Skip to main content

 

မိမိတို့ကသာဆေးရုံသည် ခရိုင်အဆင့်ဆေးရုံဖြစ်ပြီး နီးစပ်ရာမြို့နယ်များဖြစ်သည့် အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်က လူမမာများအပြင် နယ်ချင်းဆက်နေသည့် ရှမ်းပြည်တချို့နေရာဒေသက လူမမာများပါ နီးစပ်ရာ အားကိုးအားထားနှင့်လာပြီး တက်ရောက်ကုသကြသည့် ဆေးရုံဖြစ်ပါကြောင်း၊ ပထမဦးဆုံး ကသာဆေးရုံတွင် လက်ရှိအနေအထားမှာ သမားတော်ရှိခြင်း၊ ခွဲစိတ်ရှိခြင်း၊ ဓာတ်မှန်ရှိခြင်း၊ အရိုးအကြောရှိခြင်း၊ ကလေးရှိခြင်းနှင့် သားဖွားမီးယပ်ရှိခြင်းစသဖြင့် အထူးကုများ ပြည့်ပြည့်စုံစုံရှိထား ပေးသည့်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် မေ့ဆေးဆရာဝန်သည် ကသာကိုမရောက်သည်မှာ လေးနှစ်ခန့်ရှိပါပြီ သက်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကိုလည်း မိမိအနေဖြင့်တွေ့ဆုံတိုင်း တွေ့ဆုံဆိုင်း မေ့ဆေးဆရာဝန် တောင်းခံပါသော်လည်း မနေ့ကအချိန်ထိ မရောက်ရှိသေးပါကြောင်း၊ ၂၀၁၆ ခုနှစ် ခန့်က မေ့ဆေးဆရာဝန် တစ်ခေါက်ရောက် ဖူးပါကြောင်း၊ သို့သော်လည်း ခန့်စာသာရောက်လာပြီး လူကမ‌ရောက်လာပါကြောင်း၊ ယခုလောလောဆယ် မိမိတို့မေ့ဆေးဆရာဝန် မရှိသည့်အတွက် ကျန်သည့်ကုသသော ဆရာဝန်များသည် အရေးပေါ်ကိစ္စများ၊ အသက်လုရသည့် ကိစ္စများတွင် ကသာဆေးရုံမှာ အမှန်တကယ်လုပ်နိုင်သော်လည်း မေ့ဆေးဆရာဝန် မရှိသည့်အခါ မန္တလေးဆေးရုံကို မိမိတို့ Refers လုပ်ရပါကြောင်း၊ မန္တလေးနှင့်ကသာသည် ရထားလမ်းဖြင့် မိုင် ၂၁၀၊ ကားလမ်းနှင့်ဆို မိုင် ဒီထက်ပိုဝေးပါကြောင်း၊ အဆိုပါလမ်းကလည်း ယခုလမ်းအရည်အသွေးမှာ ပြင်ဆဲ၊ ပြင်ထိန်းများလုပ်နေသဖြင့် အရေးပေါ်လူမမာ တင်သွားသည့်အခါ ကားများပေါ် လိုက်သွားသည့် လူမမာလည်း မသက်သာပါကြောင်း၊ တစ်ခါတလေ လမ်းမှာတင် အသက်ဆုံးရှုံးရခြင်းများ ဖြစ်လာပါကြောင်း၊ အကယ်၍ မေ့ဆေးဆရာဝန် ရှိခဲ့သည်ရှိသော် ကသာဆေးရုံတွင် ကယ်တင်နိုင်သည့် အနေအထား အများကြီးရှိခဲ့သော်လည်း မေ့ဆေးဆရာဝန် မရှိသည့်အတွက် အသက်ဆုံးရှုံးခံလိုက်ရသော လူမမာများလည်း အများကြီးရှိပါကြောင်း၊ လမ်းကလည်း ယခုအချိန်ထိ ကားသွားလျှင်လည်း ၁၂ ပေသာကျယ်သည့် နေရာများလည်း အများကြီးရှိသော်လည်း ကားများအရေးပေါ် ကျော်တက်ခြင်းတို့ကအစ အများကြီး အခက်အခဲ ရှိနေပါကြောင်း၊ အဓိကကဆေးရုံ၊ ကျန်းမာရေး၊ ကုသရေးအပိုင်းတို့နှင့် မိမိပြောကြည့်သည့်အခါ မေ့ဆေးဆရာဝန်သည် အရေးကြီးပါကြောင်း၊ မေ့ဆေးဆရာဝန် ရောက်လာနိုင်လျှင် အဆိုပါကိစ္စများသည် ကသာတွင် အဆင်ပြေနိုင်သည်ဆိုသည့် ဖြေကြားချက်ကို ရရှိပါကြောင်း၊ ကသာဆေးရုံကို မိမိတို့မရောက်သည်မှာ လေးနှစ်၊ လစ်လပ်နေတာ လေးနှစ်နီးပါးရှိသည့် မေ့ဆေးဆရာဝန်ပို့ပေးစေလိုပါကြောင်း၊ ပို့ပေးသည့်နေရာတွင်လည်း ၂၀၁၆ ခုနှစ်ကဲ့သို့ ခန့်စာသာ ရောက်လာပြီး လူရောက်မလာသည့် အဖြစ်မျိုးများလည်း မဖြစ်အောင် သက်ဆိုင်ရာဝန်ကြီး ဌာနကနေပြီး ကသာလူထုကို ငဲ့ညှာသောအားဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မေ့ဆေးဆရာဝန် အင်အားမှာ ပါမောက္ခဌာနမှူးအဆင့်မှ အထူးကုလက်ထောက် ဆရာဝန် အဆင့်အထိ ခွင့်ပြု ၃၂၁ ဦး၊ ခန့်ထား ၂၁၉ ဦးရှိပြီး ဗဟိုအဆင့် ဆေးရုံကြီးများနှင့် အထူးကု ဆေးရုံများတွင် ခွဲစိတ်ခန်းများ စွမ်းရည်ပြည့်ဝစွာ လည်ပတ်နိုင်ရေးအတွက် မေ့ဆေးဆရာဝန်များ ဖြည့်တင်းခန့်ထားပေးခဲ့သော်လည်း လုံလောက်ခြင်း မရှိသေးပါကြောင်း၊ ပြည်သူ့ဆေးရုံကသာမြို့မှ အထူးကုဆရာဝန် (မေ့ဆေး) တစ်ဦးကို ဗဟိုအမျိုးသမီးဆေးရုံကြီး ရန်ကုန်သို့ ပြောင်းရွှေ့ ပြီးသည့်နောက် လက်ထောက်မေ့ဆေးဆရာဝန် တစ်ဦးအား ကုသရေးဦးစီးဌာန၏ ၂၂-၅-၂၀၁၇ ရက်စွဲပါအမိန့်စာဖြင့် ခန့်ထားပေးခဲ့သော်လည်း အဆိုပါဆရာဝန်တွင် ပြောင်းရွှေ့တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိသောကြောင့် လေးနှစ်ခန့် မေ့ဆေးအထူးကု လစ်လပ်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအခါ အထူးကုဆရာဝန် (မေ့ဆေး) တစ်ဦးကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ၅-၂-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃-မက) က ၂၀၁၉-၄ ဖြင့် ပြည်သူ့ဆေးရုံ ကသာမြို့သို့ ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ အကယ်၍ ၎င်းမေ့ဆေး ဆရာဝန်သည် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း ယခင်ကဲ့သို့ ဖြစ်လာပါက ၂၀၁၉ ခုနှစ် မတ်လကုန်၌ သင်ကြားရေး ဆေးရုံကြီးများမှ လုပ်သက်ရလက်ထောက် ဆရာဝန် (မေ့ဆေး) များအား ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ လုပ်ငန်းလိုအပ်ချက်ရှိသော ဆေးရုံများသို့ ပြောင်းရွှေ့တာဝန် ချထားသည့်အခါတွင် လက်ထောက်ဆရာဝန် (မေ့ဆေး) တစ်ဦးအား ထပ်မံမဖြစ်မနေ ခန့်ထားပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်