Skip to main content

 

ဇလွန်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်သည် အရှေ့၊ အနောက် ၇ ကီလိုမီတာကျယ်ပြန့်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အကျယ်ဆုံးဖြစ်ပါကြောင်း၊  ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်များအနက် ဇလွန်မြို့နယ်သည် ကမ်းပြိုကမ်းစားဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက် ခွင့်ပြုငွေဖြင့် ဇလွန်မြို့နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းနှစ်ရပ်အတွက် စုစုပေါင်းကျပ် ၄၉၆ သန်းခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါကြောင်း၊ ပန်းတာသစ်တည်ဆောက်မယ် ဆိုပါက ၎င်းပန်းတာအတွင်း ကျရောက်သည့် ရွာများကိုရွှေ့ပြောင်း ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါနှစ် ခွင့်ပြုချက်ရရှိသည့် ၂၉၆ သန်းဖြင့် ရေလမ်းထိန်းသိမ်းရေးနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ပကတိအခြေအနေများပေါ် အခြေခံပြီး အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ဇလွန်မြို့အထက် ဝါသာလှ ၅ မိုင်ခွဲတူးမြောင်းသည် လက်ရှိအချိန်တွင် ပိုမိုဖွံ့ဖြိုးပြီး ရေကြောင်း ကောင်းမွန်လာသော်လည်း တူးမြောင်းအဝတွင် သဲသောင်အချို့ပိတ်ဆို့မှုရှိပြီး ထိုက်သင့်သလောက် ရေကြောင်းစီးဆင်းမှုကို အနှောင့်အတားတစ်ခု ဖြစ်ပေါ်နေလျက် ရှိပါကြောင်း၊ ထို့ပြင် တူးမြောင်းဝမှ ထွက်လာသည့် ရေစိုင်သည် ကူးတို့ဆိပ်ရွာ၏အောက်ဘက် နန်းတော်ကျွန်းမြစ်ဟောင်းပေါက်နှင့် ကပ်လျက်ရှိ ကမ်းပါးကိုတိုက်စားပြီး တစ်ဘက်ကမ်းရှိ ဇလွန်မြို့အိုးဘို-သဲကုန်း ဆည်မြောင်းတာတမံအနီးမှ ရေကြောင်းကပ်လျက် စီးဆင်းလျက် ရှိသည့်အတွက် ကမ်းပါးတစ်လျှောက် ကမ်းပါးအိကျခြင်း၊ ဆည်မြောင်းမြေသားတာတမံများ နိမ့်ကျမှုဖြစ်ပေါ်ခဲ့သည့်အပြင် ဇလွန်မြို့မြစ်ကမ်းပါး အခြေအနေကိုပါ ထည့်သွင်းစဉ်းစားရမည့် အခြေအနေ ဖြစ်ပေါ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၏ ၁၇-၁၂-၂၀၁၇ ရက်နေ့တွင် ရေကြောင်းတိုင်းတာ စစ်ဆေးမှုများအရ တွေ့ရှိခဲ့ပါကြောင်း၊ ဇလွန်မြို့နယ်မှာတွင် ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးနှင့် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေအရင်းအမြစ်နှင့်မြစ် ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရရန်ပုံငွေတွင် ကျပ်သန်း ၂၈၀၀ နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေတွင် ကျပ် ၄၁၇ သန်း အသီးသီးလျာထား တင်ပြခဲ့သော်လည်း ပြည်ထောင်စုအစိုးရရန်ပုံငွေ ကျပ် ၂၉၆ သန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း ၂၀၀ စုစုပေါင်းရန်ပုံငွေကျပ် ၄၉၆ သန်းကိုသာ ခွဲဝေရရှိခဲ့ပါကြောင်း၊ ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများ‌ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း ၂၀၀ ဖြင့် ရေနက်စီးကြောင်း ကပ်လျက် ဖြစ်ပေါ်ပြီး ကမ်းပါးအိကျမှုများရှိသည့် ဇလွန်-အိုးဘို-သဲကုန်း ဆည်မြောင်း တာတမံများရှေ့တွင် ကပ်လျက်ရေစီးကြောင်း စီးဆင်းမှုကို လျော့နည်းသက်သာစေမည့် လုပ်ငန်းအစီအမံများအတွက် လုပ်ငန်သုံးပစ္စည်းတင်ဒါများ ခေါ်ယူပြီးဖြစ်၍ လုပ်ငန်းများစတင် ဆောင်ရွက်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၂၉၆ သန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများမှ သောင်တူးလုပ်ငန်းမှ အဓိကဖြစ်ပြီး သောင်တူးရေယာဉ် ခွဲဝေဆောင်ရွက်နေမှုအရ ဓနုဖြူမြို့နယ်၊ စံကင်းရေလမ်း ဖွံ့ဖြိုးရေးပြီးစီးသည့် မတ်လအလယ်ခန့်တွင် အဆိုပါ သောင်တူးရေယာဉ်များကို ဇလွန်မြို့သို့ ရွှေ့ပြောင်းပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊  အထက်ဖော်ပြပါလုပ်ငန်းများကို ရရှိသည့် ဘဏ္ဍာရန်ပုံငွေ အခြေအနေအပေါ် မူတည်ပြီး ထိုက်သင်‌့သည့် အကျိုးကျေးဇူးရရှိစေရန် စီမံ ဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီး လာမည့်ရေနည်းရာသီတွင် စိစစ် တိုင်းတာစစ်ဆေးပြီး လိုအပ်သည့်လုပ်ငန်းများကို ထပ်မံဖြည့်စွက်ဆောင်ရွက် သွားရန်လိုအပ်မည် ဖြစ်ပါကြောင်း။

ဝါသာလှ ၅ မိုင်ခွဲတူးမြောင်းတွင် စီးဆင်းလာသည့် ရေစီးကြောင်းကို ဇလွန်မြို့အနီးဖြတ်သန်း စီးဆင်းမှုအား ပိုမိုလျှော့ချနိုင်စေရန်အတွက် ကူးတို့ဆိပ်ရွာ၏ အောက်ဘက်ရှိ နန်းတော်ကျွန်းမြစ် ဟောင်းပေါက် ပြန်လည်တူးဖော် ဆောင်ရွက်ခြင်းသည် ရေရှည်ပိုမိုကောင်းမွန်သည့် အစီအမံ ဖြစ်သော်လည်း ရန်ပုံငွေလိုအပ်မှုအခြေအနေ၊ မြေပြင်အခြေအနေတို့အရ တူးဖော်ပြီးပါက လတ်တလောဖွံ့ဖြိုးမှုကို အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ရမည့် အခြေအနေနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများအခြေအနေစသည့် အကြောင်းအရာများကို ထည့်သွင်း တိုင်းတာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြခဲ့သည့်လုပ်ငန်းများကို လတ်တလောဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နန်းတော်ကျွန်းမြစ်ဟောင်းပေါက် တူးဖော်မည့် လုပ်ငန်းများအပေါ် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု ဆောင်ရွက်ပြီး ရေရှည်တွင် ပိုမိုကောင်းမွန်သည့် လုပ်ငန်းများအဖြစ် ဆောင်ရွက်မည်ဆိုပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထား တင်ပြသွားမည်ဖြစ်ပြီး ဘဏ္ဍာခွင့်ပြုငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။