Skip to main content

 

မိုင်းရယ်မြို့နယ်မှ စလန်း-ပုန်းထွန်ကျေးရွာထိ သွားသည့်လမ်းပိုင်းသည် စလန်း-ပုန်းထွန်ကျေးရွာ အုပ်စုသည် ရှစ်ရွာရှိပါကြောင်း၊ သို့သော် ၎င်းအုပ်စုသည် မိုင်းရယ်မြို့မှ တိုက်ရိုက်ဆက်သွယ် ထားသောလမ်းအပိုင်း လုံးဝမရှိပါကြောင်း၊ မိုင်းရယ်မှ လားရှိုးမြို့နယ်အတွင်းကတစ်ဆင့်‌ ပြန်ကွေ့ပြီး မိုင်းရယ်မြို့နယ် ထဲပြန်ဝင်ပြီး စလန်း-ပုန်းထွန်ကျေးရွာအုပ်စုကို ပြန်သွားသည့်အပိုင်း ဖြစ်ပါကြောင်း၊ လမ်းကတော်တော်ဝေးသဖြင့် သွားလာရန်ခက်ခဲခြင်း၊ မိုင်းရယ်မြို့မှ နမ့်ပေါင်ကျေးရွာအထိ နမ့်ပေါင်ကနေမှ နားယအထိ ကတ္တရာလမ်းပိုင်း ရှိသဖြင့် အဆိုပါ နားယကနေပြီးမှ နားယ-နားစောက်-စလန်း-ပုန်းထွန်ကျေးရွာအထိ ဝင်သွားသည့် လမ်းပိုင်းများက မြေသားလမ်းအပိုင်းများသာ ရှိနေပါကြောင်း၊ ပြီးခဲ့သည့်သက်တမ်းတွင် ကျောက်ချောလမ်းကို တချို့တစ်ဝက် ဆောင်ရွက်ထားခြင်း ရှိသော်လည်း မိုးတွင်းကာလတွင် အင်မတန်မှ သွားလာရခက်ခဲသဖြင့် အချို့နေရာများတွင် လမ်းမရှိဘဲ ရေချောင်းထဲကနေ ဖြတ်သန်းသွားရသည့် လမ်းဖြစ်ပါကြောင်း၊ မိုးတွင်းရေကြီး လာပြီဆိုလျှင် သွားရသည်မှာ တော်တော်လေးခက်ခဲသည့် အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာ အုပ်စုတွင်ရှိသည့် လူထုနှင့်သွားရောက် တွေ့ဆုံသည့်အခါတိုင်း ၎င်းတို့၏နေရာလေးက တစ်သီးတစ်ခြား နေရာလေးကဲ့သို့ ဖြစ်နေသဖြင့် သွားလာမှုအင်မတန် ခက်ခဲသောကြောင့် နေရာဖြစ်သဖြင့် တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများတွင် အချိန်နှင့်‌တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အချိန်မရွေး အလွယ်တကူသွားလာ နိုင်ရန်လည်း ယခုလို နားယ-နားစောက်-ပိန်းကွေ့လမ်းအပိုင်းကို ကတ္တရာလမ်းအဖြစ် အဆင့်‌မြှင့်‌တင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ စလန်း-ပုန်းထွန်ကျေးရွာအုပ်စုမှ ပိန်းကွေ့ကျေးရွာအထိ (နားယ-နားစောက်-ပုံဟ-ပိန်းကွေ့) လမ်းအပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖောက်လုပ်ထားသော နမ့်ပေါင်-နားယ-နမ့်မကတ္တရာလမ်းမှ ခွဲထွက်လာသည့် လမ်းအပိုင်းဖြစ်သည်ဟု သိရှိရပါကြောင်း၊ လက်ရှိတွင် ၁၂ ပေခန့် အကျယ်ရှိပြီး ၁၀ မိုင်ခန့် လမ်းကြောင်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါ နားယ-နားစောက်-ပုံဟ-ပိန်းကွေ့လမ်း ၁၀ မိုင်အနက် နားယ-နားစောက်-ပုံဟကျေးရွာအထိ ရှစ်မိုင်ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်ချောလမ်း အဖြစ် ဆောင်ရွက်ထားရှိသည်ဟုလည်း သိရှိရပါကြောင်း၊ ပုံဟမှပိန်းကွေ့ကျေးရွာအထိ နှစ်မိုင်ကို ဒေသက ကိုယ်ထူကိုယ်ထ ကျောက်လမ်းဆောင်ရွက် ထားရှိကြောင်း ဒေသတင်ပြချက်အရ သိရှိရပါသည်။ လက်ရှိအနေအထားတွင် ကျန်ရှိသည့်နှစ်မိုင်ကို နယ်မြေပိုင်းခြား သတ်မှတ်မှုအရ နယ်စပ်ရေးရာဝ န်ကြီးဌာန နယ်စပ်ဒေသနှင့်‌ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရမည့် နယ်မြေအပိုင်းတွင် ပါရှိသည့်လမ်းဖြစ်ပါကြောင်း၊

မေးမြန်းထားသော ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းအဆင့်‌မြှင့်‌ တင်ခြင်းလုပ်ငန်းကို နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်‌ အကောင်အထည်ဖော် ဆောင်ရွက်မည့်‌ လုပ်ငန်းများ စာရင်းတွင် မှတ်တမ်းထားရှိမည် ဖြစ်ပါကြောင်း၊ နယ်မြေဒေသ၏  လုံခြုံရေးအခြေအနေ၊ ဒေသခံပြည်သူများအတွက် ရေရှည်အကျိုးဖြစ်ထွန်းမှု၊ ဒေသအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်‌ ဆက်စပ်မှုရှိ/မရှိ၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေအနေအထားများကို လွှတ်တော်ကိုယ်စားလှယ် အပါအဝင် ဒေသမှတာဝန်ရှိသူများ၏ အသေးစိတ်ကွင်းဆင်း စိစစ်မှုအပေါ် အခြေခံပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေစိစစ်ထောက်ခံ တင်ပြလာပါက နယ်စပ်ဒေသဖွံ့ဖြိုးရေး တတိယငါးနှစ်စီမံကိန်း၏ အစောဆုံးဘဏ္ဍာရေးနှစ်တွင် အဆိုပြုထည့်‌သွင်းလျာထား ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးစိုင်းသီဟကျော် (မိုင်းရယ်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

ဒုတိယဝန်ကြီး ဖြေကြားသွားသည့် နေရာတွင် နယ်မြေဒေသလုံခြုံရေးနှင့် ပြည်သူလူထု၏ တောင်းဆိုမှု လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်မှုဆိုသည်ကို ဖြေကြားသွားပါကြောင်း၊ ယခု အဆိုပါလမ်းပိုင်းကိုလည်း လုံခြုံရေးအရဟု ပြောရမည်ဆိုလျှင် ၎င်းဧရိယာတစ်ဝိုက်သည် အားလုံးက မန်ပိုင်ပြည်သူ့စစ်တပ်ဖွဲ့များ၏ ဧရိယာနယ်မြေဖြစ်ပါကြောင်း၊ တပ်မတော်နှင့် ဖြစ်ပျက်သည့် ပဋိပက္ခများ၊ တိုက်ပွဲအနေအထားများ မရှိသကဲ့သို့ ဖြစ်နေပါကြောင်း၊ နောက်ပြီး ပြည်သူလူထုက အဆိုပါလမ်းပိုင်း ဖြစ်မြောက်ရန် အမြဲတမ်းဆန္ဒရှိသည့်အပြင် လိုလိုလားလားလည်း ဖြစ်နေပါကြောင်း၊ ၂၀၁၀-၁၁ ခုနှစ်ကတည်းက ၎င်းလမ်းကိုသွားလာရန် ဆိုင်ကယ်ဖြင့် သွားမည်ဆိုပါက ခက်ခက်ခဲခဲသွားရသည့် နေရာများဖြစ်ပါကြောင်း၊ နောက်ပိုင်း ၂၀၁၃-၁၄ ခုနှစ်တွင် မှ ၁၀ မိုင် ခန့်ကို ကျောက်ချောဟုသာ ပြောခြင်းဖြစ်ပြီး ယခုတော်တော်လေး ပြန်ပြီးဆိုးဆိုးဝါးဝါး ပျက်စီးနေပြဆိုသည့်အခါ ဒုတိယဝန်ကြီးပြောသွားသည့် လုံခြုံရေးအရဆိုသည်မှာ တကယ်တမ်း လုံခြုံရေးအရ မကောင်းဘူးဆိုလျှင် အရင်ကတည်းက ကျောက်ချောလမ်း ဖြစ်လာရန်အကြောင်း မရှိပါကြောင်း၊ ယခုနယ်မြေလုံခြုံမှုလည်း ရှိသည့်အတွက်ကြောင့်‌ တတိယငါးနှစ် စီမံကိန်းဆိုတာ တော်တော်လေး နောက်ဆုတ်သွားသည့် အနေအထားမျိုး ရှိနေသည့်အတွက်ကြောင့်‌ မိမိအနေဖြင့် ထပ်မံတင်ပြလိုသည်က လာမည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်း လျာထားပေးနိုင်မှု ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်

 

မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပထမပိုင်းတွင် တင်ပြသွားသကဲ့သို့ တစ်နိုင်ငံလုံးအနေအထားဖြင့် လုပ်နေရခြင်းရှိပါကြောင်း၊ လုပ်နေရသည့်အနေအထားမှာ လက်ရှိအနေအထားတွင် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်၏ ကတိကဝတ်များကလည်း မိမိတို့တွင် အများကြီး ဖြစ်နေပါကြောင်း၊ ဖြစ်နေသည့်အတွက် ဘဏ္ဍာငွေရရှိမှုအပေါ်တွင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည့်အတွက် ဘဏ္ဍာငွေရရှိလျှင် ကန့်သတ်သည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားပေးမည် ဆိုသည့်အကြောင်း ဖြေကြားလိုပါသည်။ ယခုလက်ရှိ အနေအထားတွင် လွှတ်တော်ကတိကဝတ်များကလည်း မိမိတို့ဆီတွင် အများကြီးဖြစ်နေသည့်အတွက် အဆိုပါကိစ္စကို မိမိတို့က ငါးနှစ်စီမံကိန်းဆိုပြီး ရှင်းလင်းတင်ပြရခြင်း ဖြစ်ပါကြောင်းဖြင့် ဆက်စပ်မေးခွန်းကို ဖြေကြားပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်