Skip to main content

 

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ် ဆောင်ရွက်နေသော အကွာအဝေးမိုင်များထက်ပိုမိုဖောက်လုပ်ပေးရန်နှင့် ယခင်ဖောက်လုပ်ပြီး အသုံးမပြုနိုင်ဘဲ ပျက်စီးနေသော ကျေးလက်လမ်းများအား အသုံးပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်း ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

 

မင်းတပ်မြို့နယ်အတွင်းရှိ ဖောက်လုပ်ပြီးလမ်းများသည် နှစ်စဉ်မိုးတွင်းတွင် မြေပြိုပိတ်ဆို့မှုများဖြစ်ပြီး သွားလာရန်ခက်ခဲသည့် ကျေးရွာရှိ လူငယ်လူရွယ်များက အသိစိတ်ဓာတ်ဖြင့် လာရောက်ဝိုင်းဝန်း ကူညီလုပ်ကိုင် နေခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ မင်းတပ်နှင့် မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသည့်လမ်းသည် မိုးတွင်းကတည်းက ပိတ်နေသည့်လမ်းသည် ကားလမ်းကြီးဖြစ်ပါကြောင်း၊ သို့သော် ကျေးရွာရှိပြည်သူများသည် ပထမမိုးတွင်းကာလ ပြည်သူများ သွားလာရေးအတွက် နှစ်ကြိမ်တိုင်ရှင်းလင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအကြိမ် ရှင်းလင်းမှုအပြီး အပြန်တွင် အဆိုပါ ကျေးရွာသားတစ်ယောက်သည် လမ်းခရီးတွင် ဆုံးရှုံးသွားရပါကြောင်း၊ ဒုတိယအကြိမ် ပြန်လည်ပြုပြင်ပြင်ဆင်နေခြင်း အခြေအနေတွင် ယနေ့အထိ ပြန်လည်ပြင်ဆင် ပေးခြင်းလည်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်အရ ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုစေရန်ဆိုသည့် မဟာဗျူဟာရည်မှန်းချက် အောင်မြင်ရေးအတွက် ကျေးလက်လမ်းများ ပိုမိုဖောက်လုပ်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်း မိုင်ပေါင်း ၄၇၇၀ မိုင် ရှိပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းက ၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်လမ်းမဟာဗျူဟာ အောင်မြင်ရေးအတွက်ဆိုလျှင် တစ်နှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းမိုင်ပေါင်း ၃၆၇ မိုင်ခန့် အဆင့်မြှင့်တင် ဆောင်ရွက်မှသာ မဟာဗျူဟာအောင်မြင်မည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ဟားခါး၊ ဖလမ်း၊ မင်းတပ်ခရိုင်၏ မိုင်တိုင်အကွာအဝေးသည် ဟားခါးတွင် ၁၀၀၀၊ ဖလမ်းတွင် ၁၀၀၀ ကျော်၊ မင်းတပ်တွင် ၂၀၀၀ ကျော်ရှိပါကြောင်း၊ သို့သော် ဘတ်ဂျက်လျာထား ဆောင်ရွက်သည့် နေရာတွင် ၁၀၀၀ ကျော်ရှိသည့် နေရာသည် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ရှိပြီး မင်းတပ်ခရိုင်ထဲတွင် ကျပ်သန်းပေါင်း ၁၄၀၀ ခန့် လျာထားသည်ဆိုသည့် ပြဿနာများကို ပြည်သူများက မိမိတို့အား အမြဲတမ်းမေးပါကြောင်း၊ ထို့ကြောင့် ယခုလိုဆောင်ရွက်သည့် နေရာတွင် ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်း မဖြစ်ဘဲ မျှမျှတတဖြင့် ပြည်သူများက ဆောင်ရွက်စေချင်သည့် ဆန္ဒလေးလည်း ရှိပါကြောင်း၊ မိမိအနေဖြင့် ချင်းပြည်နယ်ဒေသတွက် ယခုလိုလမ်းများ ဖြစ်သည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။


 

ချင်းပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည့် ကျေးလက်လမ်း စုစုပေါင်း ၄၇၇၀ မိုင်ခန့် ရှိသည့်အနက် ကတ္တရာလမ်းက ၂၄ မိုင်၊ ကွန်ကရစ်လမ်း ၃ ဖာလုံ၊ ကျောက်လမ်း ၅၈ မိုင်၊ မြေသားလမ်း ၄၆၈၉ မိုင်တို့အား ဘဏ္ဍာရေးနှစ် အလိုက်ရန်ပုံငွေ တင်ပြတောင်းခံပြီး လမ်းသစ် ဖောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်းသစ် ဖောက်လုပ်ခြင်း ၁၅ မိုင်၊ လမ်းတာချဲ့ခြင်း ၆ မိုင်အားလည်းကောင်း၊ ဖြည့်စွက်ရန်ပုံငွေဖြင့် လမ်းတာချဲ့ခြင်း ၁၂ မိုင်၊ တံတားလေးစင်း ပြုပြင်တည်ဆောက်ခြင်း အားလည်းကောင်း၊ မွမ်းမံ ရန်ပုံငွေဖြင့် ၉ မိုင်အား ပြုပြင်ထိန်းသိမ်းခြင်း၊ ရေပြွန်သုံးစင်း ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း အားလည်းကောင်း၊ သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် လမ်းမျက်နှာပြင် ပြုပြင်ခြင်းလုပ်ငန်း၊ တောင်ပြိုမြေ ဖယ်ရှားခြင်းလုပ်ငန်း ၃၅ မိုင်၊ ရေပြွန်သုံးစင်း ပြုပြင်တည်ဆောက်ခြင်း၊ တံတားတစ်စင်း ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းတို့အားလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လမ်းတာချဲ့ခြင်း ၂ မိုင် ၂ ဖာလုံအား ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပထမခြောက်လ ရန်ပုံငွေဖြင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျောက်ခင်းခြင်း ၆ မိုင်၊ လမ်းတာချဲ့ခြင်း ၁၀ မိုင်၊ ဆွေးမြေ့ပျက်စီးနေသော တံတားငါးစင်းအား အသစ်ပြန်လည် တည်ဆောက်ခြင်း၊ ရေပြွန်လေးစင်း ပြုပြင်တည်ဆောက်ခြင်း၊ မြေသားလမ်းပျက်စီး နေမှုများအား ပြုပြင်ခြင်းနှင့် တောင်ပြိုမြေဖယ်ရှားခြင်း ၁၁ မိုင်တို့အား ပြည်ထောင်စုပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ နှစ်ရပ်လုံးဖြင့် ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ ၁၂ လ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျောက်ခင်းခြင်း ၃၅ မိုင်၊ ကတ္တရာခင်းခြင်း တစ်မိုင်၊ လမ်းသစ် ဖောက်လုပ်ခြင်း ၁၈ မိုင်၊ လမ်းတာချဲ့ခြင်း ၅၇ မိုင်၊ တံတား ၄၁ စင်းတို့ကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကတ္တရာလမ်း ၄ မိုင်၊ လမ်းသစ်ဖောက်လုပ်ခြင်း ၇၈ မိုင်၊ လမ်းတာချဲ့ခြင်း ၈၉ မိုင်နှင့် တံတားလေးစင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယခင်က ကျေးလက်လမ်း/တံတားများအား ပြုပြင်တည်ဆောက်ခြင်းနှင့် အသစ်ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့်သာ ဆောင်ရွက်ခဲ့ရသော်လည်း ယခုအချိန်တွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေတို့တွင် တင်ပြတောင်းခံပြီး ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါသဖြင့် ချင်းပြည်နယ်အတွင်းတွင် ကျေးလက်လမ်း/တံတားများ အသစ်ဖောက်လုပ် တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ၂၀၁၉- ၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်