Skip to main content

 

ပထမအကြိမ် လွှတ်တော်သက်တမ်း ၂၀၁၂ ခုနှစ် နှစ်စပိုင်းတွင် မိမိအနေဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်များဖြစ်သည့် Guard Word၊ Oxygen Plant နှင့် Elevator တို့ကို လွှတ်တော်ကြီးထဲတွင် မေးခွန်းမေးမြန်းခြင်းမှတစ်ဆင့် ရလဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးဆိုလျှင် ရန်ကုန်ဆေးတက္ကသိုလ် (၂) ၏ Teaching Hospital  သင်ကြားရေး ဆေးရုံကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းသာမက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်တကွ တခြားသောဒေသများမှ မြို့နယ်တချို့တွင် ရှိသည့် တိုင်းရင်းသားလူမျိုးစုံ ပြည်သူများလာရောက် အားထားကုသမှု ခံယူလျက်ရှိကြသည့် အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပါကြောင်း၊ နေ့စဉ်ပြင်ပလူနာ ၁၂၀၀ ခန့်ရှိပြီး အတွင်းလူနာ ၁၃၀၀ အထက် ကုသပေးနေရပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ခုတင် (၈၀၀) ဆံ့ဆေးရုံကြီး ဖြစ်ခဲ့သော်လည်း လူနာများအလွန် များပြားသည့်အလျောက် ခုတင် (၁၅၀၀) ဖွဲ့စည်းပုံအမြန် ချထားပေးရန်  လိုအပ်လျက် ရှိနေပါကြောင်း၊ ခွဲစိတ်ခန်းများအနက် Main OT ခန်းများ ဟောင်းနွမ်းနေပြီး ပြုပြင်ရန်ခက်ခဲသည့် အခြေအနေများ ရှိပါကြောင်း၊ သင်ကြားရေးဆေးရုံကြီး ဖြစ်သည်နှင့်အညီ ခွဲစိတ်သော ဌာနများ၊ အထွေထွေခွဲစိတ်၊ သားဖွားမီးယပ်ခွဲစိတ်၊ မျက်စိခွဲစိတ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်၊ နှလုံးခွဲစိတ်၊ အရိုးခွဲစိတ်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်မှု များပြားသဖြင့် လက်ရှိအခြေအနေတွင် ခွဲစိတ်ခန်းအရေအတွက်က အလွန်နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ သုံးနှစ်ကျော်ကြာပြီဖြစ်သည့် တည်ဆောက်ဆဲ OT Complex ကို ယခုလာမည့် ဘတ်ဂျက်တွင် အမြန်ပြီးစီးရန် လိုအပ်သော ငွေကြေးသုံးစွဲပြီး OT ဆောက်လုပ်မှု ကျွမ်းကျင်သော အဖွဲ့များနှင့် ချိတ်ဆက်‌လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လူနာများ အလွန်များပြားသည့်အလျောက် အလွန်ကြပ်တည်းလျက် ရှိသဖြင့် အဆောက်အဦများ ထပ်မံလိုအပ်လျက် ရှိနေပါကြောင်း၊ ဆောက်လုပ်ရေး အဆောက်အဦ ဦးစီးဌာန အထူးအဖွဲ့ (၁) က ဆောက်လုပ်နေသော OG နှင့် SCBU (Special Care Baby Unit) အဆောက်အဦကလည်း ယခုဘတ်ဂျက်နှစ်တွင် ကျပ်သန်း ၈၀၀ ရရှိသဖြင့် ပြီးစီးရန် ကျပ်သန်း ၁၄၀၀ လိုအပ်နေပါကြောင်း၊

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှာ လောလောဆယ် အရေးကြီးလိုအပ်ချက် တစ်ခုက Rabies Vaccine များ မကြာခဏပြတ်လပ် နေခြင်းဖြစ်ပါကြောင်း၊ ခွေးကိုက်ခံရသည့် လူနာများအနက် ချို့တဲ့သည့် ပြည်သူများအနေဖြင့် ပြင်ပတွင်ဈေးကြီးပေးပြီး ဆေးမထိုးနိုင်သဖြင့် များစွာ အခက်ကြုံတွေ့ နေကြရပါကြောင်း၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေကြသောဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အငယ်တန်း ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများလည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်ချက်များနှင့်တကွ ခုတင် (၁၅၀၀) ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရန်ကုန်တိုင်းဒေသကြီး ခုတင် (၈၀၀) ဆံ့ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေဆေးရုံကြီး၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက် ငါးနှစ်စာတွင် တစ်နေ့ပျမ်းမျှအတွင်း လူနာ ၈၆၂ ဦး၊ တစ်နေ့ပျမ်းမျှ ပြင်ပလူနာဦးရေ ၈၀၃ ဦး၊ ဆေးရုံ ခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်း ၁၀၇.၇၆ ရာခိုင်နှုန်း တစ်နေ့ထက် တစ်နေ့တိုးတက် များပြားလာကြောင်း စိစစ်တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ် တစ်နေ့ပျမ်းမျှ အတွင်းလူနာ ၁၀၅၉ ဦးနှင့် ပျမ်းမျှပြင်ပလူနာဦးရေ ၁၁၅၉ ဦးရှိကြောင်းကိုလည်း တွေ့ရှိရပါသည်။ စာရင်းအင်းများအရ ဆေးရုံခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၆) မှ ဆုံးဖြတ်ချက်ဖြစ်သော ခုတင်အဆင့် မြှင့်တင်ရန် ခွင့်ပြုခုတင်အသုံးချမှုနှုန်း ရာခိုင်နှုန်း ၁၅၀ ပြည့်ရမည့်အချက်နှင့် ပြည့်မီရန် လိုအပ်နေကြောင်းလည်း တွေ့ရှိရပါသည်။ သို့ပါသော်လည်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်ခွဲစိတ်ကုဌာန၊ ရင်ခေါင်းခွဲစိတ်ကုဌာန၊ ဓာတ်ရောင်ခြည်ဆေးကုဌာန၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာနများအတွက် အဆောက်အဦ၊ လူနာဆောင်များ သီးခြားမပေးနိုင်သဖြင့် အထူးကုဆရာဝန်ကြီးများတွင် ပြင်ပလူနာကြည့်ရက်များတွင်သာ လူနာကြည့်ရှုပြီး အတွင်းလူနာ ဆေးရုံတက်ရန် လိုအပ်ပါက လူနာများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၅၀၀) ဆံ့ အထူးကု ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးများသို့ လွှဲအပ်၍ ဆေးကုသမှုပေးလျက် ရှိပါကြောင်း၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အင်အားသည် အဆိုပါဆေးရုံကြီးများ၌ အတွင်းလူနာ ကြည့်ပေးနေရခြင်း၊ ဖွဲ့စည်းပုံတွင် မပါဝင်သော နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိဌာနလုပ်ငန်းများ ဆောင်ရွက်ရခြင်း၊ ဆေးတက္ကသိုလ် (၂) ၏ သင်ကြားရေးဆေးရုံ ဖြစ်နေခြင်းတို့ကြောင့် ပြည်ထောင်စု ဝန်ကြီးမှ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ခုတင် (၁၅၀၀) ဆံ့ဆေးရုံပြည်သူ့ ဆေးရုံကြီးအဖြစ် ဖွဲ့စည်းပုံ တိုးမြှင့်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊

မြောက်ဥက္ကာလပ ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်နှင့်လည်းကောင်း နီးကပ်လျက်ရှိသည့် အတွက်ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူနာများလာရောက်၍ ဆေးကုသမှုခံယူလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ခွဲစိတ်ခန်းများအနေဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိခွဲစိတ်ခန်းတွင် Main Data သုံးခန်း၊ Emergency Data သုံးခန်း၊ OG Data သုံးခန်း၊ Abortion နှင့် Minor Data တစ်ခန်း၊ Accident Emergency Data တစ်ခန်း၊ Neurosurgical နှစ်ခန်း၊ Cardiac Surgical OT နှစ်ခန်း၊ Cardiac Medical Unit Cathlab နှစ်ခန်း စုစုပေါင်း ၁၇ ခန်း ရှိနေပါကြောင်း၊ ဆောက်လုပ်ဆဲ OT Complex ပြီးစီးပါက ခွဲစိတ်ခန်း ၁၀ ခန်း ထပ်မံရရှိမှာဖြစ်ပါတယ်။ စုစုပေါင်း ခွဲစိတ်ခန်း ၂၇ ခန်း ရှိမည်ဖြစ်ပါတယ်။ OT Complex လေးထပ်ဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း သည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ကာလမှစတင်၍ စီမံကိန်းတန်ဖိုး ၂၁၀၁.၂၇၉၄ ကျပ်သန်းဖြင့် San Su ကုမ္ပဏီဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်နေသော လုပ်ငန်းဖြစ်ပါကြောင်း၊ လုပ်ငန်း စတင်သည့် နှစ်မှစ၍ ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်အထိ ကုမ္ပဏီအားပေးချေပြီး ရန်ပုံငွေတွင် ၁၈၇၀.၁၃၈၇ သန်း ဖြစ်ပါကြောင်းနှင့် လက်ရှိဆောင်ရွက်မှု ပြီးစီးသည့်အခြေအနေတွင် ၉၂ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ OT Complex လေးထပ်အဆောက်အဦ ဆောက်လုပ်ရာတွင် နည်းပညာဆိုင်ရာ လုပ်ငန်းများပါဝင်မှုအရ ညှိနှိုင်းဆောင်ရွက်ရခြင်း ရှိပါသော်လည်း ကျန်လုပ်ငန်းများတွင် အမြန်ပြီးစီးနိုင်ရေးကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပေးချေရန် တန်ဖိုးငွေ ၂၃၁.၁၄၀၇ သန်းကို ၂၀၁၈-၁၉ ခုနှစ် ဖြည့်စွက်ရန်ပုံငွေနှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ကာလတွင် တင်ပြဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ OG နှင့် SCBU Complex ခြောက်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ကာလမှစတင်၍ စီမံကိန်းတန်ဖိုး ၅၀၀၅.၀၈၂ သန်းဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး အထူးအဖွဲ့ (၂) မှ တာဝန်ယူဆောက်လုပ်နေသော လုပ်ငန်းဖြစ်ပါကြောင်း၊ လုပ်ငန်းစတင်ခဲ့သော နှစ်မှစ၍ ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာရေးနှစ်အထိ ပေးချေရန်ပုံငွေတွင် ၂၇၃၀.၀၀ သန်း ဖြစ်ပါကြောင်းနှင့် လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ ၅၉ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၈၀၀ ကျပ်သန်းပါရှိပြီး OG နှင့် SCBU Complex ခြောက်ထပ် အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်း အမြန်ဆုံးပြီးစီးရေးအတွက် လုပ်ငန်းဆောင်ရွက်ခြင်း တိုးတက်မှုအရ လိုအပ်ရန်ပုံငွေ ၁၄၇၅.၀၈၂၈ သန်းအား ဖြည့်စွက် ရန်ပုံငွေနှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ကာလတွင် ဆောလျင်စွာ ပြီးစီးနိုင်ရေးအတွက် အဆောက်အဦ ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

ဝန်ထမ်းအိမ်ရာ လိုအပ်ချက်အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်ကာလတွင် ရှစ်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးအား စီမံကိန်းတန်ဖိုး ၁၀၃၉.၉၉ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့ (၂) မှ တာဝန်ယူ ဆောက်လုပ်လျက် ရှိနေပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်ကာလတွင် ခြောက်ခန်းတွဲငါးထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးအား စီမံကိန်းတန်ဖိုး ၇၅၃.၀၀ ကျပ်သန်း ခွင့်ပြုပါရှိ၍ တင်ဒါခေါ်ယူဆောင်ရွက် လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ကာလတွင် ဆေးရုံကြီးအတွက် အထပ်မြင့် ဝန်ထမ်းအိမ်ရာ များအား ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသည် သင်ကြားရေး ဆေးရုံကြီးဖြစ်ခြင်း၊ ပြင်ပလူနာနှင့် အတွင်းလူနာဦးရေများ နှစ်စဉ်တိုးတက်များပြား လျက်ရှိခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လွှဲပြောင်းလာသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝပေးနိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ခုတင် (၁၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး ဖွဲ့စည်းပုံသို့ တိုးမြှင့်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်းနှင့် တစ်ဆက်တည်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်လူနာအခြေအနေနှင့် ခွေးရူးရောဂါ ကာကွယ်ဆေး ရရှိမှုအခြေအနေမှာ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် ၂၀၁၇ ခုနှစ် ခွေးကိုက်လူနာပေါင်း ၇၂၈၅ ဦးရှိပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၁၂၅၀၀ လုံး ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ခွေးကိုက်လူနာပေါင်း ၁၈၈၆၈ ဦး အထိရှိလာခဲ့ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၈၄၀၀ လုံးအထိ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ နောက်ဆုံး ၁၀-၁-၂၀၁၉ ရက်နေ့တွင် ခွေးရူးပြန်ကာကွယ်ဆေး အလုံး ၃၀၀ ထုတ်ပေးခဲ့ပြီးနောက် ပြတ်လပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု အရေးပေါ်အသုံးပြုနိုင်ရန်အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးအလုံးရေ ၁၀၀ အား ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယအပတ်နှင့် နောက်ဆုံးအပတ်များတွင် ခွေးရူးကာကွယ်ဆေးများ လုံလောက်စွာ ရရှိလာမည်ဖြစ်ပါ၍ ဆက်လက်ပြီး လုံလောက်စွာ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခွေးကိုက်လူနာအရေအတွက်သည် တစ်နိုင်ငံလုံးအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ၁၈၃၆၇ ဦးမှ ၂၀၁၈ ခုနှစ်တွင် ၁၉၂၆၁၉ ဦးထိ ရှိခဲ့ကြောင်းနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ကုသရေးဦးရေပေါင်း လူဦးရေတွင် သုံးဆနီးပါး ရှိလာသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ဆေးရုံများတွင် ခွေးရူးကာကွယ်ဆေး လုံလောက်မှုရှိစေရေးအတွက် အသားတွင်း ထိုးသွင်းသည့် နည်းလမ်း အင်ထရက်တာမော်ရီကျင်းအစား အရေပြားကိုသာ ထိုးသွင်းရသည့် နည်းလမ်းအင်ထရက်တာ မော်ရီကျင်းဖြင့် ထိုးနှံပေးရန်လည်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်