Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်)

 

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၁၉  ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦးအနက် (၃၈၃)ဦး တက်ရောက်သည်။

 

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးစိုင်းငေါင်းဆိုင်ဟိန်း၊မောက်မယ်မဲဆန္ဒနယ်က မေးမြန်းသော မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်မှုကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းတပ်ဆင် ထုတ်လုပ်သည့်စနစ်(SKD)ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီပေါင်းမည်မျှရှိပြီး မော်တော်ယာဉ် များ၏အရည်အသွေး ကြံ့ခိုင်ကောင်းမွန်မှု (Quality control)ကို မည်ကဲ့သို့ ထိန်းချုပ် ထားပါသနည်းနှင့် အနာဂတ်တွင် လျှပ်စစ်ဘတ်စ်ကား (e Bus)များ စမ်းသပ်မောင်း နှင်အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားပါသည်ကို သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက  လက်ရှိ SKD စနစ်ဖြင့် အောင်မြင်မှုရှိလာပြီးနောက် ပိုမိုတွက်ခြေကိုက်သော CKD စနစ်ကို အနာဂတ်တွင် ကူးပြောင်းရေးကိုလည်း အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း နှင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းပြီး ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော နည်းပညာမြင့် လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင်ရေး ကြိုတင်စီမံမှုများ ဆောင်ရွက်လျက်ရှိပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက်လည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။

 

(၂)    ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်က မေးမြန်းသော ဒိုက်ဦးမြို့နယ် ယခင်စက်မှု (၁)ပိုင် ကော်မှုန့်စက်ရုံ (၃)ထပ် အဆောက်အဦကို ပြန်လည်မွမ်းမံပြင်ဆင်၍ အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းအသစ် (ဒိုက်ဦး)အဖြစ် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဝန်ကြီးဌာနအနေဖြင့် ဒိုက်ဦးကော်မှုန့်စက်ရုံ၏ ပင်မကုန်ထုတ် (၃)ထပ် အဆောက်အဦကို ဆေးဝါးသုံးအရက်ပြန်များနှင့် ဆေးဆီ၊ ဆေးရည်များ ပြောင်းလဲ ထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အစိုးရစက်မှုလက်မှု အထက်တန်း ကျောင်းအဖြစ် အသစ်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

 

(၃)    ဦးမင်းကြည်၊ သံတွဲမဲဆန္ဒနယ်က မေးမြန်းသော  ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်သူ့ ဆေးရုံကြီးအား ခုတင်(၁၀၀)ဆံ့ ဆေးရုံမှ ခုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့် ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က ခွင့်ပြုခုတင်အသုံးချမှု ရာခိုင်နှုန်းပြည့်မီပြီး ကျန်းမာရေးလူ့စွမ်းအားပြည့်စုံပါက တိုးမြှင့်ဖွင့်လှစ်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၄)    ဦးကျော်ဌေး၊ လေရှီးမဲဆန္ဒနယ်က မေးမြန်းသော လေရှီးမြို့နယ်ရှိ ပန်ဆပ်၊ မွန်း ကိုင်လင်နှင့် မသော်ရီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနများတွင် စံကိုက် အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က ကျန်းမာရေးဌာနပိုင်မြေ အမည်ပေါက်မြေစာရင်း ပုံစံ-၁၀၅၊ ၁၀၆ ရရှိသည့်နေ့မှစ၍ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဒေသပေါက်ဈေးနှင့်ရန်ပုံငွေရရှိရေးအတွက် ဦးစားပေး အစီစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၅)    ဒေါက်တာဦးသန်းဝင်း၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်က မေးမြန်းသော မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်ချက်များနှင့် ခုတင်(၁၅၀၀) ဖွဲ့စည်းပုံအဆင့်မြှင့်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခုတင် (၁၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖွဲ့စည်းပုံသို့ တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၆)    ဦးမြင့်ကြည်၊ ကသာမဲဆန္ဒနယ်က မေးမြန်းသော ကသာပြည်သူ့ဆေးရုံကြီးသို့ မေ့ဆေးအထူးကုဆရာဝန် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က အထူးကုဆရာဝန်(မေ့ဆေး)တစ်ဦးကို ပြည်သူ့ဆေးရုံကသာမြို့သို့ ခန့်ထားပေးပြီး ဖြစ်ပါကြောင်းနှင့် အကယ်၍ ၎င်းမေ့ဆေးဆရာဝန်သည် တာဝန်ထမ်းဆောင်နိုင် ခြင်းမရှိပါက ၂၀၁၉ ခုနှစ် မတ်လကုန်၌ သင်ကြားရေးဆေးရုံကြီးများမှ လုပ်သက်ရ လက်ထောက်ဆရာဝန် (မေ့ဆေး)တစ်ဦးအား မဖြစ်မနေ ခန့်ထားပေးမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

(၇)    ဦးဝင်းထူး၊ နမ့်ဆန်မဲဆန္ဒနယ်က မေးမြန်းသော နမ့်ဆန်မြို့နယ်ရှိ (၂၅%) ဖောက် လုပ်ပြီးစီးပြီဖြစ်သော ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားကွင်းအား (၁၀၀%) အပြီး လုပ်ဆောင်နိုင်ရန်အတွက် ကျန်ရှိသော ဘဏ္ဍာငွေ (၇၅%)ကျပ် (၁၀၃၂.၃၄၀) သန်းအား ယခုနှစ် ဖြည့်စွက်ရန်ပုံငွေမှ စတင်ကာ ခွင့်ပြုရန်ပုံငွေ ပြန်လည်ခွဲဝေချ ထားပေး၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြလေးစိန်က ၂၀၁၉-၂၀၂၀ ပြည်ထောင်စုရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာ ထားပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

( ခ )  ဥပဒေကြမ်း (၁) ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော စားသုံးသူကာကွယ်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ သဘောကွဲလွဲသည့် အချက်(၇)ချက်ကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ (က)နှင့် (ခ) တို့အရ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။    

 

( ဂ )  အဆို (၁) ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က နိုင်ငံတော်၏မျိုးဆက်သစ်လူငယ်များအား ကျန်းမာလန်းဆန်း ဖြောင့်မတ်သော မျိုးဆက်သစ်များအဖြစ် ကြီးပြင်းလာကြစေရေး၊ လုပ်ငန်းခွင်ရောက် ပြည်သူများ၏ ကာယစိတ္တ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သက်ကြီး နိုင်ငံသားများ ကျန်းမာနုပျိုစေရေးတို့နှင့်အတူ မူးယစ်ဆေးဝါးနှင့် အခြားမလိုလားအပ်သော အာရုံများမှ ကင်းလွတ်သက်သာစေနိုင်သည့် အားကစားကဏ္ဍကို စီမံကိန်းနှင့် ရန်ပုံငွေများ ချမှတ်၍ တိုက်တွန်းအားပေး ဖော်ဆောင်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုအား လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

 

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၃ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၄-၂-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။