Skip to main content

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၈) ကိုလည်း ၁၉-၁၂-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သဖြင့် ယခုဆိုလျှင် နိုင်ငံတော်အတွင်း အငြိမ်းစားယူသွားခဲ့သော နိုင်ငံ့တာဝန်များကို ဦးဆွေးဆံမြည့် ထမ်းဆောင်ခဲ့သော ဝန်ထမ်းများ ကျေနပ်အားရမိလိမ့်မည်ဟု တွေးရင်းဝမ်းသာ ပျော်ရွှင်မိပါကြောင်း၊ ထို့အပြင် လက်ရှိတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများအနေဖြင့်လည်း ဝန်ထမ်းလစာကို တိုးမြှင့်ပေးခဲ့သဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို အားသွန်ခွန်စိုက် ထမ်းဆောင်မည်ဆိုသည့် စိတ် ပေါ်လာမိသည်မှာကြောင်း၊

နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေပါ ခံစားခွင့်ဖြစ်ပါကြောင်း၊ ပင်စင်အကျိုးခံစားခွင့် ရရှိရန်အတွက် လိုအပ်သည့် အခြေခံအချက်များလည်း ဖြစ်ပါကြောင်း၊ ပင်စင်အမျိုးအစားများနှင့် ပင်စင်အကျိုးခံစားခွင့်များ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေတွင် နည်းဥပဒေ ၂၃၃ (က) အရ နိုင်ငံ့ဝန်ထမ်းတစ်ဦးသည် တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် ပြဋ္ဌာန်းထားသော သီးခြားသတ်မှတ်သည့် ကိစ္စမှတစ်ပါး အသက် ၆၀ နှစ်ပြည့်သောအခါ သတ်မှတ်ချက်များနှင့်အညီ သက်ပြည့်ပင်စင် ခံစားခွင့်ရှိသည်။ နည်းဥပဒေ ၂၃၃ (ခ) အရ အမှတ်စဉ် (၂) တွင် နှစ်ပြည့်ပင်စင်၊ နာမကျန်းပင်စင်၊ လျော်ကြေးပင်စင်၊ အထူးပင်စင်၊ မိသားစုပင်စင်၊ လျှော့ပေါ့ပင်စင် တို့ဖြစ်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ် တိုးမြှင့်ခွင့်‌ပြုခဲ့ပါကြောင်း၊ ၂၀၀၀ ပြည့်နှစ်တွင်တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်တွင်တစ်ကြိမ် တိုးမြှင့်ခွင့်ပြုခဲ့ပါကြောင်း၊ ယခုဆိုလျှင် စလုံးဆိုပြီး ၁၉-၁၂-၂၀၁၈ ရက်နေ့မှစ၍ အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်များ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင် ခံစားခွင့်အတိုင်း တိုးမြှင့်ခွင့်ပြုသည်ဆိုသည့်  အပိုင်းတစ်ခု ထပ်တိုးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်နှင့်လုပ်သက်ဆုငွေများကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆ အရ တွက်ချက်ထားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝန်ကြီးဌာနတူ၊ လုပ်သက်တူ၊ ရာထူးတူ၊ အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား တန်းတူတိုးမြှင့် ခံစားခွင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

၃၁-၈-၂၀၁၈ ရက်နေ့တွင်ရှိသည့် ပင်စင်ခံစားလျက်ရှိသော အငြိမ်းစားဦးရေမှာ ၈၁၂၉၆၆ ဦး ဖြစ်ပြီး နှစ်စဉ်ပင်စင်စား အင်အားတိုးတက်လာမှုနှင့်‌အတူ ပင်စင်နှင့်ဆုငွေ အသုံးစရိတ်တွင်လည်း လိုက်ပါတိုးမြှင့်‌ လျက်ရှိပါကြောင်း၊ ပင်စင်ဦးစီးဌာန၏ မှတ်တမ်းများအရ နှစ်စဉ်တိုးမြှင့်လာသော ပင်စင်စားဦးရေမှာ ပျမ်းမျှ ၄၀၀၀၀ ကျော်ခန့်ရှိပြီး လျော့နည်းသွားသော ဦးရေမှာ ပျမ်းမျှ ၅၀၀၀ ခန့်သာ ရှိသည့်အတွက် နှစ်စဉ်ပင်စင်စား ဦးရေအသားတင် ၃၅၀၀၀ ခန့် တိုးမြင့်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပင်စင်လစာနှင့်‌ ဆုငွေအတွက် အသုံးစရိတ်မှာ ကျပ်ဘီလီယံ ၇၀၉.၀၆၇ ဖြစ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ၏ စာဝတ်နေရေးနှင့်‌ လူနေမှုအဆင့်‌အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးရန် ရည်ရွယ်၍ လစာနှုန်းထားများအား အခါအားလျော်စွာ တိုးမြှင့်သတ်မှတ် ပေးနိုင်ရေးအတွက် မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်ပေးလျက် ရှိသည့်နည်းတူ အငြိမ်းစားဝန်ထမ်းများ အတွက်လည်း အခါအားလျော်စွာ ထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၅၂ (ဇ) နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်အကျိုးခံစားခွင့်နှင့် ပတ်သက်လျှင် ၎င်းတို့ပင်စင်ယူသည့် အချိန်တွင်ရှိသည့် တည်ဆဲနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နောက်ဆုံးထုတ် လစာကို အခြေခံတွက်ချက်၍ ခံစားခွင့်‌ပြုခဲ့ခြင်း ဖြစ်သည့်အတွက် အငြိမ်းစားယူသည့် အချိန်ကာလ ကွာခြားမှုအရ လစာနှုန်းသစ်ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာနှင့်‌ လစာနှုန်းဟောင်း ခံစားပြီး အငြိမ်းစားယူသူ၏ ပင်စင်လစာမှာ ကွာခြားမှုရှိမည် ဖြစ်ပါကြောင်း၊

သို့ရာတွင် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာမှု ရှိစေရန် ရည်ရွယ်လျက် ၁-၄-၂၀၁၈ ရက်နေ့ မတိုင်ခင် အငြိမ်းစားလစာ ခံစားလျက်ရှိသည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်‌ကို လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအငြိမ်းစားယူပါက ရရှိမည့်ပင်စင် ခံစားခွင့်‌အတိုင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်‌ခံစားခွင့်‌ပြုရန်အတွက် စီမံကိန်းနှင့်‌ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၁၉-၁၂-၂၀၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၁/၂၀၁၈) နှင့်‌ (၁၀၂/၂၀၁၈) တို့ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဌေးမင်းသိန်း (ကြို့ပင်ကောက်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပဲခူးရိုးမတောင်‌ခြေ ကျေးရွာကျောင်းလေးတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ/မများသာမက မြစ်မခ မြစ်ကမ်းနားကျေးရွာ စာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ/မအားလုံး၊ တစ်မြို့နယ်လုံး တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဆရာ/မကြီးပေါင်း ၄၅၇ ဦးကန်တော့ခံမည် ဖြစ်ပါကြောင်း၊ အဆိုပါ ပူဇော်ပွဲကို နှစ်စဉ်ဒီဇင်ဘာလ စတုတ္ထပတ် တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ ပူဇော်ပွဲတွင် မိမိအား မေးမြန်းသည်မှာ အမိန့်ကြော်ငြာစာတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ပင်စင်လစာမှစ၍ တိုးမြှင့်ခံစားခွင့် ပြုလိုက်သည်ဟု ပါရှိပြီးဖြစ်သဖြင့် အငြိမ်းစားတိုးမြှင့် ပေးလိုက်သည့်အတွက် ရန်ပုံငွေခန့်မှန်းမည်မျှ သုံးစွဲရမည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စီမံကိန်းနှင့်‌ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်

မိမိတို့ ပင်စင်လစာများက နိုင်ငံတကာထုံးစံနှင့်ညီလျှင် ဝန်ထမ်းများ၏ Contribution ပေါ်မူတည်ပြီး ၎င်း ပင်စင်လစာများကို သတ်မှတ်လေ့ရှိပါကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ပင်စင်လစာနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ကျင့်သုံးနေသော Provident Fund ဆိုသည့် ဝန်ထမ်းများ၏ Contribution ပေါ် မူတည်ပြီး သတ်မှတ်ခြင်း မဟုတ်သည့်အတွက် နိုင်ငံတော်ကနေပြီး ပင်စင်လစာများ အကုန်လုံးကိုထမ်းပြီး နိုင်ငံတော်မှ ပင်စင်လစာကို ပေးရသည့်ထုံးစံ ရှိပါကြောင်း၊ ယခု လောလောဆယ်တွင် နိုင်ငံတော်ကနေပြီး ဝန်ထမ်းများ အားလုံးအတွက် လစာကိုတိုးမြှင့်လိုက်သည့် အချိန်တွင် ပင်စင်လစာကိုလည်း ဝန်ထမ်းများနည်းတူ တိုးမြှင့်ရန်အတွက် တောင်းဆိုခြင်း ဖြစ်သည့်အတွက် ပင်စင်စားများ၏ အကျိုးကျေးဇူးကိုရှေးရှုပြီး ပင်စင်စားများအတွက်ကိုလည်း ပင်စင်လစာများကို တိုးမြှင့်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုလို ပင်စင်များတိုးမြှင့် ပေးလိုက်သည့်အတွက် ဘတ်ဂျက်မည်မျှထိ ပိုပြီးတိုးကျသွားမည်ဆိုသည်ကို မိမိတို့တွက်ချက်လျက် ရှိပါကြောင်း၊ အဆိုပါ ဘတ်ဂျက်တိုးမြင့်သွားသည့် ကိစ္စကို ရရှိသွားသည့်အချိန်တွင် တိုးမြင့်သွားသော ဘတ်ဂျက်ကိုလည်း မိမိတို့က ဘတ်ဂျက်ဥပဒေနှင့်အညီ ဘတ်ဂျက်ထဲ ထည့်သွင်းပြီး ပြည်ထောင်စုလွှတ်တော် မှတစ်ဆင့် ဘတ်ဂျက်တိုးပြီး တောင်းခံသွားမည် ဖြစ်ပါကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။

 

စီမံကိန်းနှင့်‌ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်