Skip to main content

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်တည်ရှိပြီး ကချင် ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အထိ တိုက်ရိုက်သွားနိုင်သည့် လမ်းမကြီးပေါ်တွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီး တောက်လျှောက်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်အသွယ်သွယ်ဖြင်‌့ သွားလာနေကြပါကြောင်း၊ အထူးသဖြင်‌့ ထားဝယ်မြို့ကို မော်တော်ယာဉ်များ ဖြတ်သည့်အခါ မြို့တွင်းကို ဖြတ်ရပါကြောင်း၊ မြို့တွင်းကိုဖြတ်သည့်အခါ အိမ်ရှေ့ပြင်ရပ်ကွက်၊ ဗျောတောဝရပ်ကွက်၊ ကျောက်မော်ကြီးရပ်ကွက်၊ ကျောက်မော်ရပ်ကွက် များကို ဖြတ်ပြီးသွားရပါကြောင်း၊  ကုန်တင်ယာဉ်များ အကြီးများဖြတ်သွားသည့်အခါ လမ်းကျဉ်း သည့်အတွက် လမ်းပိတ်ဆို့မှု များဖြစ်ပါကြောင်း၊ လမ်းပိတ်ဆို့မှုဖြစ်သည့် အတွက်ကြောင်‌့ မော်တော်ယာဉ်များလည်း အချိန်ကုန်ပါကြောင်း၊ ထို့ကြောင်‌့ ၎င်းအခက်အခဲများကို ကျော်လွှား နိုင်အောင် မြို့ရှောင်လမ်း ဖောက်မည်ဆိုပါက တစ်မိုင်လောက်သာ ဖောက်ရမည့်အတွက်ကြောင်‌့ ထားဝယ်မြို့တွင် မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ရှောင်လမ်း ဖောက်လုပ်ရန် အတွက် လျာထားလမ်းအူကြောင်း တိုင်းတာခြင်းလုပ်ငန်းများ စိစစ်ဆောင်ရွက်သည့်နေရာတွင် ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်းပေါ်မှာရှိ ထားဝယ်မြို့မရောက်မီ ၁၂ ကီလိုမီတာ၊ မိုင်တိုင်အမှတ် (၅၁၆) ကီလိုမီတာအနီးရှိ ပုလုကုန်းကျေးရွာအနီးမှ အရှေ့ဘက်သို့ ခွဲထွက်ပြီး ထားဝယ်မြို့၏ နှစ်ကီလိုမီတာအကျော်  မိုင်တိုင်အမှတ် (၅၃၀) ကီလိုမီတာအနီးရှိ ကျောက်မော်ရပ်ကွက်နှင်‌့ ကျောက်ရပ်ကျေးရွာအကြားသို့ ပြန်လည်ဝင်ရောက်သည်‌့ လမ်းကြောင်းကို  လျာထားတိုင်းတာ ထားပါကြောင်း၊  အဆိုပါ ထားဝယ်မြို့ရှောင်လမ်းသည် ပဏာမတိုင်းတာ ချက်များအရ ငါးကီလိုမီတာခန့်ရှည်လျားပြီး အရှည် ၆၀ ပေ တံတားခြောက်စင်း ကိုလည်း ထည့်သွင်းတည်ဆောက် ရမည်ဖြစ်ပါကြောင်း၊  မြို့ရှောင်လမ်းဖောက်လုပ်သည့် နေရာတွင် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် လယ်မြေများအတွက် မြေယာလျော်ကြေး ပေးချေမှုများ ဆောင်ရွက်သည့်နေရာတွင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင်‌့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များမှလည်း ပါဝင်ကူညီပေးရန် မေတ္တာရပ်ခံ အပ်ပါကြောင်း၊ လျော်ကြေးကို မူလတွင်လယ်သမားများက ၎င်းဒေသတွင်ရှိသည့် အမြင်‌့ဆုံးဈေးနှင့် လျော်ကြေးပေးရန် သဘောတူထား သော်လည်း တကယ်လျော်ကြေး ပေးချေသည့်အချိန်တွင် လမ်းပြီးသွားရင် တက်လာနိုင်သည့် ဈေးနှုန်းမျိုးကို ထပ်မံတောင်း ဆိုတာမျိုး ဖြစ်လာတတ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စများကို သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များမှ မြေသိမ်း၊ ယာသိမ်းလျော်ကြေးကိစ္စများကိုကူညီ ဖြောင်းဖျပေးရန်ဒီနေရာတွင် မေတ္တာရပ်ခံအပ်ပါကြောင်း၊ ထားဝယ်မြို့ရှောင်လမ်း ဖောက်လုပ်ရာတွင် လမ်းအူကြောင်းကို အတည်ပြုသတ်မှတ်ပြီးပါက ‌မြေစမ်းသပ်ခြင်းလုပ်ငန်းများ၊ လမ်းလွှာ ဒီဇိုင်းပုံစံထုတ်ခြင်း၊ အကြိုအင်ဂျင်နီယာလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင်‌့ ဘဏ္ဍာရေး နှစ်အလိုက်ရန်ပုံငွေများ တင်ပြတောင်းခံသွားပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ဦးအောင်စိန် (ထားဝယ်မဲဆန္ဒနယ်) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဒုတိယဝန်ကြီး ဖြေကြားသွားသည်ကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် လက်ရှိ မိမိတို့မြင်သည်မှာ ခုနပြောသည့် ရပ်ကွက်မှနေပြီး ကျောက်မော်ရပ်ကွက်ထိ တစ်မိုင်လောက်တွင် ရထားလမ်း ရှိပါကြောင်း၊ လက်ရှိအသုံးမပြုတော့ပါကြောင်း၊ မသုံးသည့်ရထားလမ်းနှင့် ယှဉ်ပြီး‌ဖောက်မည် ဆိုပါက လယ်သိမ်း/ယာသိမ်းများ နည်းသွားလိမ့်မည်ဟု မိမိထင်မြင်မိပါကြောင်း၊ ထို့အတွက်ကြောင်‌့ မီးရထားလမ်းနှင့်ယှဉ်ပြီး ဖောက်ရင်မဖြစ်နိုင်ဘူးလား ဆိုသည်ကို သိရှိလိုပါကြောင်းဖြင့်  ဆက်စပ်မေးခွန်း အားမေးမြန်းပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးကျော်လင်း

လမ်းအူကြောင်းအသစ် ဖောက်မည်ဆိုပါက  အရင်ဆုံးဖြစ်နိုင်ဖွယ် လမ်းအူကြောင်း သုံးကြောင်းကို ရွေးချယ်ရပါကြောင်း၊ ၎င်းသုံးချောင်းထဲမှာမှ ဒေသခံပြည်သူများ ထိခိုက်မှုအနည်းဆုံးနှင့် လျော်ကြေးပေးချေရမှု အနည်းဆုံးနေရာ စသည်ဖြင်‌့ လမ်းအူကြောင်းကို ရွေးချယ်ထားခြင်း ဖြစ်ပါကြောင်း၊ မီးရထားလမ်းကြီးနှင့်အပြိုင် ကပ်ပြီးသုံးမည်ဆိုသည်မှ အကယ်၍ နောင်တစ်ချိန်တွင် ၎င်းရထားလမ်းကြီး သုံးလာခဲ့မည်ဆိုပါက အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် အခုသာ မီးရထားမသွားသည့်အတွက် ရထားလမ်းကြီးသည် အပိုလိုဖြစ်နေသော်လည်း  နောင်တစ်ချိန်တွင် ရထားလမ်းများ ဖွံ့ဖြိုးတိုးတက်လာပါက  အသုံးပြုရမည် ဖြစ်သည့်အတွက် ၎င်းနေရာအစား လက်ရှိရွေးထားသည့်နေရာသည် အသင်‌့တော်ဆုံးဖြစ်ကြောင်း ဆက်စပ် မေးခွန်းအား ပြန်လည်ဖြေကြားခဲ့ပါသည်။