Skip to main content

 

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် ဦးစားပေးကဏ္ဍအဖြစ် ပညာရေးကဏ္ဍသည် အရမ်းအရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးကို အမှီသဟဲပြု၍ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုလို နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပထမတန်းစား နည်းပညာနှင့် သက်မွေးပညာရေး စနစ်ဖြစ်လာစေရန် ဆောင်ရွက်ရန် လိုအပ်နေသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကိုလည်း တွေ့မြင်နေရပါကြောင်း၊ တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကအချက်သည် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်‌ရေးဆောင်ရွက်ရာတွင် ကျွမ်းကျင်သော နည်းပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပေးရန်နှင့် ပြုစုပျိုးထောင် ပေးနိုင်ရန်လည်း အရေးကြီးလွန်း လှပါကြောင်း၊

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) အား ရေးဆွဲချမှတ်ခဲ့ပြီး အဆင့်မြှင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတို့တွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူလျက်ရှိသည့် ကျောင်းသား/သူများ အနေဖြင့် သီအိုရီဖြင့် လက်တွေ့ပေါင်းစပ်ပြီး စီးပွားရေးအတွေးအမြင်များ၊ ဗဟုသုတများ၊ နည်းပညာနှင့်သက်မွေးပညာ ရပ်များကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့သည် လူငယ်များကို အနာဂတ်တွင် နိုင်ငံ့တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်သော လူသားကောင်းများဖြစ်ရန် လေ့ကျင့်မွေးထုတ်ပေးရမည့် သမိုင်းပေးတာဝန် ရှိပါကြောင်း၊ တစ်ကမ္ဘာလုံး၏ လိုအပ်ချက်၊ မိမိတို့မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ သက်မွေးဝမ်းကျောင်းပညာကို အားပေးရန်လည်း လိုပါကြောင်း၊ သက်မွေးဝမ်းကျောင်း ပညာဆိုသည်မှာ ဒုတိယတန်းစား ပညာမဟုတ်ပါကြောင်း၊ သင်ယူသူများအတွက်သာမက နိုင်ငံ့အတွက်၊ ကမ္ဘာ့အတွက် တန်ဖိုးရှိလှခြင်းကြောင့် ယနေ့ခေတ်၏ လိုအပ်ချက်နှင့်အညီ သက်မွေးပညာရေးကို မြှင့်တင်ပေးရန် လိုအပ်နေသည့် အချိန်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒိုက်ဦးမြို့နယ်တွင်ရှိသော ရန်ကုန်မြို့နှင့် ၇၂ မိုင်ခန့်ကွာဝေး၍ ပဲခူးမြို့နှင့် ၂၂ မိုင်ခန့်အကွာရှိသော ဒိုက်ဦးမြို့၏တောင်ဘက် ၁၂ မိုင်တွင်ရှိသည့် ယခင် စက်မှု (၁) ပိုင် ယခု စက်မှုဝန်ကြီးဌာနပိုင် အသုံးမချတော့သော ကော်မှုန့်စက်ရုံကြီးရှိပါတယ်။ ဒီစက်ရုံကြီးအတွင်းမှာ RC သုံးထပ် အလျား ၃၆၀ ပေ x အနံ ၄၀ ပေရှိသော အဆောက်အဦဟောင်း ကြီးကို ပြန်လည်မွမ်းမံပြင်ဆင်၍ နိုင်ငံတော်၏ လူသားအရင်းအမြစ် (Human Resource) များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအသစ် (ဒိုက်ဦး) အဖြစ် အမှန်တကယ် လိုအပ်နေပါကြောင်း၊ ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဆိုပါကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများစွာကောင်းမွန်စေမည် ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် နိုင်ငံတော်နှင့် နိုင်ငံသူ/သားများ၏ အကျိုးကိုမျှော်တွေးရှေးရှုပြီး ဒေသခံမဲဆန္ဒနယ်ရှင် ပြည်သူများ၏ကိုယ်စား မေးမြန်းပါသည်။


 

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းတွင်ရှိသည့် ဒိုက်ဦးကော်မှုန့်စက်ရုံသည် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခွဲအကွာ ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ ဘေးတွင် တည်ရှိပါကြေင်း၊ ၎င်းစက်ရုံတွင် စက်ရုံတည်ဆောက်သည့်မြေ ၁၇၀.၄၈ ဧကနှင့်ပီလောပီနံ စိုက်ကွင်းမြေ ၃၃၉၅.၇ ဧကဆိုပြီး စုစုပေါင်း မြေဧရိယာ ၃၅၆၆.၁၈ ဧက ရှိနေပါကြောင်း၊

၁၉၈၄ ခုနှစ်တွင် ဒိုက်ဦးအချိုမှုန့်စက်ရုံနှင့် ပီလောပီနံကော်မှုန့် စက်ရုံတို့ကို စက်ရုံမြေဧရိယာ ၁၇၀.၄၈ ဧကပေါ်တွင် စတင်တည်ဆောက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၁၉၉၈-၉၉ ခုနှစ်တွင် ဈေးကွက် အခြေအနေအရ အချိုမှုန့်ထုတ်လုပ်မှု လုပ်ငန်းအဖြစ် ရပ်ဆိုင်းခဲ့ပြီး ဒိုက်ဦးကော်မှုန့်စက်ရုံအဖြစ် ပြောင်းလဲထုတ်လုပ် ခဲ့ပါကြောင်း၊ ၎င်းစက်ရုံကို ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်နေသည့် အနေဖြင့် ၁-၁၀-၂၀၁၁ ရက်နေ့တွင် Fortune International Limited သို့ ငှားရမ်းခဲ့ရာ သတ်မှတ်ကာလ ငါးနှစ်တာ ၃၀-၉-၂၀၁၆ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီး ကုမ္ပဏီအနေဖြင့် ငှားရမ်းထားခဲ့စဉ် ကာလအတွင်း တိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ခြင်း မရှိခြင်းကြောင့် သက်တမ်းတိုးမြှင့်မှုမပြုဘဲ စာချုပ်ရပ်စဲရေးကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူပြီး ၁၁-၄-၂၀၁၈ ရက်နေ့တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ပါကြောင်း၊

ယခုအခါ ဒိုက်ဦးကော်မှုန့်စက်ရုံနှင့် ပီလောပီနံစိုက်ကွင်းမြေ ၃၃၉၅.၇ ဧကကို နိုင်ငံတော်အတွက် ပိုမိုအကျိုးရှိစေမည့် လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ရေး တို့အတွက် စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဇုန် (ဒိုက်ဦး) Industrial Complex and Agriculture and Livestock Zone (Daik U) အဖြစ် တည်ထောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Project Bank တွင် Project Proposal အဖြစ် တင်ပြပြီး ညှိနှိုင်းစိစစ်လျက် ရှိကြပါကြောင်း၊ အဆိုပါစိုက်ကွင်းတွင်ရှိသည့် မြေ ၁၈၀၀ ဧကခန့်သည် လျှိုမြောင်များ၊ ဆည်မြောင်းများနှင့် လမ်းများဖြစ်နေခြင်းကြောင့် အသုံးပြုနိုင်သည့် ၁၅၉၅ ဧကခန့် အတွင်း စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုဇုန်တစ်ခုအဖြစ် စနစ်တကျတည်ဆောက်အကောင် အထည်ဖော် နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့်ရေကို ပျဉ်ပုံကြီးဆည်မှ ရယူအသုံးပြုနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အားကို လက်ရှိသုံးစွဲနေသည့် အေးသုခ ဓာတ်အားခွဲရုံမှ ထပ်မံ၍ရယူသုံးစွဲနိုင်ခြင်းတို့ကြောင့် လိုအပ်ချက်များအပေါ် မူတည်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန် စက်မှုဝန်ကြီးဌာနအနေဖြင့် တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းရှင်များအား နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိရေး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဒေသထွက်ကုန် ဖြစ်သည့် ပီလောပီနံစိုက်ပျိုး ထုတ်လုပ်မှုမှ ပြည်ပပို့ကုန်အဖြစ် ဈေးကွက်တိုးချဲ့ရရှိရေး ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ပြီး အသိပညာတိုးတက်ပြန့်ပွားရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းတွင်ရှိသည့် MSME Centre တွင် ပီလောပီနံမှ Value Added Products များကို ထုတ်လုပ်သည့် နည်းပညာများရရှိစေရန် နယ်သာလန်နိုင်ငံမှ ပညာရှင်များ ဖိတ်ခေါ်ပြီး ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ သြစတြေးလျနိုင်ငံမှလည်း ပညာရှင် များ မကြာမီရောက်ရှိမည် ဖြစ်ပါကြောင်း။

ဒိုက်ဦးဒေသသည် ပီလောပီနံစိုက်ပျိုး ဖြစ်ထွန်းသည့် ဒေသဖြစ်သောကြောင့် ခေတ်မီစိုက်ပျိုးရေး နည်းစနစ်များ၊ နည်းပညာများ၊ ခေတ်မီစက်ကိရိယာများအသုံးပြုပြီး Value Added Products များကို အဆင့်မီမီ ထုတ်လုပ်နိုင်လျှင် ထိုဒေသအတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဘေးထွက်ပစ္စည်းများဖြစ်သည့် By Products များကိုလည်း တိရစ္ဆာန်စာအဖြစ် အသုံးပြုနိုင်ခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးပြုနိုင်မည့်အပြင် ပီလောပီနံမှ စားသောက်ကုန်နှင့် မုန့်မျိုးစုံထုတ်လုပ်နိုင်ခြင်းကြောင့် ယခုအခါ ပီလောပီနံတန်ဖိုးမြှင့် ထုတ်ကုန်များကို သြစတြေးလျ၊ ဥရောပနှင့်တရုတ်နိုင်ငံများသို့ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများစွာမှ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာကြပါကြောင်း။

ထို့အပြင် စက်မှုဝန်ကြီးဌာနရှိ မြန်မာ့ဆေးဝါးလုပ်ငန်းသည် ဆေးဝါးသုံးအရက်ပြန်များကို (100ml/ 500ml) ပုလင်းများနှင့် တစ်နှစ်လျှင် ပုလင်းပေါင်း သိန်း ၂၀ ခန့် ထုတ်လုပ်ရောင်းချ လျက်ရှိပြီး နှစ်စဉ် ပုလင်း သိန်း ၃၀ ခန့်အထိ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထုတ်လုပ်မှု အရည်အသွေး ပြည့်မီရန် ဒိုက်ဦးကော်မှုန့်စက်ရုံရှိ ယခင်က အရက်ပြန်ထုတ်လုပ်ခဲ့သည့် ပင်မကုန် ထုတ်သုံးထပ် အဆောက်အဦကို ပြန်လည်ပြင်ဆင်မွမ်းမံပြီး အသုံးပြုသွားရန် ပြင်ဆင်ထားသောကြောင့် ဆေးဝါးစက်ရုံ (အင်းစိန်) တွင် တစ်နာရီလျှင် ပုလင်း ၁၈၀၀ ထုတ်လုပ်နိုင်သည့် အရက်ပြန် ထုတ်လုပ်မှုစက်လိုင်းတစ်လိုင်းလုံးကို ဈေးကွက်လိုအပ်ချက်အရ စတင်ပြောင်းရွှေ့ရန် စက်ရုံအား ပြင်ဆင်လျက် ရှိပါကြောင်း။

ထိုစက်ရုံတွင် အရက်ပြန်ထုတ်လုပ်မှုအတွေ့အကြုံရှိခဲ့သည့် ဝန်ထမ်း ၆၈ ဦးကိုလည်း ဆေးဝါးသုံး အရက်ပြန် ထုတ်လုပ်မှုနှင့် ဆေးဆီ၊ ဆေးရည်ထုတ်လုပ်မှုများတွင် တာဝန်ပေးအပ်သွားမည်ဖြစ်ပြီး လုပ်အားများကိုလည်း အပြည့်အဝအသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုအဆောက်အဦ၏ မြေညီထပ်တွင် အရက်ပြန်ထုတ်လုပ်မှုဌာန၊ လိမ်းဆေးရည်ထုတ်လုပ်မှုဌာနနှင့် ရောင်းချဖြန့်ဖြူးရေး ဌာနများ၊ ပထမထပ်တွင် ဆေးမှုန့်ထုတ်လုပ်ရေးဌာနနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာဌာနများ၊ ဒုတိယ အဆင့်တွင် အရည်အသွေးစစ်ဆေးရေးဌာနနှင့် မှတ်တမ်းထိန်းသိမ်းရေး ဌာနများ ထားရှိရန် စီမံဆောင်ရွက် လျက်ရှိပါကြောင်း။

ပညာရေးဝန်ကြီးဌာန သဘောထားပြန်ကြားချက်တွင် ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်လေးခုရှိသည့် အနက် တောင်ငူခရိုင်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (တောင်ငူ)၊ ပြည်ခရိုင်တွင် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ပြည်) နှင့် သာယာဝတီခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ပဲခူးခရိုင်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပဲခူး)ကို ထပ်မံဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်မြို့ကြီးများတွင်သာ ဦးစားပေးတည် ထောင်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိသဖြင့် ဒိုက်ဦးကော်မှုန့် စက်ရုံကိုလည်း ပြန်လည်မွမ်းမံ ပြင်ဆင်ပြီး အစိုးရနည်းပညာ အလယ်တန်းကျောင်းအဖြစ် လတ်တလောဖွင့်လှစ် ပေးနိုင်ခြင်းမရှိပါ ကြောင်း၊

သို့ဖြစ်ပါ၍ စက်မှုဝန်ကြီးဌာနအနေဖြင့် ဒိုက်ဦးကော်မှုန့်စက်ရုံနှင့် ပင်မကုန်ထုတ် သုံးထပ် အဆောက်အဦကို ဆေးဝါးသုံးအရက်ပြန်များနှင့် ဆေးဆီ၊ ဆေးရည်များ ပြောင်းလဲထုတ်လုပ်သွားရန် စီစဉ်ထားရှိသောကြောင့် ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များအနေဖြင့် ဒိုက်ဦးကော်မှုန့်စက်ရုံ၏ သုံးထပ်အဆောက်အဦကို အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအဖြစ် အသစ်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်ကြားချက်အရ နိုင်ငံတော်အတွက် လက်တွေ့ကျသော စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ပြောင်းလဲထုတ်လုပ် နိုင်ရေးကိုသာ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို