Skip to main content

 

ငပုတောမြို့နယ် ကုလားချောင်း-ကျွန်းညို ကန့်ဘလာ-ကျောက်ပုံ ကျေးရွာအုပ်စုသုံးခုကို ဆက်သွယ်ထားသော ကျွန်းပတ်မြေသားလမ်းကို ၂၀၁၄-၁၅ တွင် မြန်မာအဓိပတိကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ပါကြောင်း၊ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင်ရွာကြားရှိ တံတားတစ်စင်း၊ တောင်ဦး-ကျောက်ပုံတံတားတစ်စင်း စုစုပေါင်းတံတားနှစ်စင်းကိုလည်း ရဲရင့်ထက်မြက်အောင် ကုမ္ပဏီက တည်ဆောက်ခဲ့ပါကြောင်း၊ ယခုအခါ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင်ရွာကြားမှ တံတားသည် လက်ရန်းများပျက်စီးနေခြင်း၊ တံတားအခင်းများ ဆွေးမြည့်ပေါက်ပြဲခြင်းများ ဖြစ်ပေါ်နေပါကြောင်း၊ ဤ လမ်းမှကျောင်းသား/သူများလည်း နှစ်စဉ်ဖယ်တောင်ကျေးရွာကို စာမေးပွဲများလာရောက် ဖြေဆိုကြရသည့်အတွက် အလွန်အန္တရာယ်ရှိပါကြောင်း၊

၎င်းအပြင် စိုက်ပျိုးသီးနှံများဖြစ်သည့် စပါးရိတ်သိမ်းခြွေလှေ့ပြီး စပါးများကိုဖြတ်သန်း သယ်ဆောင် ရသည့်အခါတွင်လည်း စရိတ်စကများပိုမိုကုန်ကျမှုများ ကြုံတွေ့နေရပါကြောင်း၊ ထို့အတူ ကျောက်ပုံ အုပ်စု၊ ကန်ချောင်းချောင်းတွင်လည်း ယခုတိုင်တံတား တည်ဆောက်ပေးခြင်းမရှိ၍ ကိုယ်ထူကိုယ်ထ တံတားတစ်စင်းကို ဖြစ်သလိုတည်ဆောက်ပြီး ဆက်သွယ်သွားလာ နေရပါကြောင်း၊ ဤလမ်းစီမံကိန်းကို စတင်တည်ဆောက်ကတည်းက ကန်ချောင်းတံတားကို မည်သည့်အတွက်ကြောင့် ထည့်သွင်းတည်ဆောက် ပေးခဲ့ခြင်းမရှိသည်ကို သိရှိလိုပါကြောင်း၊ ဆောက်လုပ်ပြီးစီးသွားသော တံတားများ ပျက်စီးယိုယွင်းပြီး သွားလာ၍မရသည့် အနေအထား ဖြစ်ပါကြောင်း၊ လက်ဖြင့်ဖဲ့ကြည့်မည် ဆိုပါက ငါးခြောက်များကဲ့သို့ မွနေသောသစ်သား တံတားများဖြစ်ပါကြောင်း၊ တံတားလက်ရန်းနှင့် တံတားအခင်းကြမ်းပြင်များ ကျိုးပေါက်ပျက်စီးပြီး အန္တရာယ်ရှိနေပါကြောင်း၊

သို့ဖြစ်ပါ၍ CRN လမ်းအမျိုးအစားထဲတွင် ပါဝင်သည့် ကုလားချောင်း-ကျွန်းညို ကန့်ဘလာ-ကျောက်ပုံ ကျွန်းပတ်လမ်းပေါ်ရှိ ပျက်စီးနေသော တံတားတစ်စင်းနှင့် တည်ဆောက်ရန် ကျန်ရှိခဲ့သော ကန်ချောင်း တံတားတို့ကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အမီ ထည့်သွင်းလျာထား တည်ဆောက်ပေးသွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျောက်ပုံ-ကျွန်းညိုကန့်ဘလာ-ကုလားချောင်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကန်ချောင်းတံတားနှင့် သာခွေးချောင်ကျေးရွာနှင့် ဖိုးကြာအိုင်ရွာကြားရှိ တံတားတို့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ကျေးလက်လမ်းပေါ်ရှိ တံတားများဖြစ်ပါကြောင်း၊ အဆိုပါတံတား နှစ်စင်းအနက် ကန်ချောင်းတံတားသည် ထန်းလုံးတိုင်၊ ထန်းသားများကို အသုံးပြုပြီး ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားသည့် တံတားဖြစ်ပါသဖြင့် အရှည် ပေ ၈၀ အရှည်ရှိ သံကူကွန်ကရစ် တံတားအဖြစ် အဆင်‌့မြှင့်တင် တည်ဆောက်ပေးရန် လိုအပ်လျက် ရှိပါကြောင်း၊ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင် ရွာကြားရှိ ဆောင်ရွက်ရန်ကျန်ရှိသော တံတားကို ကွန်ကရစ်တိုင်၊ သံဘောင်ယက်မ၊ သစ်သား ကြမ်းခင်း တို့ဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ခဲ့ပြီး ယခုအခါ သစ်သားကြမ်းခင်း၊ လက်ရန်းနှင့် ဘီးလမ်းများ ပျက်စီးနေပါသဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက် ရှိပါကြောင်း၊

ကန်ချောင်းတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ပေးရန် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထား၍လည်းကောင်း၊ သာခွေးချောင်ရွာနှင့် ဖိုးကြာအိုင် ရွာကြားရှိတံတားကို လက်တလောသွားလာမှု အဆင်ပြေစေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀ ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေတွင်လည်းကောင်း ထည်‌့သွင်းလျာထား တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။