Skip to main content

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ပန်ဆပ်ကျေးလက် ကျန်းမာရေးဌာနနှင့် မွန်းကိုင်လင်ကျေးလက် ကျန်းမာရေးဌာနများသည် ယခင်က ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ကြောင့် ယခုအခါ အဆိုပါဆေးခန်းများသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆေးခန်းအတွက် လုံခြုံမှုမရှိခြင်း၊ လက်ရှိဝန်ထမ်းအင်အားနှင့် ညီမျှသည့် အဆောက်အဦ အိမ်ရာမရှိခြင်းတို့ကြောင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ညီမျှသည့် စံကိုက်အဆောက်အဦနှင်‌့ အခြားလိုအပ်ချက်များကို အသစ်ဆောက်လုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အလားတူ မသော်ရီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည့် ဆေးခန်းတစ်ခုတည်းရှိသည့်အတွက် အခြားလိုအပ်သည့်စံကိုက် သတ်မှတ်ချက် ဖြည့်ဆည်းပေးရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ မိမိသိရှိသည်ကို ပြောရမည်ဆိုလျှင် ပေးသည်က စံကိုက်ပေးခြင်းဖြစ်သော်လည်း ငွေမလုံလောက်သဖြင့် ဆေးခန်းအဆင့်သာ ဆောက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျေးလက် ကျန်းမာရေးဌာနနှင်‌့ ဌာနခွဲများတွင် စံကိုက်ခွင့်ပြုငွေ ချပေးသည့်အခါ ဒေသစရိတ်အမှန်ကုန်ကျငွေ ခွင့်ပြုပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြေင့် ပြည်သူ့လွှတ်တော်တွင် မိမိ၏တင်ပြချက်အပေါ် ဖြေကြားခဲ့သည့် ကတိကဝတ်အရ မိမိတို့မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ခွဲသုံးခုကို ဝန်ကြီးဌာနက စံကိုက်ခွင့် ပြုပေးခဲ့ပါကြောင်း၊ သို့သော် ခွင့်ပြုငွေက ပြည်မတွင်ပေးထားသည့် နှုန်းထားဖြင့် ပေးသည့်အခါ ဘယ်ကုမ္ပဏီမှ တင်ဒါမဆွဲခဲ့သဖြင့် ခွင်‌့ပြုသည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ် နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ဆဲ လုပ်ငန်းအဖြစ် ပြောင်းလဲပြီးဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြာင့် ခွင့်ပြုငွေနှုန်းထားက မပြင်ပေးထားသည့် အတွက်ကြောင့် မူလပထမကပေးသည့် ခွင့်ပြုငွေကို ပေးသည့်အခါ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင်‌့ရ ဒေသဦးစီးအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ဆေးခန်းတစ်ခုတည်းသာ ဆောက်လုပ်ပြီး ဝန်ထမ်းအိမ်ရာ မပါဝင်ခြင်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် စံကိုက်ပေးသည့်အခါ ဒေသတစ်ခုနှင့်တစ်ခု မတူညီသော ဒေသပေါက်ဈေးများကို အခြေခံပြီး ခွင့်ပြုငွေပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာန သုံးခုသည်လည်း ဒေသပေါက်ဈေး စံကိုက်ပေးခြင်း မဟုတ်သည့်အတွက်ကြောင်‌့ လိုအပ်ချက်များ ရှိနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင်‌့ ဖော်ပြပါကျေးရွာများရှိ ကျန်းမာရေးဌာနများမှာ စံကိုက်အဆောက်အဦ အပါအဝင် အခြားသတ်မှတ်ချက်များကို အစောဆုံးဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

စစ်ကိုင်းတိုင်းဒေသကြီး၊ လေရှီးမြို့နယ်တွင် ကျေးရွာစုစုပေါင်း ၆၇ ရွာ၊ အိမ်ခြေစုစုပေါင်း ၃၃၄၉ အိမ်၊ လူဦးရေ စုစု ပေါင်း ၁၉၁၁၃ ဦးရှိပါကြောင်း၊ လေရှီးမြို့နယ်တွင် ကျေးလက်ကျန်းမားရေးဌာန လေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ ၂၃ ဌာန၊ မိခင်နှင်‌့ကလေး ကျန်းမာရေးဌာနတစ်ဌာန ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ထမ်းများအဖြစ် လက်ထောက်ကျန်းမာရေးမှူး ၆ ဦး၊ မြို့နယ်သူနာပြုအဆင်‌့ ၁ ဦး၊ ကျန်းမာရေး ကြီးကြပ် ၁ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၂ ဦး၊ သွားဖွားဆရာမ ၂၆ ဦး၊ ကျန်းမာရေးကြီးကြပ်-၂ ၃၃ ဦးတို့မှ ကျန်းမာရေးစောင်‌့ရှောက်မှု လွှမ်းခြုံပေးလျက်ရှိပါကြောင်း၊ လေရှီးမြို့နယ်တွင် ကျေးလက်ကျန်းမာရေး စံကိုက်တစ်ခု ဆောက်လုပ်ပြီးစီးပြီး ကျေးလက် ကျန်းမာရေးဌာနခွဲကိုးခု စံကိုက်ဆောက်လုပ်ဆဲ ဖြစ်ပါကြောင်း၊ တင်ပြထားသော ပန်ဆပ်၊ မွန်းကိုင်လင်နှင်‌့ မသော်ရီကျေးလက် ကျန်းမာရေးဌာနတို့မှ စံကိုက်ကျေးလက် ကျန်းမာရေး ဌာနအဆောက်အဦ ဆောက်လုပ်ရန် အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ ထောက်ခံတင်ပြ ထားသော်လည်း ကျန်းမာရေးဌာနပိုင် မြေစာရင်းပုံစံ-၁၀၅၊ ၁၀၆ မရှိသေးပါကြောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှ ၁၁-၂-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၀၉၅ (အစရ-၅) ၅ ထွေဖြင့် တင်ပြလာသည့်အပေါ် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှလည်း ၁၁-၂-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၀၄၃၈ (အစရ -၅) ထွေဖြင့် လက်ရှိမြေစာရင်း ပုံစံ-၁၀၅၊ ၁၀၆ ဆောင်ရွက်ထားနိုင်ခြင်း မရှိသေးပါကြောင်း၊ တင်ပြထားပါသည်။ ၁၄-၁၁-၂၀၁၈ ရက်နေ့ စာအမှတ်၊ ၇၆၁ (အစရ-၅) ၄၂ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးရုံးမှ ဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လေရှီးမြို့သို့ မြေစာရင်းပုံစံ-၁၀၅၊ ၁၀၆ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၆ ခုအမည်ဖြင့် မေတ္တရပ်ခံထားရာ ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားသော ကျေးလက်ကျန်းမာရေး ဌာနသုံးခုလည်း ပါဝင်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ပန်ဆပ်၊ မွန်းကိုင်လင်နှင်‌့ မသော်ရီကျေးလက် ကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဌာနပိုင်မြေ အမည်ပေါက် မြေစာရင်းပုံစံ-၁၀၅၊ ၁၀၆ ရရှိသည်‌့ နေ့မှစ၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဒေသပေါက်ဈေးနှင်‌့ ရန်ပုံငွေရရှိရေးအတွက် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်