Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၆)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကြယ်ပွင့်ပြမေးခွန်း (၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော်မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးမြို့မှ ဆဂါပါကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းအား ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းစာရင်းတွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ရာ နယ်မြေတည်ငြိမ် အေးချမ်းမှု၊ စီမံကိန်းပါ လုပ်ငန်းဖြစ်မှု၊ ဘတ်ဂျက်ရရှိနိုင်မှု၊ လုပ်ငန်းလိုအပ်ချက် နှင့်ဒေသအတွက် အကျိုးပြုနိုင်မှု၊ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု၊ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများမှလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှလည်းကောင်း ဦးစွာ မြေပြင်ကွင်းဆင်းစစ်ဆေးထားရှိမှုတို့အပေါ် မူတည်၍ ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ ရန်ပုံငွေစိစစ်ထောက်ခံတင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယ (၅)နှစ် စီမံကိန်းတွင် အဆိုပြုထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဦးစိုင်းသီဟကျော်၊ မိုင်းရယ်မဲဆန္ဒနယ်က မေးမြန်းသော မိုင်းရယ်မြို့နယ် စလန်း-ပုန်းထွန်ကျေးရွာအုပ်စု၊ ပိန်းကွေ့ကျေးရွာအထိ(နားယ-နားစောက်-ပိန်းကွေ့)လမ်း အပိုင်းအား ကတ္တရာလမ်းအဖြစ် သက်ဆိုင်ရာက မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ကန့်သတ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် လျာထားပေးမည်ဖြစ်ကြောင်း  ပြန်လည်ဖြေကြားခဲ့ သည်။

(၃)    ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဥ့်ကိုင်မဲဆန္ဒနယ်က မေးမြန်းသော  စဥ့်ကိုင်-စော်ရဲ ကျေးလက်လမ်းပေါ်ရှိ စဥ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်ကို ဆက်သွယ်ထားသော ပန်းလောင်မြစ်ကူးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်တိုးမြှင့် တည် ဆောက်ပေးရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၄)    ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့နယ်ရှိ တံတား အမှတ် ၁/၁၄ သခွပ်မြစ်ကူးတံတားကို တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန် သို့မဟုတ် တံတားကြမ်းခင်းများ ထိန်းသိမ်းပြုပြင်ပေးရန်နှင့်  တံတားအကျယ်တိုးချဲ့ ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ထပ်မံ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

(၅)    ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ် ဆောင်ရွက်နေသော အကွာအဝေးမိုင်များထက် ပိုမိုဖောက်လုပ်ပေးရန်နှင့် ယခင် ဖောက်လုပ်ပြီး အသုံးမပြုနိုင်ဘဲ ပျက်စီးနေသော ကျေးလက်လမ်းများအား အသုံး ပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၆)    ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်းမဲဆန္ဒနယ်က မေးမြန်းသော မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်း ကျေးရွာအုပ်စု၊ နားညောင်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားသည် နမ့်ပိန်း ချောင်းရေကြီးမှုကြောင့် တိမ်းစောင်းသွား၍ အဆိုပါတံတားအား ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

(၇)    ဦးခင်မောင်မြင့်၊ ရပ်စောက်မဲဆန္ဒနယ်က မေးမြန်းသော ရပ်စောက်မြို့နယ်၊ ပါမဲ ကျေးရွာအုပ်စု တပ်ဦး-ကျောင်းကုန်းကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ဇော်ဂျီချောင်းကူး သစ်သားတံတား (၁၄၆x၁၂x၂၃)ပေအား သံကူကွန်ကရစ် တံတားအဖြစ် အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

( ခ )  အဆို (၁) ခု တင်သွင်းခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးသန်းစိုးအောင်၊ ပျဉ်းမနားမဲဆန္ဒနယ်က ပြည်သူ့ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် Project Proposals (စီမံကိန်း အဆိုပြုလွှာ)များအား ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရနှင့် ပြည်နယ်/ တိုင်းဒေသကြီး လွှတ်တော်များအား လည်းကောင်း တင်ပြတောင်းခံရာတွင် တည်ဆောက်မည့်လုပ်ငန်းတိုင်းအတွက် Feasibility  Study Report, Design, Drawing, Estimate, B.Q များ ပူးတွဲတင်ပြ တောင်းခံပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ဦးနိုင်နိုင်ဝင်း၊ တမူးမဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ကန့်ကွက်သူရှိသဖြင့် လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်/မသင့် စက်ခလုတ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူ ဦးရေများသည့်အတွက် လက်ခံဆွေးနွေးရန် မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

 

( ဂ )  ဥပဒေကြမ်း (၂) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

 

(၁)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော တံတားကြီးများ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

(၂)     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင် ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၅-၂-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။