Skip to main content

မိမိတို့ သံတွဲခရိုင်ဆေးရုံကြီးကို ၁၇-၆-၁၉၆၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် ၂၀၀၄ ခုနှစ်တွင် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ခွင့်ပြုခုတင် ၁၀၀ ဖြစ်သော်လည်း ယခုအခါ အသုံးချခုတင် ၁၉၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးလျက်ရှိပါကြောင်း၊ ယခင်က လူနာထားရန်အဆောင် အခက်အခဲရှိသော်လည်း ယခုအခါ တိုးချဲ့နှစ်ထပ်ဆောင်သစ်များ ဖွင့်လှစ်ပြီးဖြစ်သဖြင့် လူနာများကို ပိုမိုထားရှိနိုင်သည့်အပြင် အတွင်းလူနာကုသမှုများလည်း နေ့စဉ်တိုးလျက်ရှိပါကြောင်း၊ မိမိတို့ခရိုင်ဆေးရုံကြီးကို တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ လူဦးရေသုံးသိန်‌းကျော်မှ အားထားရသည့်ဆေးရုံကြီး တစ်ခုဖြစ်ပါကြောင်း၊

သံတွဲမြို့ ငပလီကမ်းခြေသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုကို လိုအပ်လာခြင်းကြောင့် လည်းကောင်း ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး ဖြစ်ပေါ်လာခဲ့လျှင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မီစက်ကိရိယာများ ပိုမိုထောက်ပံ့မည် ဖြစ်သည့်အတွက်ကြောင့် ဒေသခံပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးသည် အဆင့်အတန်းပိုမို တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်သို့အရေးပေါ်လူနာများ လွှဲပြောင်းရခြင်း နည်ပါးသွားနိုင်သည့်အတွက် ဒေသခံ ပြည်သူများအတွက် ငွေကုန်ကြေးကျ၊ အချိန်ကုန် လူပင်ပန်းဖြစ်ရခြင်းမှ အထိုက်အလျောက် ကာကွယ် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာ လွှဲပြောင်းမှုလည်း ၂၀၁၆ ခုနှစ်တွင် ၈၇ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၅၂ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၅၉ ဦးတို့ လွှဲပြောင်းပေးခဲ့ရပါကြောင်း၊ ထို့အပြင် ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်များမှ လူနာများလည်း သံတွဲဆေးရုံသို့ အမြဲလာရောက် ကုသလျက်ရှိသည်ကို  ဆေးမှတ်တမ်းများအရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ ဆေးရုံမှ ခုတင် ၂၀၀ ဆေးရုံကြီးအဖြစ်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ ဆေးရုံတစ်ရုံ၊ ၂၅ ခုတင်ဆံ့ ငပလီ (လင်းသာ) ဆေးရုံ၊ ရွှေလှေတိုက်နယ်ဆေးရုံ၊ ကွင်းဝိုင်းတိုက်နယ် ဆေးရုံနှင့်ကျောက်ကြီး တိုက်နယ်ဆေးရုံ စုစုပေါင်း ဆေးရုံငါးရုံဖွင့်လှစ် ထားရှိပြီးဖြစ်ပါကြောင်း၊ သံတွဲမြို့ ပြည်သူ့ဆေးရုံအား ၁၁-၃-၂၀၁၄ ရက်နေ့တွင် အရာထမ်းရာထူး ၃၈ ဦး၊ အမှုထမ်းရာထူး ၁၆၅ နေရာ စုစုပေါင်းဝန်ထမ်း ၂၀၃ နေရာပါဝင်သည့် ခုတင် ၁၀၀ ဆံံ့ ပြည်သူ့ဆေးရုံ ဖွဲ့စည်းပုံပြင်ဆင် ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ သံတွဲမြို့ ပြည်သူ့ဆေးရုံတွင် ကျွမ်းကျင်ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများ အနေဖြင့် အထူးကုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်၊ ကလေးဆရာဝန်၊ ဓာတ်မှန်ဆရာဝန်၊ လက်ထောက်ဆရာဝန် (ခွဲစိတ်)၊ လက်ထောက်ဆရာဝန် (မျက်စိ) ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များအား ၂၀၁၉ ခုနှစ် မတ်လကုန် သစ်လွင်များအားလည်း ၂၀၁၉ ခုနှစ် မတ်လကုန် သစ်လွင်လက်ထောက်များ ခန့်ထားချိန်တွင် လုပ်သက်ရလက်ထောက် ဆရာဝန် ၁၀ ဦးအား ထပ်မံဖြည့်စွက် ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ သူနာပြုများအနေဖြင့် သူနာပြုကြီး ၃ ဦး၊ အထက်တန်းသူနာပြု ၂၁ ဦး၊ သူနာပြု ၃၂ ဦး တိုးမြှင့်ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊

သံတွဲမြို့ ပြည်သူ့ဆေးရုံအတွက် ဆေးဝါးနှင့်ဆေးပစ္စည်း ကိရိယာထောက်ပံ့မှုအနေဖြင့် ဗဟိုဆေး သိုလှောင်ရေးဌာနမှ ၁-၁-၂၀၁၆ ရက်နေ့မှ ၁၁-၁-၂၀၁၉ ရက်နေ့ထိ တန်ဖိုးငွေ ၂၇၆ သန်းဖိုး အထိ ထောက်ပံ့ပေးထားပါကြောင်း၊ သံတွဲမြို့ ပြည်သူ့ဆေးရုံ၏ ဆေးရုံလုပ်ငန်းဆောင်ရွက်ချက် ငါးနှစ်တာစာမျက်နှာတွင် တစ်နေ့ပျမ်းမျှအတွင်း လူနာဦး‌ရေ ၁၂၂ ဦး၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်း ၁၂၁.၆၂ ရာခိုင်နှုန်း၊ ဆေးရုံခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်း ငါးနှစ်တာပျမ်းမျှ ၁၂၁.၆၂ ရခိုင်နှုန်းဖြင့် ဆေးရုံခုတင်အသုံးချမှု ရာခိုင်နှုန်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၁၆) ဆုံးဖြတ်ချက်ဖြစ်သော ခုတင်အဆင့်မြှင်‌့တင်ရန် ခွင့်ပြု ခုတင်အသုံးချမှု ရာခိုင်နှုန်းအနည်းဆုံး ၁၅၀ ရှိရမည့်အချက်နှင့် ပြည့်စုံရန်လိုအပ်လျက် ရှိပါကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ခွင့်ပြုခုတင်အသုံးချမှု ရာခိုင်နှုန်းပြည့်မီပြီး ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ပြည့်စုံပါက တိုးမြှင့်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်