Skip to main content

 

ဧရာဝတီတိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးသို့ မီးရထားဖြင့် ခရီးသွားလာမည်ဆိုပါက ဟင်္သာတမြို့မှ သာရဝေါဘူတာမှတစ်ဆင့် လက်ပံတန်းမြို့၊ ရန်ကုန်မြို့၊ ပြည်မြို့နှင့်အခြားမြို့များသို့ ဟင်္သာတမြို့မှ သာရဝေါဘက်ကမ်းသို့ စက်လှေများဖြင့်ကူးပြီး မီးရထား၊ ကားများဖြင့်ခက်ခဲစွာ ဖြတ်သန်းသွားလာ နေကြရပါကြောင်း၊ ဧရာဝတီတံတား တည်ဆောက်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်း ဒေသကြီးတို့အား အနီးဆုံးဆက်သွယ် နိုင်မည်ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝတစ်ဟုန်ထိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီးအတွင်း ကြုံလဟာလက်ပံတုန်း မဟာဗျူဟာလမ်းမကြီးလည်းရှိနေ၍ ထိုတံတား မှတစ်ဆင့် ရန်ကုန်မြို့၊ ပဲခူးမြို့၊နေပြည်တော်နှင့် အခြားမြို့များသို့ အချိန်ကုန်သက်သာပြီး လွယ်ကူ လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သောကြောင့် ပြည်သူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတံတားတည်ဆောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးမီးရထားနှင့် ကားနှစ်မျိုးလုံးအသုံးပြုနိုင်သော အရှည်ဆုံးနှစ်ထပ် တံတားဖြစ်ခြင်း၊ ဆောက်လုပ်ရေးနည်းပညာများ ရရှိနိုင်ခြင်း၊ မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားကို မျိုးဆက်သစ် အင်ဂျင်နီယာများ လက်ဆင့်ကမ်းလေ့လာနိုင်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်ဟင်္သာတမြို့၊ နေပြည်တော်မြို့၊ မြစ်ကြီးနားမြို့သို့လည်းကောင်း၊ ရန်ကုန်မြို့၊ ပဲခူးမြို့၊ ဟင်္သာတမြို့မှ ရခိုင်ပြည်နယ် သို့လည်းကောင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ခြင်း၊ မီးရထားဖြင်‌့ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း အားဖြင့် ကုန်ကျစရိတ်လျော့နည်းသက်သာလာနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကာလများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ ဆက်သွယ်သော ဟင်္သာတ-လက်ပံတန်း (ဧရာဝတီမြစ်ကူးတံတား) တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သာရဝေါကျေးရွာသို့ဆက်သွယ်မည်‌့ ဧရာဝတီတံတား (ဟင်္သာတ) ကို ဂျပန်နိုင်ငံ ၏အကူအညီဖြင့် JFE Engineering Corporation နှင့် ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး ပဏာမကြိုတင် ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှု (Pre-Feasibility Study) ကို ပြုလုပ်ခဲ့ရာ  ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် အပြီးသတ်ဆောင်ရွက် ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းအကောင်အထည် ဖော်နိုင်စွမ်းလေ့လာဆန်းစစ်မှု (Feasibility Study) အရ ဟင်္သာတမြို့တွင် မြစ်ကွေ့ကြီးပေါ်တည်ရှိပြီး မြစ်အတွင်းကျွန်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းအူကြောင်း သုံးကြောင်းလျာထားပြီး အသင့်တော်ဆုံးဖြစ်သော လမ်းအူကြောင်းအမှတ် (၂) ကို အတည်ပြုရွေးချယ်ထား ခဲ့ပါကြောင်း၊

အတည်ပြုရွေးချယ်ထားသော လမ်းအူကြောင်းအမှတ် (၂) ကို အသေးစိတ်စိစစ် တိုင်းတာပြီး နှစ်ထပ်ကြမ်းခင်းတံတား အမျိုးအစားဖြစ်သော Rail- Cam Road Bridge (Double Decking) ကို တည်ဆောက်ရန် ပဏာမလျာထားပါကြောင်း၊ အပေါ်တွင် မော်တော်ကားလမ်း၊ အောက်တွင် ရထားလမ်းဖြစ်သည့် တံတားအမျိုးအစားကို ရွေးချယ်ပုံစံထုတ်ထားပါကြောင်း၊ တံတားခန်းဖွင့်ကို ပင်မ တံတားအရှည် ၃၈၆၂ မီတာ၊ ယာဉ်သွားလမ်း အကျယ် ၈.၅ မီတာ၊ တံတားအပေါ်ထပ်ကားလမ်း ချဉ်းကပ်တံတား (Road Approach Bridge) ကို ဟင်္သာတဘက်ကမ်းတွင် ၁၀၅၀.၉၅ မီတာနှင့် လက်ပံတန်းဘက်ကမ်းတွင်  ၉၅၀.၈ မီတာ စုစုပေါင်း တံတားအရှည် ၅၈၆၃.၇၅ မီတာဖြစ်ပါကြောင်း၊ တံတား၏ အောက်ထပ်ချဉ်းကပ် ရထားလမ်းတွင် (Road Approach Bridge) ကို ဟင်္သာတမြို့ ဘက်ကမ်းတွင် ၄၂၅၂ မီတာ၊ လက်ပံတန်းဘက်ကမ်းတွင် ၄၀၀၂ မီတာ စုစုပေါင်း ၁၂၁၀၇ မီတာ အရှည်ရှိမည် ဖြစ်ပါကြောင်း၊ ရေလမ်းကင်းလွတ်အကျယ် ၈၀ မီတာနှင့် ကင်းလွတ်အမြင့် ၁၇ မီတာ ဒီဇိုင်းရေးဆွဲ ထားခဲ့ပါကြောင်း၊

ဧရာဝတီတံတား (ဟင်္သာတမြို့) သည် ကြံခင်း-ဟင်္သာတ-ပုသိမ်ရထားလမ်းနှင့် သာရဝေါ-ရန်ကုန် ရထားလမ်းကြားတွင် တည်ရှိပါသဖြင့် တံတားတည်ဆောက်ပြီးစီးပါက ရထားလမ်းနှင့်ကားလမ်း တို့သည် ကွန်ရက်သဖွယ် ဖြစ်ပေါ်လာပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသည် ဧရာဝတီ တိုင်းဒေသကြီးအပြင် မြန်မာနိုင်ငံအထက်ပိုင်းသို့ သွားလာရာတွင် ရန်ကုန်မြို့မှ ဖြတ်သန်းသွားလာရန် မလိုအပ်ဘဲ ၎င်းတံတားကြီးမှတစ်ဆင့် တိုက်ရိုက်သွားလာနိုင်မည် ဖြစ်သည့်အတွက် ဒေသအတွက်လည်း အရေးကြီးသည့်အပိုင်းက ပါဝင်နေသော တံတားကြီး ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါတံတားတည်ဆောက်ရာတွင် ဂျပန်နိုင်ငံ JICA ချေးငွေ ရရှိရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း JICA ချေးငွေ၏ ဦးစားပေးပထမအဆင့်စီမံချက်တွင် အဆိုပါတံတား မပါရှိခဲ့သည့်အတွက် စတင်ဆောင်ရွက် နိုင်ခဲ့ခြင်းမရှိပါကြောင်း၊

အဆိုပါတံတားကြီးသည် ရထားလမ်း၊ ကားလမ်းပါရှိပြီး စုစုပေါင်း မီတာ ၁၀၀၀၀ ကျော်ရှည်လျား သည့်အတွက် ၂၀၁၂ ခုနှစ်ကတွက်ချက်ခဲ့သော အခြေခံဈေးနှုန်းအရ ၎င်းတံတား၏ စီမံကိန်းခန့်မှန်း တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၂၀.၀၀ ခန့်ကုန်ကျမည် ဖြစ်ပါကြောင်း၊ ယခုလတ်တလောတွင် နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် တည်ဆောက်မည်ဆိုပါက မြန်မာကျပ်ငွေ စုစုပေါင်း ဘီလီယံ ၃၀၀ ကျော်ခန့် အသုံးပြုရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏လက်ရှိ ဘတ်ဂျက် အခြေအနေအရ တံတားတစ်စင်း တည်ဆောက်ရာတွင် တစ်ကြိမ်တွင်ဧရာဝတီ မြစ်ကူးတံတားကြီး တစ်စင်းသာ တည်ဆောက်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ယခုအခါ အရှည်ပေ ၇၄၅၆ ပေရှိသည့် ဧရာဝတီတံတား (သရက်-အောင်လံ) တံတားကြီးကို စတင်တည်ဆောက်နေပြီ ဖြစ်ပါကြောင်း၊ ၎င်း ဟင်္သာတတံတားကြီးကို  နိုင်ငံတော်ရန်ပုံငွေဖြင့် တည်ဆောက်မည်ဆိုပါက ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ပြီးစီးချိန်မှသာ ဧရာဝတီတံတား (ဟင်္သာတ) ကို စဉ်းစားနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတံတား (သရက်-အောင်လံ) ၏ စီမံကိန်းခန့်မှန်းတန်ဖိုး ၉၈ ဘီလီယံခန့် ကုန်ကျမည် ဖြစ်သည့်အတွက် ရန်ပုံငွေအသုံးပြုမှု များပြားသောကြောင့် (သရက်-အောင်လံ) တံတားကြီး ပြီးစီးအောင် ဦးစားပေးတည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊

ဧရာဝတီတံတား (သရက်-အောင်လံ) ပြီးစီးသွားပါက မိမိတို့၏ Master Plan အရ ဧရာဝတီမြစ်ကူး တံတားနှစ်စင်း တည်ဆောက်ရန် အစီအစဉ်ရှိပါကြောင်း၊ ဧရာဝတီတံတား (ဟင်္သာတ) နှင့် ဧရာဝတီ တံတား (ကသာ-ပုလွေရွှေ) ကို ဖြတ်ကူးသော ဟင်္သာတတံတား တို့အနက်တစ်စင်းကို ဦးစားပေး တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ တစ်စင်းပြီးမှ တစ်စင်းတည်ဆောက်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတံတား (သရက်-အောင်လံ) ပြီးစီးသည့်အချိန်တွင် ဦးစားပေးစီစဉ် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။