Skip to main content

 

နမ့်ဆန်မြို့နယ်ရှိ ၂၅ ရာခိုင်နှုန်းဖောက်လုပ်ပြီးစီးပြီဖြစ်သော ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားကွင်းအား ၁၀၀ ရာခိုင်နှုန်းအပြီး လုပ်ဆောင်နိုင်ရန်အတွက် ကျန်ရှိသော ဘဏ္ဍာငွေ ၇၅ ရာခိုင်နှုန်း ကျပ် ၁၀၃၂.၃၄၀ သန်းအား ယခုနှစ် ဖြည်‌့စွက်ရန်ပုံငွေမှ စတင်ကာ ခွင့်ပြုရန်ပုံငွေ ပြန်လည်ခွဲဝေချထားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

 

မိမိတို့နမ့်ဆန်မြို့သည် တောင်ပေါ်မြို့တစ်မြို့ဖြစ်သောကြောင့် ဘောလုံးကွင်းတစ်ကွင်းအတွက် နေရာရှာရသည်မှာ အလွန်ခက်ခဲပါကြောင်း၊ တောင်ပေါ်မြို့ဖြစ်၍ ဒေသခံလူငယ်များ အားကစား လုပ်လိုသည့်အခါ နေရာအလွန်ရှားရှားပါးပါး ရှာရပါကြောင်း၊ စာသင်ကျောင်းများတွင်လည်း စာသင်ကျောင်း ဆောက်ရန်အတွက်သာ နေရာထားပေးနေရ၍ အားကစားကွင်း လုပ်ပေးရန်အတွက် အခက်အခဲရှိနေသည်ကို တွေ့ရပါကြောင်း၊ နမ့်ဆန်မဲဆန္ဒနယ်ကို ပြန်တိုင်းပြန်တိုင်းမှာလည်း လူငယ်များနှင့် မိဘပြည်သူများက “ဘောလုံးကွင်းကြီး ဘယ်အချိန်ပြီးမလဲ၊ ဆက်ကောလုပ်ကြအုံးမှာလား” ဟု ခဏခဏ မေးမြန်းသောအခါ မိမိအနေဖြင့် အလွန်မျက်နှာပူရပါကြောင်း၊ ဘောလုံးကွင်းမှာ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်ကတည်းက ကတိပြုထားပြီး လုပ်ဆောင်ထားသည့် လုပ်ငန်းလည်းဖြစ်၍ ယခုဆိုလျှင် ၂၅ ရာခိုင်နှုန်း လုပ်ဆောင်ပြီးထားသည့် အနေအထား ဖြစ်ပါကြောင်း၊ ဆက်လုပ်စေချင်သည့် အနေအထားဖြစ်ပါကြောင်း၊

မိမိကိုယ်တိုင်လည်း သွားကြည်‌့သောအခါ တချို့ဆိုလျှင် မြေများတွင် မိုးရေတိုက်စားသည့် အနေအထားမျိုးများလည်း ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခင်က မိမိတို့နမ့်ဆန်မြို့နယ်တွင်ရှိသည့် လူငယ်များက ဘောလုံးကစားရန်နေရာအတွက် ကွင်းတစ်ကွင်း ရှိခဲ့ဖူးကြောင်း၊ သို့သော်လည်း ယခုအခြေအနေတွင် နမ့်ဆန်မြို့၏ လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်သည့်လျှပ်စစ် လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်အတွက် ထိုမြေနေရာကို ပေးလိုက်ရသောကြောင့် လူငယ်များက ဘောလုံး အားကစားကို လုပ်ဆောင်ရန် နေရာမရှိသည့် အနေအထားမျိုး ဖြစ်သွားသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သန်း ၁၃၉.၂၆၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ၂၂၁ သန်း၊ ထိုသို့ရန်ပုံငွေ ချထားပြီး လုပ်ဆောင်သွားခြင်းတို့ ရှိပါကြောင်း၊

ယခုအချိန်တွင် ဆက်လက်၍ ရန်ပုံငွေချထားပြီး လုပ်ဆောင်မပေးသည်မှာ ၂ နှစ်ကျော်ကျော်ခန့် ရှိပြီဖြစ်၍ အလွန်မျှော်လင့်တောင့်တ နေကြပါကြောင်း၊ နမ့်ဆန်မြို့နယ်တွင် ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားကွင်း ရှိသော်လည်း ၎င်းမှာပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဆင့် လုပ်ဆောင်ပေးထားမှု ဖြစ်၍ ဘောလုံးကွင်းကို စနစ်တကျပြန်လည် ရန်ပုံငွေချထားပြီး လုပ်ဆောင်ပေးနိုင်ရန် မိမိတို့ ဒေသဦးစီး ဥက္ကဋ္ဌက လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ရန်ပုံငွေပြန်လည် ချထားရရှိနိုင်ရန်အတွက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် ပြည်နယ်ဝန်ကြီးချုပ်၏ကိုယ်စား လူမှုရေးဝန်ကြီးက ဖြေကြားမေးမြန်း ပေးထားသည့် စာများနှင့်အတူ ထောက်ခံတင်ပြ‌ပြီး နမ့်ဆန်မြို့နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌက ရန်ပုံငွေရရှိရေးအတွက် တင်ပြထားခြင်း ဖြစ်ပါကြောင်း၊ တင်ပြထားသော်လည်း Main Budget တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ အဆိုပါလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးထားနိုင်ခြင်း မရှိသေးသည့် အခြေအနေများနှင့် ရင်ဆိုင်နေရပါကြောင်း၊

လက်ရှိဘောလုံးကွင်းအတွက် ရန်ပုံငွေချပေးထားသည့် ၂၅ ရာခိုင်နှုန်းနှင့် လုပ်ဆောင်ထားသည့် မြေနေရာ ဖြစ်ပါကြောင်း၊ ထိုနေရာတစ်ခုတည်းသာ နမ့်ဆန်အတွက် ဘောလုံးကွင်းလုပ်ရန် သင့်တော်သည့် နေရာဖြစ်ပါကြောင်း၊ မြေထိုးထားသည့် အနေအထားများ ဖြစ်ပါကြောင်း၊ ယခုအက်ကွဲနေသည့် မြေများဆိုလျှင် မိုးရေတိုက်စားမှုကြောင့် ဖို့မြေများမိုးရေများနှင့် ပါသွားပါကြောင်း၊ အခြားတဘက်မှာ အမာခံမြေသားဖြစ်ပါကြောင်း၊ ထို ၂၅ ရာခိုင်နှုန်းမှာ မြေထိုးသည့်လုပ်ငန်းတောင်မှ တိတိကျကျ ပြီးစီးမှု မရှိသေးပါကြောင်း၊ ဆက်လက်၍ မြေသားထိုးသည့်လုပ်ငန်းကိုသာ အများကြီး လုပ်ဆောင်ရမည့် အနေအထား ဖြစ်ပါကြောင်း၊ အကယ်၍ မိမိတို့ ဤလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မှု မရှိဘဲ ဤအတိုင်း ထားမည်ဆိုလျှင် မိမိတို့နိုင်ငံ၏ ရန်ပုံငွေမြှုပ်နှံထားသည့် အနေအထားကလည်း အလကားနေ အလဟဿ ပြုန်းတီးဆုံးရှုံး သွားမည်ကိုလည်း မိမိအနေနှင့် စိုးရိမ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများကို စနစ်တကျ ကောင်းကောင်းမွန်မွန် ပြီးစီးနိုင်အောင်လည်း ဝန်ကြီးဌာနအနေဖြင့် လုပ်ဆောင်ပေးစေလိုပါကြောင်း၊ သို့ဖြစ်ပါ၍ နမ့်ဆန်မြို့နယ်ရှိ ၂၅ ရာခိုင်နှုန်းဖောက်လုပ်ပြီးစီးပြီဖြစ်သော ဘောလုံးကွင်းနှင့် မိုးလုံလေလုံ အားကစားကွင်းအား ၁၀၀ ရာခိုင်နှုန်းအပြီး လုပ်ဆောင်နိုင်ရန်အတွက် ကျန်ရှိသော ဘဏ္ဍာငွေ ၇၅ ရာခိုင်နှုန်းကျပ် ၁၀၃၂.၃၄၀ သန်းအား ယခုနှစ် ဖြည်‌့စွက်ရန်ပုံငွေမှ စတင်၍ ခွင့်ပြုရန်ပုံငွေ ပြန်လည်ခွဲဝေ ချထားပေး၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အားကစားကွင်း ဖော်ထုတ်ခြင်း လုပ်ငန်းအတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် ဘတ်ဂျက်ဖြည့်စွက် ရန်ပုံငွေစာရင်းတွင် ငွေကျပ် ၁၃၉.၂၆၀ သန်းဖြင့်လည်းကောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ စာရင်းတွင် ကျပ် ၂၂၁.၀၀ သန်းဖြင့်လည်းကောင်း ခွင့်ပြုချက်ရရှိ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၅ ရာခိုင်နှုန်း ဖောက်လုပ်ပြီးစီးနေပြီး ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၄-၁-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ နမ့်ဆန်မြို့နယ် အားကစားကွင်းဖောက်လုပ်ရန် ကျန်ရှိသည့် လုပ်ငန်း ၇၅ ရာခိုင်နှုန်းအား ဆောင်ရွက်နိုင်ရန်အတွက် ငွေကျပ် ၁၀၃၂.၃၄၀ သန်းအား ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ တင်ပြတောင်းခံမည်ဖြစ်ပါကြောင်း ပေးပို့လာသဖြင့် ၂၀၁၉-၂၀ ပြည်ထောင်စုရန်ပုံငွေစာရင်းတွင် ထည်‌့သွင်းလျာထားပြီး ခွင့်ပြုချက် ရရှိပါက လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးဝင်းထူး (နမ်‌့ဆန်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိအနေနှင့် ဝန်ကြီးက အမြဲတမ်း မိမိတို့အထဲတွင်လာဖြေလျှင် အားကစား များများလုပ်နိုင်မှ ဆေးရုံတွင် လူနာနည်းမည်ဆိုသည့်စကားကို ပြန်ကောက်လိုကြောင်း၊ ဝန်ကြီးဖြေသွားသည့် ခွင့်ပြုချက်ရပါက ဆိုသည်ထက် မိမိအနေနှင့် ဒေသရှိလူထု၊ လူငယ်များအတွက် တိကျသည့်အဖြေကို ပေးစေလိုပါကြောင်း၊ ခွင့်ပြုချက်မရ၍ မလုပ်ပေးလျှင် ၎င်းကို ဤအတိုင်းသာပစ်ထားမည်ဆိုပါက နိုင်ငံ၏အရင်းအနှီး လုပ်ထားသည့် ပိုက်ဆံများလည်း ဆုံးရှုံးပါကြောင်း၊ လူငယ်များအတွက်လည်း အားကစား လေ့ကျင့်သည့်နေရာများ၊ အားကစား လုပ်ဆောင်ရမည့်နေရာများ မရှိသောကြောင့် ဤထက်တိကျသည့် အဖြေကို ဖြေကြားစေလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်

ကိုယ်စားလှယ်တော်ကြီးပြောသည့် တိကျသည့်အဖြေကို မိမိတို့ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် ထည်‌့သွင်းထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေကို ပြည်ထောင်စုရန်ပုံငွေ ခေါင်းစဉ်က ခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်