Skip to main content

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင်‌့ ၂၀၂၀ ခုနှစ်တွင် ကျင်းပမည်‌့ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမည်‌့သူများ၏ စာရင်းကို အတိအကျဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက် ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန်အတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

 

အုတ်တွင်းမြို့နယ်တွင် မကြာသေးမီက ပြုလုပ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေသခံပြည်သူများအနေဖြင့် မဲပေးလိုသည့်အတွက်ကြောင့် စိတ်ပါဝင်စားစွာဖြင့် မဲရုံသို့လာရောက် ကြသော်လည်း မဲပေးရမည့်စာရင်းတွင် မပါဝင်ခြင်းကြောင့် မဲပေးခွင့်မရရှိဘဲ နိုင်ငံသားအခွင်‌့အရေးများ ဆုံးရှုံးခဲ့ရသည့် အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ် တိုင်း‌ဒေသကြီး (၁) အတွက် မဲပေးရန် မဲရုံပေါင်း ၇၂ ရုံ ရှိသည့်အနက် တပ်မဲရုံများ မပါ ကျန်မဲရုံပေါင်း ၆၀ ကျော်တွင် ဤကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်ပြီး မဲပေးခွင်‌့မရရှိဘဲ ပြန်သွားရသည့်သူများသည် မဲရုံတိုင်းတွင် မဲရုံတစ်ရုံကို အနည်းဆုံး ၃၅ ဦးခန့် ရှိပါကြောင်း၊

မဲပေးချင်သဖြင့် မဲရုံကိုလာသူများက မဲပေးခွင့် မရရှိကြသော်လည်း သေဆုံးသူများ၏ စာရင်းများက မဲစာရင်းတွင် ပြည့်စုံစွာရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ရပ်ကွက်၊ ကျေးရွာအုပ်စု ‌ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲပေါင်း ၁၄၇၃၄ ရှိကြောင်း စာရင်းဇယားများအရ သိရသည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၏ စွမ်း‌ဆောင်မှုအရည်အသွေး မြင့်တင်ပေးခြင်း၊ ပြည့်စုံမှန်ကန်သော မဲစာရင်းများ ပြုစုခြင်းဆိုသည့် တာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ မြေပြင်ပကတိ အနေအထားအရ ပေါ်လွင်နေသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများ၊ ရွေး‌ကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲများနှင့် ‌ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မြင့်မားစေမည်ဖြစ်ပြီး စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရှေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတပြီး တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံစေခြင်းကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊

ယခင်ရွေးကောက်ပွဲတွင် အသက်အရွယ် ၁၃ နှစ်နှင်‌့အထက်ရှိသည့် လူငယ်များလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်အသက်အရွယ် ၁၈ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါ၍ ၎င်းစာရင်းကိုလည်း သေချာစွာလုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မဲဆန္ဒပေးရာတွင် ပြဿနာအမြဲ ပေးတတ်သည့် ကြိုတင်မဲပေးနိုင်မည့် သူစာရင်းများကိုလည်း သေချာစွာကောက်ယူပြီး ကြိုတင်မဲပေးခြင်းဆိုင်ရာ ရွေးကောက်ပွဲဥပဒေအရ စနစ်တကျ ကြိုတင်လုပ်ဆောင် ပေးရန်နှင်‌့ ရွှေ့ပြောင်းလုပ်သား များအတွက်လည်း မဲပေးမည့်အချိန်တွင် ပြန်လည်လာရောက်ပြီး မဲပေးနိုင်ရေး အဆင်ပြေလွယ်ကူစေမည့် နည်းလမ်းများကို ဆောင်ရွက်ပေးရန်နှင့် မဲစာရင်းတွင် အတိအကျ ပါဝင်စေရန် လိုအပ်နေပါကြောင်း၊ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန်လျာထားသည့် ဘတ်ဂျက်များကိုလည်း အောက်ခြေရပ်/ကျေး ကော်မရှင်အထိ အဆင့်ဆင့်တိကျစွာ သုံးစွဲရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ နေ့တွက်စရိတ် အပြည့်အဝရရှိသော အဆင်‌့ဆင်‌့ကော်မရှင် များသည်လည်း မိမိတို့လုပ်ဆောင်ရမည့်တာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်လိုစိတ်များ ပြည့်ဝစေမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ရွေးကောက်ပွဲကျင်းပမည့် အချိန်တွင် ရှိမည့်မဲပေးနိုင်သူ စာရင်းကိုအတိအကျ ထုတ်ပေးရန်များစွာ လိုအပ်လျက် ရှိပါသောကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်

ကိုယ်စားလှယ်တော်ကြီး၏ ကျိုးကြောင်းဖော်ပြချက်က ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများ အပါအဝင် ၂၀၁၈ ခုနှစ်၊ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲပေးသူများ၏ စာရင်းတွင် သေဆုံးသွားသည့် သူများပါနေခြင်းက အမှန်တကယ် မဲပေးသည့်သူများ အသက်၁၈ နှစ်ပြည့်ပြီး မဲပေးသူများစာရင်း မပါရှိကြောင်း မဲပေးရန်အခွင့်အရေးများ ဆုံးရှုံးရခြင်း၊ ရွေးကောက်ပွဲအတွက် ဘတ်ဂျက်ငွေကို ပြည့်စုံလုံလောက်စွာ ပေးထားသည့်အတွက် တိကျစွာဆောင်ရွက် ပေးစေလိုကြောင်း ဖော်ပြထားပါသည်။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ စသည့် နှစ်များတွင် ကျင်းပသည့် ရွေးကောက်ပွဲများကို အခြေခံပြီး အကျိုးအကြောင်းပြပြီး မေးထားသည့် အတွက်ကြောင့် မိမိတို့မဲစာရင်း ပြုစုခြင်းနှင်‌့ ပတ်သက်၍ အနှစ်ချုပ်တင်ပြမည် ဖြစ်ပါကြောင်း၊

မဲစာရင်းပြုစုခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုနှင်‌့ မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများက ပြုစုရပါကြောင်း၊ ယခုလို ပြုစုသည့်နေရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင်‌့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြုစုထားသည့်စာရင်း နောက်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနတွင်ရှိသည့် ရပ်/ကျေးနှင်‌့ ကျေးရွာအုပ်စုများ၏ အုပ်ချုပ်ရေးမှူးများက ပြုစုထားသည့် စာရင်းများအပေါ်အခြေခံပြီး မိမိတို့ပြုစုရပါကြောင်း၊ တပ်မတော် သားနှင်‌့အတူနေ မိသားစုများအတွက် သက်ဆိုင်ရာတပ်မှူးစီက စာရင်းရယူပြီး ပြုစုရပါကြောင်း၊ အဆိုပါ နေရာတွင် တွေ့ကြုံရသည့် ဖြစ်စဉ်လေးအနှစ်ချုပ် တင်ပြရမည်ဆိုလျှင် မြို့နယ်နှင်‌့ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ပြုစုသည့်စာရင်းက မြေပြင်တွင်ရှိသည့် လူဦးရေစာရင်း အားလုံးပါဝင် ပါကြောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနကပြုစုသည့် စာရင်းကပုံစံ-၆၆ အိမ်ထောင်စုစာရင်းတွင်ပါသည့် မဲဆန္ဒရှင်စာရင်းများကို ပြုစုပါကြောင်း၊ ထို့ကြောင့် စာရင်းနှစ်ခုက မတူညီသည်ကို တွေ့ရပါကြောင်း၊ ပုံစံ-၆၆ အိမ်ထောင်စုစာရင်းတွင် နေထိုင်သည့် လူများကိုစာရင်းပြုစု ထားသော်လည်း တချို့သောမဲဆန္ဒရှင်များက နေထိုင်ရာအရပ်ဒေသ ပြောင်းရွှေ့သွားသော်လည်း အိမ်ထောင်စုစာရင်း ယူဆောင်သွားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပုံစံ-၆၆ အိမ်ထောင်စုစာရင်းကို မယူဘဲထားခဲ့ပါကြောင်း၊ ထိုအခါ အိမ်ထောင်စုစာရင်းရှိပြီး ၎င်းစာရင်းသည် အမှန်တကယ် မြေပြင်တွင်မရှိသည်ကို တွေ့ရပါကြောင်း၊ ၎င်းစာရင်းများ၏ ကွာခြားမှုများကို မိမိတို့ညှိနှိုင်းပြီး အမှန်ဖြစ်အောင် ပြုစုဆောင်ရွက်ရပါကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြုစုထားသည်က မြေပြင်တွင်တကယ်ရှိသည့် လူများကိုပြုစုထားသည့် အတွက်ကြောင့် ၎င်းတို့က အိမ်ထောင်စုစာရင်းများ မရှိပါကြောင်း၊ နောက်ပြီး တချို့သော အိမ်ထောင်စုတော်တော်များများက မိမိတို့၏ မိဘများကွယ်လွန်သည့်အခါ အိမ်ထောင်စုစာရင်းမှ မထုတ်ချင်ကြပါကြောင်း၊ ထိုကဲ့သို့ အလေ့အထများလည်း ရှိပါကြောင်း၊ အဆိုပါ အနေအထားများကြောင့် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ၎င်းဖြစ်စဉ်များကို အလေးအနက်ထားပြီး အတွေ့အကြုံများကို သင်ခန်းစာယူပြီး ၂၀၁၇-၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပိုမိုပြည့်စုံသည့် မဲစာရင်းဖြစ်စေရန်အတွက် ကြိုးပမ်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပသည့် မဲစာရင်းများ ပြုစုသည့်အခါ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြုစုထားသော မဲစာရင်းများကို အခြေခံပြီး ပြုစုရမည်ဆိုသည့် အတွက်ကြောင့် ၂၀၁၅ ခုနှစ်က အထွေထွေရွေးကောက်ပွဲတွင် ပြုစုသည့် မဲစာရင်းကို အခြေခံပေးပြီး ပြုစုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်က အထွေထွေမဲစာရင်းက မိမိတို့ အက္ခရာ စဉ်အလိုက် ပြုစုထားသည့်နေရာ၌ ၂၀၁၇-၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် မိသားစု၊ အိမ်ထောင်စု စာရင်းအလိုက်ပြန်ပြီး ပြုစုခဲ့ရပါကြောင်း၊ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေ‌းကောက် ပွဲတွင် မဲစာရင်းနှစ်ကြိမ် ကပ်ခဲ့ပါကြောင်း၊ ပထမအကြိမ်ကပ်ထားစဉ်က ကိုယ်စားလှယ်တော်ကြီး ပြောခဲ့သည့်အတိုင်း ကွာဟမှုများရှိခဲ့ပါကြောင်း၊ သို့သော်လည်း လာရောက်ပြီး ပြင်ဆင်သည့်လူများ တောင်းဆိုသည့်သူများ ရှိလာသဖြင့် ၎င်းတို့ကို စီစဉ်ပေးခဲ့ပါကြောင်း၊ နောက်ပြီး ယှဉ်ပြိုင်မည့်လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်မည့် ပါတီများကိုလည်း ၎င်းမဲစာရင်းတွင် ကြည့်ရှုပြီးမှ လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင် တောင်းဆိုနိုင်သည်ဆိုပြီး အကြောင်းကြားစာများ ပေးပို့ခဲ့သည့်အတွက်ကြောင့် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ယှဉ်ပြိုင်မည့်ပါတီများက တင်ပြလာသည့် စာရင်းများကိုလည်း စိစစ်ပြီးမှ ဖြည့်သွင်းပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ပိုမိုပြီးပြည့်စုံလာသော မဲစာရင်းဖြစ်သည်ဟု သုံးသပ်ရရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသည့် အထဲတွင်ပါရှိသည့် အုတ်တွင်းမဲဆန္ဒနယ်အတွင်း မဲစာရင်းများကပ်ခြင်း ပထမအကြိမ်တွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ရှိခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ကပ်ပြီးသည့်အခါ သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲကနေ တင်ပြလာသော အစီရင်ခံစာအရ ပေါက်တောကျေးရွာအုပ်စု၊ ဂေါနီကုန်းကျေးရွာရှိ မဲရုံအမှတ် (၁) တွင် မဲဆန္ဒရှင်တစ်ဦးက မဲစာရင်းကပ်ခြင်း ကြေညာသည့် နှစ်ကြိမ်စလုံးတွင် လာရောက်ကြည်‌့ရှုခြင်း မရှိခြင်း၊ သတ်မှတ်ပုံစံများနှင်‌့ လျှောက်ထားတောင်းဆိုမှုများ ပြုလုပ်ရန်ပျက်ကွက် ခဲ့ခြင်းများကြောင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ဘဲ မဲပေးခွင်‌့မရရှိခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ပါကြောင်း၊ ကျန်မဲရုံများတွင် အခြားပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မှာ မရှိဘူးဆိုပြီး တင်ပြထားချက်ရှိပါကြောင်း၊ မည်သို့ပင်ဖြစ်စေ ယခုကိုယ်စားလှယ်တော်ကြီး မေးမြန်းလာသည့်အတွက် အထူးပဲကျေးဇူးတင်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး ယခုလို မေးမြန်းလာခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင်‌့ဆင့် တို့အတွက် ကြီးမားသည့် ခွန်အားတစ်ရပ် ဖြစ်စေပါကြောင်း၊ ပြောကြားလိုပါသည်။

တစ်ဆက်တည်း ၂၀၂၀ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ထားချက်အား တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးသည် ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည် လက်ခံရမည်၊ ပွင်‌့လင်းမြင်သာမှုရှိရမည်၊ ပြည်သူ၏ဆန္ဒ၊ မဲဆန္ဒရှင်များ၏ဆန္ဒ အစစ်မှန်ကို ဖော်ထုတ်ပေးနိုင်သော ရွေ‌းကောက်ပွဲကြီး ဖြစ်ရမည်ဟုဆိုသည့် ဦးတည်ချက်နှင့်အညီ ၂၀၁၉-၂၂ မဟာဗျူဟာ စီမံကိန်းကို မိမိတို့ ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာစီမံကိန်းတွင် အချက် (၁၁) ချက် ရှိပါကြောင်း၊ အချက်တစ်ချက်ချင်းစီ၏ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း အသေးစိတ် စာအုပ်များထဲတွင် ရေးသွင်းဖော်ပြထားပါကြောင်း၊ အဆိုပါ စာအုပ်များကိုလည်း သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဆင်‌့အဆင့်များ၊ CSO အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကိုလည်းအားလုံး ဖြန့်ဝေပေးပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ၏ မဟာဗျူဟာစက်ဝန်း ဖြစ်ပါကြောင်း၊ ၎င်းထဲတွင်လည်း အပိုင်းသုံးပိုင်း ခွဲထားပါကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ လုပ်ဆောင်ရမည့် အပိုင်း၊ နောက်ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ရမည့်အပိုင်း၊ ရွေးကောက်ပွဲ၏ နှောင်းပိုင်းတွင် ဆောင်ရွက်ရမည့် အပိုင်းဆိုပြီး အပိုင်းသုံးပိုင်းခွဲခြားထားပါကြောင်း၊ ရွေးကောက်ပွဲအကြိုကာလတွင် ဆောင်ရွက်ရမည့် အပိုင်းထဲတွင် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း မဲစာရင်း ပြုစုရေးအပိုင်း ပါဝင်ပါကြောင်း၊ အဆိုပါ မဲစာရင်းပြုစုရေးကို ၂၀၁၉ နှစ် မဲစာရင်းပြုစုရေးနှစ်ပါဟု သတ်မှတ်ထားရှိပါကြောင်း၊ ထိုမဲစာရင်းကို မည်ကဲ့သို့ပြုစုရမည် ဆိုသည်ကိုလည်း မဲစာရင်းပြုစုရေး လမ်းညွှန်စာအုပ်များကိုရေးပြီး သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲအဆင်‌့ဆင်‌့များကို ပေးပို့ထားပြီး ဖြစ်ပါကြောင်း၊ သင်တန်းများလည်း ပေးထားပြီးဖြစ်ပါကြောင်း၊ မကြာခင် သင်တန်းများပို့ချပြီး ၂၀၁၉ ခုနှစ် ကစပြီး မဲစာရင်းများကို ပြုစုထားပါကြောင်း၊ အခြေခံအားဖြင့် ပြုစုရမည့် နည်းလမ်းများက ၂၀၂၀ ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် လူများကို မိမိတို့အားလုံး မဲစာရင်းထဲတွင်ပါအောင် ကောက်ယူပါ့မည်။ သက်ဆိုင်ရာ ဆယ်အိမ်မှူးနှင်‌့ ရာအိမ်မှူးများကို ပုံစံများပေးပါမည်၊ ၂၀၂၀ တွင် အသက် ၁၈ နှစ်ပြည့်သည့်လူများ နောက်ထပ်ငါးသန်းခန့် တိုးလာမည်ဟုလည်း မျှော်မှန်း ထားပါကြောင်း၊ နောက်မြေပြင်တွင်ရှိသည့် မဲဆန္ဒရှင်များ၊ အရည်အချင်းရှိသည့် မဲဆန္ဒရှင်များကို မြေပြင်တွင်ရှိသည့် လူများအကုန်လုံး တစ်ယောက်မကျန် ကောက်ထားရန်လည်း လမ်းညွှန်မှာကြား ချက်ထဲတွင် ပါရှိပါကြောင်း၊ ယခုကြားဖြတ် ရွေးကောက်ပွဲကျင်းပပြီးသည့် မဲဆန္ဒနယ်များတွင် အိမ်ထောင်စုအလိုက် မဲဆန္ဒစာရင်းကို ပြင်ဆင်ပြီးဖြစ်ပါကြောင်း၊ ကျန်သည့် မဲဆန္ဒရှင်စာရင်းက ၂၀၁၅ က အက္ခရာအလိုက် ပြုစုထားသည့် အတွက်ကြောင်‌့ ၎င်းကို အိမ်ထောင်စု စာရင်းအလိုက် ပြန်ပြီးပြုစုပါမည်၊ ၎င်းအပေါ်အခြေခံပြီးမှ ယခုကောက်ရသည့် စာရင်းများနှင့်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းသည် မဲစာရင်းပြုစုပြီးသည့်အခါ မဲစာရင်းပြုစုပြီးသည့် CD ချပ် ခွေများကို သက်ဆိုင်ရာနိုင်ငံရေး ပါတီများကိုလည်း ပေးအပ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ နိုင်ငံရေးပါတီများက ပေးလိုက်သည့် CD ချပ်တွင် ပါသည့်မဲစာရင်းများကို စစ်ဆေးပြီး ထောက်ခံချက်ဖြင့် တင်ပြလာလျှင်လည်း ထည့်သင့်/မထည့်သင့် စိစစ်ပြီး မှန်ကန်လျှင် ထည့်သွင်းသွားပါမည်၊ အကျိုးအကြောင်းလည်း သက်ဆိုင်ရာ နိုင်ငံရေးပါတီများကို အကြောင်းပြန် သွားမည်ဟု စီစဉ်ထားရှိပါကြောင်း၊ ယခုလို မဲစာရင်းပြုစုပြီးလျှင် ၂၀၂၀ တွင်လည်း နှစ်ကြိမ် ကပ်ပါမည်၊ ပထမတစ်ကြိမ်တွင် လာရောက်ပြီးကြည့်ရှု နိုင်ပါကြောင်း၊ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကြေညာပြီးသည့် နောက်တွင်လည်း လွှတ်တော်ကိုယ်စားလှယ် လောင်းများကို မိမိတို့၏မဲဆန္ဒနယ်တွင် သွားရောက် စည်းရုံးသည့်အခါ မဲဆန္ဒရှင်စာရင်းကိုလည်း စိစစ်နိုင်အောင် ပြုစုထားသည့် CD ချပ်ကိုလည်း ပေးဝေသွားရန် စီစဉ်ထားရှိပါကြောင်း၊ ထိုအခါတွင်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် လောင်းများက စိစစ်ပြီး ထောက်ခံတင်ပြလာလျှင် ထည့်သွင်းဆောင်ရွက်သွားမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊

နောက်တစ်ခါ ၂၀၂၀ အတွက် နှစ်ကြိမ်ကပ်သည့်အခါတွင်လည်း သက်ဆိုင်ရာ မဲဆန္ဒရှင်များက လာရောက်ကြည့်ရှုပြီး ဖြည့်စွက်ခြင်းများ တောင်းဆိုခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါကြောင်း၊ ယခုလို ပြုလုပ်ခြင်းအားဖြင့် ကိုယ်စားလှယ်တော်ကြီး မျှော်မှန်းထားသည့်အတိုင်း ပိုမိုတိကျ မှန်ကန်သည့် မဲစာရင်းဖြစ်လာလိမ့်မည်ဟု ယူဆပါကြောင်း၊ ပွင်‌့လင်းမှုလည်းရှိမည် ဖြစ်ပါကြောင်း၊ တစ်ဆက်တည်း ဖြေကြားလိုသည်မှာ ရွေးကောက်ပွဲအတွက် ငွေကြေးလုံလောက်စွာပေးခဲ့ခြင်း၊ ထောက်ပံ့ခဲ့ခြင်း၊ ခွင့်ပြုခဲ့သည်ဆိုတာမှန်ပါကြောင်း၊ မိမိတို့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ၁.၆ ဘီလီယံကျော် ခွင့်ပြုခဲ့ပြီး ၉၃၅ သန်းကျော် သုံးခဲ့ပါကြောင်း၊ ၇၂၆ သန်းကျော် ပိုသည့် ငွေများကိုလည်း ပြန်အပ်ပြီးဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်သည် မိမိတို့အတွက်ပိုပြီး ခွန်အားတစ်ရပ် ဖြစ်စေသည့်အတွက် မေးခွန်းကို အလေးထားပြီး မိမိတို့ကော်မရှင်အနေဖြင့် ကော်မရှင်ခွဲအဆင်‌့ဆင်‌့ တာဝန်ရှိသည့်သူများက ကြိုးပမ်းအားထုတ် ဆောင်ရွက်သွားပါမည်ဟု ရှင်းလင်းဖြေကြားပါသည်။

 

ဒေါ်ချိုချို (အုတ်တွင်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုကော်မရှင်အနေဖြင့်လည်း ပြည့်စုံစွာဖြေကြားထားသည့် အတွက်ကြောင့် ကော်မရှင် အဖွဲ့ဝင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ သို့သော် ယခုဖြေကြားထားသည့် အထဲတွင် မြေပြင်ပကတိ အနေအထားဖြင့်များစွာ ကွာဟခြင်းများ ရှိပါကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဘောတုကုန်းကျေးရွာက တစ်ဦးက Complain တက်သည်ဟု ဖြေကြားထားပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲနေ့ကဆိုလျှင် မဲရုံအနှံ့တွင် အကုန်လုံးအဖွဲ့များခွဲပြီး မဲရုံများ၏ပြင်ပ အခြေအနေကို ကြည့်သည့်အခါ မဲရုံတိုင်း၊ မဲရုံတိုင်းတွင် မဲမပေးရသည့် လူသည် ဆယ်ဂဏန်းထက်ပိုမိုပြီး တစ်ရုံ၊ တစ်ရုံတွင်ရှိခြင်းကြာင့် တစ်နေကုန်လုံး အတိုင်းအတာအနေဖြင့် မိမိ၏မေးခွန်းတွင် ပါသည့်အတိုင်း မဲရုံတစ်ရုံတွင် ၃၅ ဦးခန့်က ရှိနေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားအခွင့်အရေးများသည် များစွာဆုံးရှုံးပြီး မဲပေးနိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးခြင်းများသည် ၂၀၂၀ ခုနှစ်တွင် လုံးဝမဖြစ်သင့်သည့် အနေအထားများ ဖြစ်ပါကြောင်း၊ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် ဘတ်ဂျက်ငွေများကို လုံလောက်အောင် သုံးစွဲခြင်း၊ ၁.၆ ဘီလီယံကျော် သုံးစွဲသည်ဆိုသော်လည်း ရပ်/ကျေးကော်မရှင် များအတွက် နေ့တွက်ရသည့် နေရာတွင် တစ်နေ့ကို နေ့တွက်က ၁၃၅၀ ကျပ် ရရှိကြောင်းကို မိမိမှသိရှိရပါကြောင်း၊ ထို့ကြောင့် ယခုလိုမျိုး ရွေးကောက်ပွဲအတွက် ကုန်ကျသည့် ဘတ်ဂျက်များကိုလည်း အမှန်တကယ် လုပ်ဆောင်သည့် ရပ်/ကျေးကော်မရှင်များ၊ မြို့နယ်ကော်မရှင်များအထိကို ထိထိရောက်ရောက်ဖြင့် ရောက်ရှိသုံးစွဲရန် အတွက်ကိုလည်း လိုအပ်နေပါကြောင်း၊ နောက်တစ်ခါ ယခုမဲစာရင်း ပြုစုသည့်အခါ ဆိုလျှင်လည်း မြို့နယ်နှင့်ရပ်/ကျေးမှနေပြီး ပြုစုခြင်းရှိပါကြောင်း၊ နောက်တစ်ခါ လ.ဝ.ကနေပြီး ပုံစံ (၆၆) ဖြင့် ပြုစုရခြင်းရှိသည့်နေရာတွင် ကွာခြားမှုများရှိသည်ဟု ဖြေကြားသွားပါကြောင်း၊ ထို့ကြောင့် အိမ်ထောင်စု စာရင်းတွင်မပါဝင်သည့် မဲပေးမည့်သူများကိုလည်း အိမ်ထောင်စုစာရင်းတွင် ပါဝင်ရန် အတွက်ကိုလည်း တိတိကျကျဆောင်ရွက်ပေးရန် လိုအပ်နေသည့် အတွက်ကြောင့် အဆိုပါ အခြေအနေမျိုးအတိုင်း သွားမည်ဆိုလျှင် ၂၀၂၀ ခုနှစ်တွင်လည်း မဲပေးနိုင်မည့်သူများသည် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးပြီး မဲပေးခွင့်မရရှိသည့် အခြေအနေမျိုး ဖြစ်နေမည်ဖြစ်သည့် အတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပိုမိုပြီးတိကျသေချာ၊ ပွင့်လင်းမြင်သာသည့် မဲစာရင်းပြုစုရေးကို ဆောင်ရွက်ပေးဖို့ရန်အတွက် မိမိအနေဖြင့် ဆက်စပ်မေးခွန်း မေးခြင်းရခြင်း ဖြစ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်

မိမိဖြေကြားချက် ထဲတွင်လည်း အချို့ပါပါကြောင်း၊ ရွေးကောက်ပွဲပြီးသည့်အခါ မိမိတို့ဆီမှာ သက်ဆိုင်ရာ CSO အဖွဲ့အစည်းများ၊ အစီရင်ခံစာများ၊ သုံးသပ်ချက်များ၊ အကြံပြုချက်များ တင်ပြလာပါကြောင်း၊ ၎င်းမှာ ဘယ်မဲရုံတွင် ဘယ်သူတွေလစ်လပ်နေခြင်း၊ ဘယ်လိုမပါကြောင်း၊ ပါသည်ဆိုတာကိုလည်း သေသေချာချာ စာရင်းဇယားဖြင့်သာပေးပါကြောင်း၊ အမည်၊ လိပ်စာများနှင့်သာပေးပါ၊ မိမိတို့စိစစ်နိုင်ပါကြောင်း၊ စိစစ်ပါမည်။ ထည့်ပါမည်ဟု မိမိတို့ပြောသော်လည်း ယနေ့ထက်ထိ လေ့လာအကဲခတ်သည့် သူများက ယခုလိုတိတိကျကျ မပြောနိုင်သည့်အခါ မိမိတို့အတွက် အခက်အခဲ ဖြစ်စေပါကြောင်း၊ နောင်လည်း ယခုလိုမပါဘူးဆိုလျှင် မပါသည့်နာမည်၊ စာရင်း၊ လိပ်စာအတိုင်း တိတိကျကျ ဖော်ပြပေးနိုင်မည်ဆိုလျှင် ပိုပြီးတိတိကျကျ မှန်ကန်သည့် မဲစာရင်းဖြစ်လာမည်ဖြစ်သည့်အတွက် မိမိတို့က ယခုကဲ့သို့ ဖြစ်နိုင်အောင် ကိုယ်စားလှယ်တော်ကြီး မေးသည့်မေးခွန်းများကို အလေးထားပါကြောင်း၊ ထို့ကြောင့် ၂၀၁၉ ခုနှစ် မိမိတို့ပြုစုပြီးသည်နှင့် သက်ဆိုင်ရာနိုင်ငံရေး ပါတီများကိုပေးမည်၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများက ကိုယ်စားလှယ် ကျန်နေသည့်မဲစာရင်းနှင့် မည်သူများက ကျန်နေခြင်းဆိုတာ လိပ်စာအတိအကျဖြင့် ပြောလာလျှင် စိစစ်ပြီး မိမိတို့ပေးမည်၊ ပွင့်ပွင့်လင်းလင်းလည်းရှိမည်၊ ပြည့်စုံသွားမည်ဟုလည်း ယုံကြည်ပါကြောင်း၊ ယခုယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများကိုလည်း မဲစာရင်းများ တစ်စုံစီပေးမည်၊ CD တစ်ချပ်စီပေးမည်၊ မဲဆန္ဒနယ်တစ်နယ်၊ တစ်နယ်ဆိုလျှင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် လောင်းငါးဦး၊ ခြောက်ဦး၊ ခုနစ်ဦး၊ ၁၀ ဦး၊ ၁၂ ဦးခန့် ရှိနိုင်ပါကြောင်း၊ ၎င်းမှာ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများက တစ်ဦးချင်း၊ တစ်ဦးချင်းစီက ယခုလို ပေးလိုက်သည့် CD  ချပ်မဲစာရင်းတွင် ပါဝင်ပါသလား၊ လိုတာ၊ ပိုတာစိစစ်ပြီး တင်ပြလာမည်၊ ထောက်ခံပြီး အဆိုပြုလာမည် ဆိုလျှင်လည်း တိကျမှန်ကန်သည့် မဲစာရင်းဖြစ်လာမည်၊ နောက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကိုလည်းထပ်ပြီး မိမိတို့ပေးဦးမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မဲစာရင်းပြုစုရေးက မိမိတို့ကော်မရှင်က သက်ဆိုင်ရာ လ.ဝ.ကနှင့် အုပ်ချုပ်ရေးမှူးများ၏ စာရင်းအပေါ် အခြေခံပြီး ပြုစုရခြင်းဖြစ်ကြောင်း၊ လ.ဝ.ကနှင့် အုပ်ချုပ်ရေးမှူးများက ပြုစုထားသော စာရင်း အနေအထားများ၏ သဘောသဘာဝကို အနှစ်ချုပ်တင်ပြလိုခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ကြိုးစား ပြုစုထားသည့်အခါ အခုနကပြောသည့် သက်ဆိုင်ရာနိုင်ငံရေး ပါတီများ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်အားလုံး မိမိမဲဆန္ဒနယ်တွင် မည်သူကျန်ခြင်း၊ မည်သူမပါခြင်း ဆိုတာ ၎င်းတို့သိရှိမည် ဖြစ်ပါကြောင်း၊ မိမိတို့ကြိုတင် စာရင်းပြုစုပြီး ပေးပို့လာလျှင် မိမိတို့က ပုံစံ (၃)၊ ပုံစံ (၄) များနှင့် လျှောက်ထားစရာ မလိုခြင်း၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ် လောင်းများက မိမိတို့ပေးလိုက်သည့် CD အပေါ် စိစစ်ပြီး မည်သည့်အချိန်အခါမဆို ကျန်ရှိသည့် သူများ၊ မပါသည့်သူများ၊ ပါသင်‌့သည့်သူများ မပါရှိခြင်းများကို အဆိုပါ စာရင်းတင်ပြနိုင်လျှင် မိမိတို့က စိစစ်ပြီးထည့်သွားမည်ဆိုပြီး စီစဉ်ထားပါကြောင်း၊ ထို့ကြောင့် ၎င်းစီစဉ်ချက်ကလေးကို မဟာဗျူဟာ စီမံချက်ထဲတွင် ရေးထားခြင်း၊ ၂၀၂၀ ခုနှစ်အတွက် တကယ့်ကို ယခင်ကမလုပ်ခဲ့သည့် သစ်လွင်သည့် အရာများကိုလုပ်ထားခြင်း ဖြစ်သောကြောင့် ကိုယ်စားလှယ်တော်ကြီး မေးသည့်မေးခွန်းကို အလေးထားပြီး ဆောင်ရွက်သွားမည့် အစီအစဉ်အပေါ် ဝိုင်းဝန်းပူးပေါင်းပြီး ကူညီကြပါဟု မေတ္တာရပ်ခံလိုပါကြောင်း၊ အကယ်၍ ယခုရေးဆွဲထားသည့် မဟာဗျူဟာစီမံချက် စာအုပ်ကို ကိုယ်စားလှယ်တော်ကြီးများ လိုအပ်ပါက မိမိတင်ပြပြီး တစ်အုပ်စီကို စီစဉ်ပေးသွားပါမည်။ ထို့ကြောင့် ဝိုင်းဝန်းကူညီဆောင်ရွက် ပူးပေါင်းလုပ်ကြမည်ဆိုလျှင်ဖြင့် ၂၀၂၀ ခုနှစ်တွင် တိကျမှန်ကန်သည့် မဲစာရင်းဖြစ်လာမည် ဖြစ်ပါကြောင်း၊ မိမိတို့ရွေးကောက်ပွဲ ကော်မရှင် ကိုယ်တိုင်ကလည်း ၂၀၂၀ ခုနှစ်တွင် တိကျမှန်ကန်သည့် မဲစာရင်းဖြစ်ကို ဖြစ်ရမည်ဟု သံဓိဋ္ဌာန် ချထားပါကြောင်း၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကြီးကလည်း ဥပဒေနှင့်အညီ လွတ်လပ်ရမည်၊ မျှတရမည်၊ အများယုံကြည် လက်ခံရမည်၊ ပွင့်လင်းမြင်သာမှုလည်း ရှိရမည်၊ မဲဆန္ဒရှင်များ ပြုစုပေးလိုက်သည့် မဲဆန္ဒအတိုင်း စစ်စစ်မှန်မှန်ဖော်ထုတ်နိုင်သည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု သံဓိဋ္ဌာန်ချပြီး ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။