအနီး လှိုင်မြစ်အရှေ့ဘက် ကမ်းရှိ လက်ရှိမြေထိန်းနံရံ၏ အောက်ဘက်တွင် အလျားပေ ၃၀၀ ကျောက်စီမြေထိန်းနံရံ လုပ်ငန်းနှင်‌့ လက်ရှိမြေထိန်းနံရံအရှည် အလျားပေ ၆၈၀ အခြေထိန်းမျော ကရစ်ကွက် လုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ဦးစားပေးအစီအစဉ်အဖြစ် ထည့်သွင်းလျာထား တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ လတ်တလောတွင် ပျက်စီးနေသော ဆိပ်ကမ်းသာ ကွန်ကရစ်လမ်း ထပ်မံပျက်စီးမှုများ မပေါ်ပေါက်စေရေးအတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အရေးပေါ်ကမ်းပြို ကာကွယ်ရေးရန်ပုံငွေ ခေါင်းစဉ်အောက်မှ ယခုမတ်လအတွင်း ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အလျားပေ ၂၅၀ လုပ်ငန်း စတင်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖြေကြားပါသည်။

 

ဦးဉာဏ်လင်း(ရွှေပြည်သာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုဝါးတရာကျေးရွာသည် ဝါးတရာကျေးရွာ သက်သက်သာမဟုတ်ဘဲ ၎င်း၏နောက်ခံ ဝါးတရာ စက်မှုဇုန်ရှိပါကြောင်း၊ ၎င်းတို့နှင့် တစ်ဆက်တစ်စပ်တည်းတွင် ၂၂ ရပ်ကွက် သစ်အခြေခံစက်မှုဇုန် ရှိပါကြောင်း၊ မကြာမီရက်ပိုင်း၊ လပိုင်းအတွင်း သစ်အခြေခံစက်မှုဇုန်တွင် ဘွိုင်လာအိုးပေါက်ကွဲပြီး အလုပ်သမား ၁၀ ယောက် ကွယ်လွန်သွားပါကြောင်း၊ လေဘေး၊ ရေဘေးများ နှစ်စဉ်ကြုံတွေ့ပြီး စက်မှုဇုန်များတွင်လည်း အသက်အန္တရာယ်ကြုံတွေ့ရသည့် အနေအထားမျိုးဖြစ်ပါကြောင်း၊ ကမ်းပတ်တာသည် မြစ်ရေကအောက်တွင်ရှိသည့် မြေနိမ့်ပိုင်းမြို့ပြရပ်ကွက်များကို အကြီးအကျယ် ရေလွှမ်းမိုးမှု မဖြစ်အောင် ကာရံထားသည့်တာဖြစ်ပါကြောင်း၊

မြစ်ရေကြောင့်ဖြစ်ဖြစ်၊ မိုးရေကြောင့်ဖြစ်ဖြစ် ကမ်းပတ်တာကျိုးပေါက်သွားပါက အောက်တွင် ရှိသည့် ရပ်ကွက်များအကြီးအကျယ် ရေဘေးသင့်မည် ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ကမ်းပတ်တာ ကျိုးပေါက်မှုမရှိအောင် ယခုမိုးဦးမကျမီ ဦးစားပေးစီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင်‌့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ရွှေပြည်သာမြို့နယ် ဝါးတရာချောင်းနေရာတင်မက ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ကွင်းဆင်းလေ့လာဆောင်ရွက်ပြီး အတက်နိုင်ဆုံးဆောင်ရွက် သင်‌့သည့် လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြသည့်အခါ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ ရရှိနိုင်မည်‌့ ရန်ပုံငွေများအပေါ်မူတည်ပြီး တိုင်းဒေသကြီး/ပြည်နယ်များ အနေဖြင့်လည်း ၎င်းတို့၏ဦးစားပေးအစီအစဉ်အရ ၎င်းတို့၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းတွင် ကမ်းပြိုမှုမြောက်မြားစွာ ဖြစ်နေသည့်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည်ကို မိမိအနေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနကို ကမ်းပတ်တာ ကျိုးပေါက်သည့်ကိစ္စကို အသိပေးပြီး ၎င်းတို့ကိုကွင်းဆင်၍ အခြေအနေကို တင်ပြခိုင်းမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။