Skip to main content

 

တာမွေကလေး၊ မင်းရဲကျော်စွာ မီးရထားခုံးကျော်တံတားပေါ်ရှိ လျှပ်စစ်မီးတိုင်များ ပြန်လည်မီးလင်းရေး အမြန်ဆောင်ရွက်ပေးရန်၊ မြို့ပတ်မီးရထားဘူတာရုံများ၊ သံလမ်းနံဘေး နေရာများတွင် အန္တရာယ်သတိပြု သတ်မှတ်နယ်နိမိတ်မျဉ်း သို့မဟုတ် အမှတ်အသားများကို ထင်သာမြင်သာ သတ်မှတ်ထားရှိရန်၊ မီးရထားတိုက်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန်၊ မေတ္တာညွန့်နှင့် မြန်မာ့ဂုဏ်ရောင်သို့ ဖြတ်ကူးသော လူကူးမီးရထားခုံးကျော်တံတားနှင့် ကျောက်မြောင်း မလွှကုန်းဘူတာဘက်ခြမ်းမှ ပုသိမ်ညွန့်သို့ဖြတ်ကူးမည့် လူကူးခုံးကျော်တံတား တို့ကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

 

ညမှောင်မှောင် လရောင်ကမလင်း ကြယ်ရောင်ကင်းသည့်ညတွင် ကားသုံး၊ လေးစီးခန့် တာမွေကလေး၊ မင်းရဲကျော်စွာ ခုံးတံတားတွင် ထိုးကျခဲ့ဖူးကြောင်း၊ ထိုသို့မှောင်မဲသည့် ညများတွင် ကားများထိုးကျသည့် အန္တရာယ်များရှိခဲ့ခြင်း၊ မီးရထားခုံး၏ အောက်တွင်ဆိုလျှင်လည်း မူးယစ်ဆေးဝါး သုံးစွဲသူများ လာရောက်သုံးစွဲနေကြခြင်းကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ခုံးကျော်တံတားများ၏ မီးမလင်းမှုများနှင့် ခုံးကျော်တံတားများအောက်တွင် မီးမှိန်မှုများ၊ မီးမရှိမှုများမှာ မူးယစ်ဆေးဝါးကို အများကြီးဖြစ်ပေါ်စေသကဲ့သို့ ကားများအန္တရာယ် ဖြစ်ပေါ်မှုကိုလည်း ဖြစ်စေသောကြောင့် မိမိအနေဖြင့် တင်ပြရခြင်းဖြစ်ပါကြောင်း၊ မိမိမေးခွန်းတင်ပြီး တစ်လခန့်အကြာတွင် လင်းရုံတင်မက ထိန်နေသောခုံးတံတားကြီးကို တွေ့ရသည့်အတွက် ဘေးနားရှိအိမ်များကလည်း အားလုံးဝမ်းသာကြသလို ယခုအချိန်တွင် အန္တရာယ်ကင်းစွာဖြင့် ကားများမောင်းနှင်နေကြသည်ကို သတင်းပို့မှုများအရ သိရှိရပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များကိုလည်း ကျေးဇူးတင်ပြီး ဤခုံးတံတားကြီးများကို မူးယစ်ဆေးဝါးနှင့် အန္တရာယ်ရှိနိုင်သည့် ကားများအတွက် အမြဲမပြတ်စစ်ဆေးပေးရန် မိမိအနေဖြင့် ထပ်မံမေတ္တာရပ်ခံ လိုပါကြောင်း၊ ယခု မီးရထားသံလမ်းများတွင် သွားလာကြသည့် ခရီးသည်များ၏ အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ ဆက်လက်တင်ပြလိုပါကြောင်း၊

ရန်ကုန်မြို့တွင် ဘတ်စ်ကားနှင့် ခရီးသွားကြရသည့် လူများအပြင် ၄၅.၉ ကီလိုမီတာနှင့် ၂၈.၅ မိုင်ရှည်လျားသော ဘူတာစင်ပေါင်း ၃၉ ဘူတာတွင် နေ့စဉ်ခရီးသွားလာကြသည့် ပြည်သူများမှာ တစ်သိန်းခွဲမှ အနည်းဆုံး ကိုးသောင်းခွဲခန့်ရှိသည်ဟု Wikipedia Website တွင် ဖော်ပြထားပြီး၊ တချို့မီဒီယာများကလည်း ဖော်ပြထားပါကြောင်း၊ ထိုသို့သွားလာကြသည့်အခါ ပြည်သူများအနေဖြင့် တစ်ခါတလေ သတိလက်လွတ် သွားလာမိသည်များ၊ စည်းမဲ့ကမ်းမဲ့ သွားလာမိသည်များလည်း ရှိပါကြောင်း၊ ရထားမတော်တဆ၊ ဒဏ်ရာရမှုနှင့်သေဆုံးသူ၊ ဒဏ်ရာရသူများနှင့် စည်းကမ်း မလိုက်နာမှုကြောင့် ဒဏ်ရာရသေဆုံးမှုများ ရှိပါကြောင်း၊ ထို့ကြောင့် မီးရထားနှင့် ခရီးသွားလာကြသော ပြည်သူ‌များ၏ အန္တရာယ်ကင်းရှင်းရေးသည် အလွန်အရေးကြီးလာပြီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိစ္စဓူဝခရီးသွားကြသည့် ရထားစီးခရီးသည်များအတွက် မိမိတို့ အတတ်နိုင်ဆုံး အန္တရာယ်ကင်းရှင်းရေးကို မီးရထားလမ်းဘေးဝဲ/ယာများတွင် အန္တရာယ်ရှိနိုင်သည့် သတိပေးချက် အမှတ်အသားများ များစွာလိုအပ်ပါကြောင်း၊ မေတ္တာညွန့် မီးရထားဘူတာရုံတွင် မိမိတို့ငယ်စဉ်က ဘူတာရုံထဲသွားလျှင် မျဉ်းဝါနားကပ်သည်နှင့် လူကြီးများက လက်ဆွဲပြီးရိုက်တာ ခံရပါကြောင်း၊ “နင့်အဖေကြီးဝင်လာရင် လေဟပ်ပြီး ပါသွားလိမ့်မည် ဘာအောင့်မေ့လဲ” ဟူ၍ ပြောသည်ကို ခံရပါကြောင်း၊ ယခုအချိန်တွင် မျဉ်းဝါများပျက်နေပြီး ရေးရေးလေးသာ မြင်ရပါကြောင်း၊ မိမိတို့ပြန်လည် ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မီးရထားနှင့် ခရီးသွားလာရသည့် မိဘပြည်သူများနှင့် ကူးသန်းကြသည့် လူများအတွက်အန္တရာယ် ကင်းရှင်းရေးသည် မီးရထားလမ်းဘေးဝဲ/ယာရှိ အန္တရာယ်ပေးချက် အမှတ်အသားများကို ခေတ်မီ နည်းများဖြင့် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိရှိလိုပြီး မီးရထားနှင့်ခရီးသွားလာကြသည့် ပြည်သူများအတွက် မေတ္တာညွန့်မှမြန်မာ့ဂုဏ်ရောင် ဘက်ကပ်သော ဖြတ်ကူးကြသည့် လူများအတွက် ခုံးတံတားကြီးများ၊ လူကူးခုံးတံတားများ ဆောက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ကျောက်မြောင်းမှ ပုသိမ်မြို့ဘက်ကိုကူးသည့် မီးရထားလူကူး ခုံးတံတားကြီးများ ဆောက်ပေး နိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ တိုင်းအမှတ် (၇) ရန်ကုန်နယ်မြေ အတွင်းရှိ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ မင်းရဲကျော်စွာ မီးရထားခုံးကျော်တံတား ပေါ်တွင် ၁၁၅ ဝပ် LED မီး ၁၅ စုံနှင့် ၁၅၀ ဝပ် Sodium လမ်းမီးနှစ်စုံတို့ကို ၉-၂-၂၀၁၉ ရက်နေ့တွင် တပ်ဆင်ပြီးဖြစ်၍ ကိုယ်စားလှယ်တော်ကြီး တင်ပြသွားသည့်အတိုင်း မီးအလင်းရောင် ကောင်းမွန်စွာရရှိနေပြီ ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေအကူအညီဖြင့် မြန်မာ့မီးရထားက အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအရ မြို့ပတ်ရထားဘူတာများ၏ ပလက်ဖောင်းများ အဆင့်မြှင့်တင်ပြုပြင်ရာတွင် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရထားသံလမ်းဘက် ပလက်ဖောင်းထိပ်မှ အတွင်းဘက်သို့ ၂ ပေ ၆ လက်မအကွာ၌ သတိပေးမျဉ်းဝါလိုင်းများ ရေးဆွဲသတ်မှတ်ဆောင်ရွက် လျက်ရှိသည့်နေရာတွင် လမ်းမတော်၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ ပန်းလှိုင်နှင့် ဟံသာဝတီဘူတာတို့တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်ဘူတာကြီးမပါဘဲ စုစုပေါင်း မြို့ပတ်ဘူတာ ၃၇ ဘူတာရှိသည့်အတွက် ဆောင်ရွက်ပြီး ၇ ဘူတာနှုတ်လိုက်မည်ဆိုလျှင် ဘူတာ ၃၀ ကျန်ပါသေးကြောင်း၊ မိမိတို့အနေဖြင့် မြို့ပတ်ရထားကို အနောက်ဘက်အခြမ်းဖြစ်သော ဘုရားလမ်းဘူတာမှ ဒညင်းကုန်းဘူတာအပိုင်းမှာ ဆောင်ရွက်ရန်ကျန်ရှိသည့် ဘူတာများ အားလုံးကို ပလက်ဖောင်း အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ မျဉ်းဝါလိုင်းရေးဆွဲခြင်းများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ခါအရှေ့ဘက်အခြမ်း ဖြစ်သော ဒညင်းကုန်းဘူတာမှ ပုရွက်ဆိတ်ကုန်းဘူတာ အပိုင်းတွင် ဒညင်းကုန်း-ပုရွက်ဆိတ် ကုန်းလမ်းပိုင်းရှိ ဘူတာများကို ၂၁-၁၂-၂၀၁၈ ခုနှစ်မှစ၍ အချိန်ကာလ ခန့်မှန်းခြောက်လကြာ ဆောင်ရွက်သွားမည်  ဖြစ်ပါကြောင်း၊ တဖန် ကျန်ရှိသည့် ပုရွက်ဆိတ်ကုန်း-ပုဇွန်တောင်လမ်းပိုင်းရှိ ဘူတာများကို ၁-၉-၂၀၁၉ ရက်နေ့မှစ၍ အချိန်ကာလကြာ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊

ရန်ကုန်မြို့ပတ် ရထားသံလမ်းတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံမှုရရှိစေရေး အတွက်ကိုလည်း အုတ်ခြံစည်းရိုးကာရံခြင်းနှင့် Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများကို ယခင်ကတည်းက အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းဆောင်ရွက်ရန် ကျန်ရှိသော ခြံစည်းရိုး အလျား ၂၆၃၄၄၀ ပေ အနက် ၁၄၉၀၉၀ ပေကို ကာရံထားရှိခဲ့ပြီး ဖြစ်ပါကြောင်း၊ ခြံစည်းရိုးကာရံရန်ကျန်ရှိသည့် စုစုပေါင်းအလျား ၁၁၄၃၅၀ ပေကို တင်ပြခဲ့သည့် JICA စီမံကိန်းအရသာ ဆက်လက်ကာရံ ဆောင်ရွက်လျက် ရှိသည့်နေရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခြောက်လဘဏ္ဍာရေးကာလ တို့တွင် ခြံစည်းရိုး ၇၄၅၁၀ ပေ ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု ဘဏ္ဍာငွေအရ အုတ်ခြံစည်းရိုး အလျားပေ ၂၀၀၀ ကို ဆက်လက်ကာရံရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အုတ်ခြံစည်းရိုး ပေ ၅၀၀၀ ကာရံခြင်းလုပ်ငန်းအတွက် ဘဏ္ဍာရန်ပုံငွေကျပ် ၃၇၁.၈ သန်း လျာထားတင်ပြထားပြီး ဖြစ်ပါကြောင်း၊

မြို့ပတ်ရထားလမ်း ဖြတ်ကူးရာတွင် အန္တရာယ်ကင်းရှင်း စေရေးအတွက် ကျောက်မြောင်း၊ မလွှကုန်း ဘူတာဘက်ခြမ်းမှ ပုသိမ်ညွန့်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတားကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် မေတ္တာညွန့်နှင့်မြန်မာ့ ဂုဏ်ရောင်သို့ ဖြတ်ကူးမည့် လူကူးခုံးကျော်တံတား တည်ဆောက်ပေးနိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရန်ပုံငွေ တင်ပြတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးတိုးဝင်း (တာမွေမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ တစ်ခုမှမလုပ်ဖူး၍ မငြင်းသွားသည့်အတွက် ပို၍ကျေးဇူးတင်ပါကြောင်း၊ ပုသိမ့်ညွန့်အသောက ခုံးတံတားကြီးမှာ ကြံ့ခိုင်မှု အလွန်ဆိုးဝါးနေပါကြောင်း၊ မီးရထားသွားလာရေးမှာ သံလမ်းပိုင်းများ အန္တရာယ် ကင်းရေးသည် ဖြတ်ကူးသည့် ခုံးတံတားကြီးများ၏ ကြံ့ခိုင်ရေးကလည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် ခုံးတံတားကြီးများ၏ ကြံ့ခိုင်ရေးကို ပြန်လည်စစ်ဆေးပြီးမှ ပြုပြင်ခြင်း၊ တည်ဆောက်ခြင်း ကိစ္စများကိုလည်း ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ကိုလည်း သိရှိလိုပါကြောင်း ဆက်စပ်မေးမြန်းပါသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးသွားသည့် ဆက်စပ်မေးခွန်းကလည်း မေးသင့်ပါကြောင်း၊ မိမိတို့အနေဖြင့် လျှပ်တပြက်တွင် စိစစ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိဆိုသည်ကို လောလောဆယ်တွင် အစီအစဉ်တိတိကျကျ ပြောကြား၍မရပါကြောင်း၊ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည်မှာ ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စဖြစ်သောကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာမြန်မာ့ မီးရထားဌာနကို ခုံးတံတားများ စိစစ်ဆောင်ရွက်ရန် ကိစ္စကို လမ်းညွှန်မှာကြားပြီး ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။