Skip to main content

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့

 

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

 

(၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်)

 

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၄)ဦးအနက် (၃၉၇)ဦးတက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)   ကြယ်ပွင့်ပြမေးခွန်း(၇)ခုမေးမြန်းဖြေကြားခြင်း

(၁)    ဦးမြင့်လွင်၊ တွံတေးမဲဆန္ဒနယ်မှ မေးမြန်းသောနိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ကြိုးနီစနစ်လျှော့ချရေးနှင့်စပ်လျဉ်း၍ မည်သို့မည်ပုံဆောင်ရွက်နေကြောင်း သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း ကလက်ရှိအခြေအနေနှင့်ကိုက်ညီစေရန်  နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဝန်ထမ်းရေးရာကိစ္စ များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ဆောင်ရွက် နိုင်ရန်အတွက် လုပ်ပိုင်ခွင့်တာဝန်များကို ခွဲဝေပေးထားပြီးဖြစ်ပါကြောင်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ရာထူးအဆင့်အလိုက် သင်တန်းများဖွင့်လှစ်၍ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြန်လည်ဖြေကြားခဲ့သည်။

(၂)    ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်မှမေးမြန်းသော မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(Myanmar Law Information System)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး Website မှ လွှင့်တင်ထားသည်တွင် မည်သည့် Font အသုံးပြုထားပါသနည်း၊ လက်ကိုင်ဖုန်းတွင် အသုံးများသောZawGyi Font ဖြင့် ရှာဖွေနိုင်ရန် လုပ်ဆောင်ပေးနိုင်ခြင်းရှိ၊ မရှိနှင့် ပြဋ္ဌာန်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များထပ်မံဖြည့်စွက်ခြင်းကိုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်ပါသလား၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဆောင်ရွက်ပါသလားတို့ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် က ရုံးသုံးအနေဖြင့် Myanmar3 Font ဖြင့် ဖော်ပြထားပြီးစက်တင်ဘာလ ၁၀ ရက်နေ့မှစ၍  မြန်မာသတင်းအချက်အလက်များကို Myanmar3 Font အပြင် ZawGyi Font ဖြင့်လည်း ဖော်ပြထားပါသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေနဲ့ မြန်မာသတင်းအချက်အလက်စနစ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၃)    ဒေါ်နန်းမိုး၊ မန်တုံမဲဆန္ဒနယ်မှမေးမြန်းသော မန်တုံမြို့နယ်၊ နန့်ဟိုင်းကျေးရွာ အုပ်စု၊ နန့်ဟိုင်းကျေးရွာ(မိုင်းမော်ဒေသ)အား လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊မရှိသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ကနမ့်ဖတ်ကာ-နမ့်ဟိုင်း ဓာတ်အားလိုင်းနှင့် နမ့်ဟိုင်းကျေးရွာတွင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပြီး နမ့်ဟိုင်းကျေးရွာအား ဓာတ်အား ချိတ်ဆက်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြည်နယ်အစိုးရရန်ပုံငွေဖြင့်  ထည့်သွင်း လျာထားနိုင်ရေးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းပေးသွားမည်ဖြစ်ပါ ကြောင်းပြန်လည် ဖြေကြားခဲ့သည်။

(၄)    ဦးတင်နု (ခ) ဦးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်မှမေးမြန်းသော မာန်အောင် မြို့နယ် မြို့ပေါ် (၅) ရပ်ကွက်နှင့်လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသော ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ ကျေးရွာ (၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် တစ်မြို့နယ်လုံးရှိ ကျေးရွာ များအား ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မီးပေးရန်အစီအစဉ်ရှိ၊မရှိမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆိုလာ၊ ဒီဇယ်နှင့်စွမ်းအင် သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိချိန်တွင် အသင့်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်၍ ဓာတ်အားလိုင်းများ ကြိုတင်တည်ဆောက်ထားရှိပြီးဖြစ်သည့်အပြင် စီမံကိန်းကို လျာထားချက်အတိုင်း အကောင်အထည် ဖော်နိုင်ရန်အတွက် ကိုရီးယားနိုင်ငံ KOICA မှ  ချေးငွေရရှိရေး၊ စီမံကိန်းမြေနေရာရရှိရေး ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

(၅)    ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ မေးမြန်းသော မင်းဘူး (စကု) မြို့နယ်၊ မန်းရေနံမြေမှ ကုန်တင်ကုန်ချ အလုပ်သမားများ လုပ်အားခပြည့်ဝစွာပေးနိုင်ရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက်မည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က သက်ဆိုင်ရာ မြို့နယ်များမှ ဒေသန္တရပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကာသင့်တင့်သော ဈေးနှုန်းသို့ တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  အတည်ပြုချက်ရရှိပြီးပါက ၁-၁-၂၀၁၉ ရက်နေ့တွင် နှုန်းသစ်ဖြင့် စတင်ပေးချေ နိုင်ရန်စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။

(၆)    ဦးညွန့်အောင်၊ မုံရွာမဲဆန္ဒနယ်မှမေးမြန်းသော မုံရွာမြို့၊ တိုင်းဆေးရုံကြီး ဆောက်လက်စ(၅) ထပ်အဆောက်အဦ အပြီးသတ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန် က လုပ်ထုံးလုပ်နည်း များနှင့်အညီ စီစဉ်ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြီးစီးရန်အတွက် ရည်မှန်းချက်ချမှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။               

(၇)    ဦးချင်းဖေလင်း၊ မံစီမဲဆန္ဒနယ်မှမေးမြန်းသော မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ တွင်ပြည်သူလူထုများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တိုက်နယ်ဆေးရုံ (၁)ရုံ ဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန် က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ပြည့်စုံလုံလောက်နိုင်မည့်ကာလတွင် မန်ဝိန်းတိုက်နယ် ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။         

(ခ)    အဆို (၁) ခုတင်သွင်းခြင်း

ဦးသောင်းအေး၊ ပျော်ဘွယ်မဲဆန္ဒနယ် က “နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် တည်ဆောက်ရာ၌ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံချက် (NEP) ၌ အခြေခံကျသည့် ကျေးလက်နေပြည်သူများ၏ လျှပ်စစ်မီးရရှိ သုံးစွဲမှုမြှင့်တင်ရေးအတွက် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ညီညွတ်မျှတပြီး တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးဖြစ်ပေါ်နိုင်အောင် ကျေးလက်မီးလင်းရေးမူဝါဒများကို စိစစ်ချမှတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းပြီး ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်က ထောက်ခံခဲ့ သည်။ အဆိုအားဆက်လက်ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလို သောကိုယ်စားလှယ်များက ၁၅-၁၁-၂၀၁၈ ရက်(ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

(ဂ)    ဥပဒေကြမ်း (၁) ခုနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောကွဲလွဲသည့် ၅ ချက်ကိုပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့သည်။

၃။   အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၁၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပမည့်ရက်ကို ၁၆.၁၁.၂၀၁၈ ရက်(သောကြာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။