Skip to main content

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အဦများဖြစ်ကြသည့် လမ်း၊ တံတား၊ အဆောက်အဦများနှင့် ကျန်းမာရေး၊ ပညာရေး စသည်များ တိုးတက်လာစေရန် ဆောင်ရွက်ရသည့်အပြင် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လျှပ်စစ်မီးရရှိရေးမှာလည်း အဓိကကျပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံအဝန်း လျှပ်စစ်မီးလင်းရေးဆောင်ရွက်ပါမှ နိုင်ငံဖွံ့ဖြိုးမှု လျင်မြန်စွာတိုးတက်စေမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအားရရှိနိုင်ပါက ရင်းနှီးမြှုပ်နှံမှုလည်း ပိုမိုရောက်လာမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ (၁၅) ချက်အနက် (ဆ) တွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်ဖြင့် ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရေးကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် ရည်မှန်းချက်မှာလည်း NEP စီမံချက် Phase one ဖြင့် ကျေးရွာပေါင်း ၅၀၀၀ ကျော်ကို မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရန် ပါရှိပါကြောင်း၊ လုပ်ငန်းစဉ်(ဆ)တွင် ပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုတိုးတက်စေရေး အတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်များကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအရောက် ဗို့အားလတ်လိုင်းများ၊ ဗို့အားနိမ့်လိုင်းများနှင့် ဓာတ်အားခွဲရုံများ၊ Transformer များ တိုးချဲ့ တည်ဆောက်သွားရန် စသဖြင့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ ချမှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၄၇ အုပ်စုနှင့် ကျေးရွာပေါင်း ၂၂၁ ရွာရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက်သုံးရပ်ကွက်နှင့် ကျေးရွာ ၁၂ ရွာ မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ၁၉၈၀ ခုနှစ်ခန့်မှစ၍ ဒီဇယ်သုံးမီးစက်နှင့် တစ်ရက်လျှင်သုံးနာရီဖြင့် မီးပေးခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်တွင် နိုင်ငံတော်မှ ထည့်ဝင်ငွေတစ်ဝက်၊ ပြည်သူထည့်ဝင်ငွေတစ်ဝက်ဖြင့် အင်းတော်မြို့ ဓာတ်အားခွဲရုံမှတစ်ဆင့် ဓာတ်အားလိုင်းများသွယ်တန်းပြီး မြို့ပေါ်သုံးရပ်ကွက်ကို မီးလင်းခဲ့ပါကြောင်း၊ ယခု ၁၉ နှစ်ကြာသည့်အခါ ကျေးရွာပေါင်း ၁၂ ရွာကိုသာ လျှပ်စစ်မီးလင်းရန် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မူဝါဒများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ ပါရှိသော်လည်း မိမိတို့မြို့နယ်၊ ကျေးရွာများ လျှပ်စစ်မီးမလင်းနိုင်သေးပါကြောင်း၊  ဒယူးဆရာတော်ဦးဆောင်ပြီး ဒယူးကျေးရွာငါးရွာ၊ စက်တောရွာ၊ နားယကာရွာနှင့် လယ်နက်ကြီးရွာ သုံးရွာတို့ကို လျှပ်စစ်မီးလင်းနိုင်ရန်အတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်ခဲ့ရပါကြောင်း၊ NEP စီမံကိန်း Phase one၊ Phase two နှင့် ဆောင်ရွက်မည့် နှစ်မိုင်ပတ်လည်၊ ငါးမိုင်ပတ်လည်ရွာများအား ဓာတ်အားသွယ်တန်းပေးခြင်းကို မြို့နယ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ မျှော်လင့်လျက်ရှိပါကြောင်း၊ ဗန်းမောက်မြို့ပေါ်တွင် ၃၃/၁၁ ကေဗွီ၊ 5 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် ဒေသစိတ် ၇၁ ကို ဓာတ်အားလွှတ်ပေး နိုင်ရန်အတွက် မြို့ပေါ်ဓာတ်အားခွဲရုံများကို အဆင့်မြှင့်‌တင်ခြင်း၊ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်း၊ ဒေသအလိုက် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊

မိမိတို့ ဗန်းမောက်မြို့ပေါ်နှင့် မြို့အနီးအနားဝန်းကျင် ၁၂ ရွာတွင် မီးလင်းပါကြောင်း၊ ဗန်းမောက် အရှေ့ခြမ်းတွင် ပန်းတောနှင့် နားမော်ကျေးရွာများတွင် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ တည်ဆောက်ရန်၊ ဗန်းမောက်အနောက်ခြမ်းတွင် ဆောင်ရွက်ပေးရမည်များကို အဆိုပြုထားပါကြောင်း၊ ဗန်းမောက်မှ ပင်းခါးလမ်းဆုံအထိ ဓာတ်အားလိုင်းဆွဲခြင်း၊ မံစီကြီး၊ စာခမ်း၊ နန်းဇားရွာအထိ ဓာတ်အားလိုင်းဆွဲခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်း စဉ်များအရ ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးလင်းစေရန် မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၂၂၃ ရွာရှိသည့်အနက် ၁၂ ရွာမှာ ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိထားသည့် အခြေအနေဖြစ်ပါကြောင်း၊ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် နှစ်မိုင်အတွင်းတွင် တည်ရှိနေသည့် ကျေးရွာကိုးရွာရှိသည်ဟု စိစစ်တွေ့ရှိရပြီး အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP ၏ ပထမအဆင့် အစီအစဉ်တွင် ပါဝင်နေကြောင်း၊ နှစ်မိုင်နှင့်အထက်မှ ငါးမိုင်အတွင်းတွင်တည်ရှိသည့် ကျေးရွာပေါင်း နောက်ထပ် ၁၇ ရွာက NEP ၏ ဒုတိယအဆင့်အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိနေသော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးနှင့်ပတ်သက်၍ လက်ရှိ ၁၁ ကေဗွီဓာတ်အားလိုင်းများနှင့် လွန်စွာဝေးကွာလျက်ရှိသည့်အတွက် အဆိုပါကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိနိုင်ရန်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နားမော်ကျေးရွာ၌ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၄ မိုင် တည်ဆောက်ပြီး ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပန်းတောကျေးရွာ၌ ၃၃ ကေဗွီဓာတ်အားလိုင်း ၁၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံတစ်ရုံတည်ဆောက်ခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပင်ပုံကျေးရွာမှာ ၃၃ ကေဗွီ ဓာတ်အားလိုင်းမိုင် ၂၀ နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းနှင့် ဟော်ယော်ကျေးရွာ၌ ၃၃ ကေဗွီဓာတ်အားလိုင်း မိုင် ၃၀ နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခွဲရုံတစ်ရုံ တည်ဆောက်ခြင်းတို့ကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက်လိုအပ်နေမည့် ၁၁ ကေဗွီဓာတ်အားလိုင်းများနှင့် ၁၁.၄ ကေဗွီ ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်းများကို အဆိုပါ ၃၃/၁၁ ကေဗွီဓာတ်အားခွဲရုံများ တည်ဆောက်သွားသည့် ဘဏ္ဍာရေးနှစ်များနှင့် လိုက်လျောညီထွေစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်