Skip to main content

 

မိမိတို့နိုင်ငံတွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်တစ်ခုရှိပါကြောင်း၊ တစ်ပါတီစနစ်၊ ပါတီစုံစနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်သည့် သမ္မတများ၊ ဒုတိယသမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ နိုင်ငံ့ခေါင်းဆောင်များက တိုင်းပြည်အတွက် အကောင်းဆုံးစဉ်းစားသုံးသပ်ပြီး ပေါ်လစီများ၊ မူဝါဒများ၊ လမ်းစဉ်များ ချမှတ်ကြသော်လည်း အဆိုပါလမ်းစဉ်များ၊ မူဝါဒများကို အကောင်အထည် ဖော်ကြရသည်မှာ ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းများက အသိစိတ်ရှိရှိ၊ တိုင်းပြည်ကို ချစ်သည့်စိတ်ဖြင့် စွမ်းဆောင်ရည်မြင့်မြင့်ဖြင့် အကောင်အထည်ဖော်မှသာ တိုင်းပြည်၏ ဝန်ဆောင်မှုအားလုံးသည် အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ပြည်သူများကလည်း စိတ်ချမ်းမြေ့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ဆောင်ချက်က အစိုးရများအပေါ် သက်ရောက်မှုက ကြီးမားပါကြောင်း၊  မိမိတို့နိုင်ငံတွင် ဝန်ထမ်းများနှင့်ပတ်သက်ပြီး အစိုးရအဆက်ဆက်က စွမ်းဆောင်ရည်မြင့်မားရန်အတွက် ကြိုးစားအားထုတ်ခဲ့ခြင်းများ ရှိခဲ့ပါကြောင်း၊ အောက်မြန်မာပြည်တွင် ဖောင်ကြီး၊ အထက်မြန်မာပြည်တွင် ဇီးပင်ကြီးသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးစားလာခဲ့ပါကြောင်း၊ လတ်တလောတွင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတကြီးထံမှ ပေးပို့ထားပါကြောင်း၊ အဆိုပါ ဇီးပင်ကြီးနှင့် ဖောင်ကြီးကျောင်းနှစ်ကျောင်းကို စီမံအုပ်ချုပ်မှု လေ့ကျင့်ရေးသင်တန်းကျောင်းများနှင့် တက္ကသိုလ်များ ဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (IASIA) ကို ဝင်ခွင့်ပြုရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုချက်ကို တောင်းခံထားပါကြောင်း၊ ၎င်းအဖွဲ့ထဲ ဝင်ရောက်မည်ဆိုပါက အကျိုးကျေးဇူး (၆) ချက် ဖော်ပြထားပါကြောင်း၊ မိမိ၏လွှတ်တော်ကိုယ်စားလှယ်သက်တမ်း အတွေ့အကြုံအရ အချို့ဝန်ထမ်းများကြားထဲတွင် ကြိုးနီစနစ်က ယခုအချိန်ထိ အားကောင်းနေဆဲ ဖြစ်ပါကြောင်း၊ ကြိုးနီဆိုသည်မှာ ဖိုင်တစ်ဖိုင်၊ လုပ်ငန်းတစ်ခုကို ကြိုးအနီလေးပတ်ပြီး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားရသည့် စနစ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည့် နောက်ပိုင်းတွင် ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံဖြင့် အားသွန်ခွန်စိုက်ကြိုးစားပါကြောင်း၊ ဝန်ထမ်းလောကထဲတွင်လည်း ပြောင်းလဲမှုများ ဖြစ်လာစေရန်၊ ပြည်သူလူထုများ စိတ်ချမ်းသာစေရန် မိမိတို့က ကြိုးစားသော်လည်း တချို့အရာများက မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက မည်မျှအားသွန်ကြိုးပမ်းသည်ဖြစ်စေ၊ ဝန်ထမ်းများက တက်တက်ကြွကြွ လိုက်ပါဆောင်ရွက်မှု မရှိသည့်အခါ မိမိတို့၏လုပ်ငန်းများသည် ရှေ့ကိုရောက်သင့်သလောက် မရောက်ဘဲဖြစ်နေပါကြောင်း၊ မိမိတို့ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲများ သွားသည့်အခါ ပြည်သူများနှင့်ထိတွေ့ပါကြောင်း၊ ပြည်သူများကမေးမြန်း၊ တောင်းဆိုသည့် ကိစ္စများကို သေချာစိစစ် သုံးသပ်နားထောင်ပြီး ရပ်မိရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများ အလွှာပေါင်းစုံနှင့် နားထောင်ပြီးမှ အကြံပြုချက်ကို ပေးခဲ့ပါကြောင်း၊ ဥပမာ အများပိုင်လမ်းက စပါးကျီကြီး ပိတ်ထားသည့်ကိစ္စကို မိမိသေချာနားထောင်ပြီး ဖျက်ပေးပါ၊ တစ်ဖက်က ပိုင်ရှင်များအနေဖြင့်လည်း အပမ်းမကြီးပါကြောင်း မိမိပြောခဲ့ကြောင်း၊ ထိုအခါက မြေစာရင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက်တို့ ပါရှိခဲ့ကြပါကြောင်း၊ သို့သော် မိမိ အဆိုပါခရီးစဉ်က ပြန်လာသည့် တစ်နှစ်အထိ ၎င်းကိစ္စက လုံးဝမလုပ်ရသေးပါကြောင်း၊ ၎င်းကဲ့သို့ကိစ္စများ များစွာ တွေ့နေရပါကြောင်း၊ ပြည်သူများက ၎င်းတို့၏ တိုင်ကြား၊ အကူအညီတောင်းခံသည့်ကိစ္စများ ထွေ/အုပ်ရုံးကို လာရောက်ပေးသည့်အခါ ပြေစာများပြန်ထုတ်ပေးမှသာ ပြည်သူများက မည်သည့်နေ့က ပေးထားပြီး မည်သည့်နေ့တွင် သွားရောက်စုံစမ်းမည်ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့သော် မိမိ၏အကြံပြုချက်ကို မလိုက်နာပါကြောင်း၊ အချို့စာများ ပျောက်သည့်အတွက် နှစ်ချီကြာမြင့်သည့်အခါ ပြည်သူများက မိမိတို့ကိုလာရောက် မေတ္တာရပ်ခံ၊ အကူအညီတောင်းခံပါကြောင်း၊ မိမိတို့ကလည်း အုပ်ချုပ်ရေးများ၊ ဝန်ထမ်းများဖြင့် ပေါင်းစပ်ဖြေရှင်း ပေးသော်လည်း အချို့ကိစ္စများသည် အချိန်ကြာမြင့်နေဆဲ ဖြစ်ပါကြောင်း၊ ယခုအချိန်ထိ ဝန်ထမ်းလောကတွင် ကြိုးနီစနစ်က ခိုင်မာအားကောင်းနေသည်ကို မိမိအတွေ့အကြုံအရ တွေ့ရှိရပါကြောင်း၊ အချို့ကိစ္စတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မှတ်ချက်ပေးထားပြီး သော်လည်း တစ်နှစ်နီးပါးကြာသည်အထိ မဖြေရှင်းရသေးပါကြောင်း၊ မိမိကိုယ်တိုင်ဝင်ရောက် ဖြေရှင်းသော်လည်း မပြီးစီးပါကြောင်း၊ ပြဿနာများ ဆက်လက်ရှည်လျားနေသည့်အတွက် နိုင်ငံ့ဝန်ထမ်းများကြားထဲတွင် ကြိုးနီစနစ်၊ ပြည်သူများကြံ့ကြာအောင် လုပ်နေသည့် စနစ်ရှိနေပါသေး ပါကြောင်း၊ ၎င်းစနစ်ကို လျော့နည်းပပျောက်သွားစေရန် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ယခုမေးခွန်းနှင့်ပတ်သက်၍ အပိုင်းနှစ်ပိုင်းခွဲ၍ ရှင်းလင်းဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ပထမပိုင်းအနေဖြင့် ဗဟိုချုပ်ကိုင်မှုများ ဖြေလျှော့ဆောင်ရွက်ခြင်း (Decentralization) တွင် လုပ်ငန်းစဉ် လေးရပ်ဖြစ်သည့် (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၂၄ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏ လက်အောက်ရှိအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက လုပ်ငန်း တာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန် လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းပြုရမည်ဟုလည်းကောင်း၊ ပုဒ်မ ၂၂၅ အရ ပြည်ထောင်စု အစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့ကလည်းကောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့ကလည်းကောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှု ရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်ဟု လည်းကောင်း၊ ပုဒ်မ ၂၅၆ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်စစ်ဆေးခြင်း ပြုရမည်ဟုလည်းကောင်း၊ (ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်ဟုလည်းကောင်း ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပိုင်းခြားခွဲဝေဆောင်ရွက်မှုကို ပြုစုရေးသား ထုတ်ပြန်ဆောင်ရွက်ခြင်း၊ (၂) အရာရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများမှ ဆုံးဖြတ်သည်‌့ စနစ်မဟုတ်ဘဲ လက်အောက်မှ စနစ်တကျ လုပ်နိုင်ကိုင်နိုင်ရေးအတွက် အဆင့်ဆင့်တာဝန်ခွဲဝေ ဆောင်ရွက်စေခြင်း (Delegation of power)၊ (၃) တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များတွင် လည်းကောင်း၊ (OSS-One Stop Service) ရုံးများတွင်လည်းကောင်း၊ ရာထူးနှင့်တာဝန်အသီးသီး ခန့်အပ်ပေးထားသော်လည်း သက်ဆိုင်ရာ ရုံးချုပ်၏ ခွင့်ပြုချက်ရယူနေရဆဲ လုပ်ငန်းများကို ပြန်လည်စိစစ်၍ ပြည်သူ့ဝန်ဆောင်မှုပေးသည်‌့ လုပ်ငန်းများအတွက် အောက်ခြေတွင် မြန်မြန်ဆန်ဆန် ပြီးပြတ်အောင်ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ခြင်း၊ (၄) အထက်အရာရှိများက လက်အောက်သို့ လုပ်ပိုင်ခွင့်ခွဲဝေအပ်နှင်းခြင်းမရှိသည်ကို လေ့လာဆန်းစစ်ရာတွင် ဌာနအသီးသီး၌ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို တိတိကျကျသတ်မှတ် ထားမှုမရှိခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် လေ့ကျင့်သင်ကြားပြသ၍ လုပ်ကိုင်စေမှုမရှိခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်၍ ကျူးလွန်ဖောက်ဖျက်ပါကလည်း အရေးယူမှု မပြုခြင်းဖြစ်ကြောင်း တွေ့ရှိရပါကြောင်း၊ ၎င်းအတွက် ဝန်ထမ်းအဆင့်ဆင့်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ သတ်မှတ်ဆောင်ရွက်လျက်ရှိခြင်း၊ ရာထူးအဆင့်အလိုက် လေ့ကျင့်သင်ကြား ပေးလျက်ရှိခြင်းနှင့် အလွဲသုံးစားပြုလုပ်၍ ကျူးလွန်ဖောက်ဖျက်ပါကလည်း သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် တာဝန်ဝတ္တရားများ ခွဲဝေသတ်မှတ်ထားရှိပြီး လုပ်ပိုင်ခွင့်အာဏာကို အောက်ခြေ ရောက်သည်အထိ အဆင့်ဆင်‌့ခွဲဝေ ချထားပေးသည်‌့စနစ်ကို ကျင့်သုံးဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ရာထူးအဆင့်အလိုက်လျော်ညီသော တာဝန်ယူမှု၊ တာဝန်ခံမှုဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့် အာဏာကို ခွဲဝေသတ်မှတ်ထားပါကြောင်း၊

ဒုတိယအပိုင်းဖြစ်သည်‌့ လုပ်ပိုင်ခွင့်အာဏာကို အောက်ခြေရောက်သည်အထိ အဆင့်ဆင့်ခွဲဝေ ချထားပေးသည်‌့ လုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းယန္တရားအတွင်း ထွန်းကားပြန့်ပွား လာစေရေးအတွက် မည်သို့မည်ပုံ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်း၍ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ ရာထူးတိုးမြှင့် ခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခြင်း၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊ အငြိမ်းစားခံစားခွင့်ပြုခြင်းစသည်‌့ ဝန်ထမ်းရေးရာကိစ္စရပ်များကို တစ်‌ပြေးညီလိုက်နာ ကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေကို ၈-၃-၂၀၁၃ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ၂၆-၃-၂၀၁၄ ရက်နေ့တွင်လည်းကောင်း ထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီစေရန် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည်‌့ဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည်‌့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည်‌့ နည်းဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေ၊ နည်းဥပဒေများတွင် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ဆောင်ရွက် နိုင်ရန်အတွက် လုပ်ပိုင်ခွင့် တာဝန်များကို ခွဲဝေပေးထားပြီး ဖြစ်ပါကြောင်း၊

ထို့အပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ရာထူးအဆင့်အလိုက် သင်တန်းများဖွင့်လှစ်၍ ဝန်ထမ်းစည်းမျဉ်း၊ ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ဘာသာရပ်တို့ကို ပို့ချပေးခြင်းဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ အသိတရားများ ထွန်းကားပြန့်ပွားပြီး ပြည်သူ့ဝန်ကို ထမ်းလိုသည့်စိတ်ဓာတ်ဖြင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဆောင်ရွက် ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်လွင် (တွံတေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ဖြေသွားသည့်အထဲတွင် မိမိစိတ်ဝင်စားသည့် စကားလုံးများ ပါရှိပါကြောင်း၊ တာဝန်ခံမှုခေါ်သည့် (Accountability)၊ Delegation of Power အာဏာကို အောက်တွင် အဆင့်ဆင့်ခွဲဝေပေးသည်ဆိုသည့်ကိစ္စ၊ ၎င်းက လုပ်ထုံးလုပ်နည်းများအရ မှန်ပါကြောင်း၊ ဥပမာ ဝန်ကြီးချုပ်က ၎င်းမြေများတွင် မည်သူမှမထွန်ရဟု ပြောပါကြောင်း၊ ထွန်ခဲ့လျှင်လည်း ဝင်ရောက်အရေးယူ ဆောင်ရွက်ရမည်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးကို တာဝန်ပေးထားပါကြောင်း၊ သို့သော် ဝင်ရောက်ထွန်သည့်အခါ၊ ၎င်းတို့ဘက်မှ မိမိတို့သည်အထက်ကို လမ်းညွှန်မှု ခံယူထားပါကြောင်း၊ သို့သော် အထက်ကို ထပ်ပြီးလမ်းညွှန်မှု ခံယူထားသည်ဆိုသည်မှာ ခရိုင်ကလည်း အောက်ကိုပြန်ပြီး ပြန်စစ်ခိုင်းပါကြောင်း၊ ထို့ကြောင့် အပေါ်နှင့်အောက် ဘောလီဘောပုတ်သည့် ကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်သွားမည်နည်း၊ မိမိတို့ကပြည်သူသည် နောက်ဆုံးစိတ်ပျက် လက်ပျက်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ အပေါ်တွင်လည်း အားမလိုအားမရ ဖြစ်နေကြ ပါကြောင်း၊ နောက်ဆုံး နိုင်ငံရေးအပေါ်တွင် စိတ်ဓာတ်ကျသွားပြီး စိတ်ပျက်သွားသည့် အနေအထားများ ဖြစ်လာနိုင်သည့် အလားအလာများရှိသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့၏ အတွေ့အကြုံအရ တာဝန်ခံမှုမရှိဘဲ အပေါ်ကိုလမ်းညွှန်မှုခံသည်ဆိုပြီး အချိန်ကြာမြင့်အောင် လုပ်ဆောင်နေသည့် ဝန်ထမ်းများကို မည်ကဲ့သို့ ကိုင်တွယ်အရေးယူ ဆောင်ရွက်သွားမည်ကိုလည်း သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း

နံပါတ် (၁) အချက်အနေဖြင့် ရာထူးဝန်အဖွဲ့အနေဖြင့် Civil Service Reform ဝန်ထမ်းပြုပြင် ပြောင်းလဲရေးဆိုပြီး ယခင်နှစ်ကစပြီး နိုင်ငံနှင့်အဝှမ်း ဝန်ထမ်းပြုပြင်ပြောင်းလဲရေးကို စတင်ပြီး ဆောင်ရွက်ပေးသည့် အနေအထားရှိပါကြောင်း၊ တာဝန်ခွဲဝေမှုနှင့်ပတ်သက်ပြီး မိမိ၏ ရှင်းလင်းချက်တွင်လည်း တင်ပြသွားပါကြောင်း၊ Decentralization ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ဆိုသည်မှာ အပိုင်းအဆင့်သုံးခုဖြစ်သည့် De-concentration  ကို မည်မျှအထိ ပေးမည်နည်း၊ Delegation of Power ကို မည်မျှခန့်အထိပေးမည်နည်း၊ ပြီးလျှင် Devolution လုံးလုံးလျားလျား ပေးမည်ဆိုသည့် အဆင့်သည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းအားလုံး ညှိနှိုင်းဆောင်ရွက်နေသည့် အနေအထားရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်ပြီးလည်း တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ပြဋ္ဌာန်းထားသည့် ပုဒ်မ ၂၂၄၊ ၂၂၅၊ ၂၅၆ ကိုလည်း ရှင်းလင်းတင်ပြပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုအပေါ် မူတည်ပြီး ဝန်ထမ်း၏လုပ်ပိုင်ခွင့်များ၊ ဝန်ထမ်း၏၊ Full Value တန်ဖိုးအနေဖြင့် ပထမဦးဆုံး Honesty ၊ Integrity ရှိရမည်၊ Responsiveness ပြည်သူလူထု၏ လိုအပ်ချက်ကို လျင်မြန်စွာတုံ့ပြန်ရမည်၊ Accountability၊ ၎င်း Co Value များအပေါ်မူတည်ပြီး ဗဟိုဝန်ထမ်းတက္ကသိုလ်ကျောင်းများတွင် အောက်ခြေဝန်ထမ်းမှစပြီး အထက်အရာရှိကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ထိ သင်တန်းပေးပြီး Perception ကို ပြောင်းလိုက်နိုင်အောင် သင်တန်းများ ပေးလျက်ရှိပါကြောင်း၊ မိမိတို့ ရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ရာထူးအဆင့်ဆင့်ကို သင်တန်းပေးနေပါကြောင်း၊ မိမိတို့အနေဖြင့် အထက်ကိုတင်ပြပြီး ၎င်းတို့ကို Decentralization တွင် De-concentration and Devolution မည်ကဲ့သို့ အတိုင်းအတာနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီဖြစ်အောင် ဆောင်ရွက်မည် ဆိုသည်ကိုလည်း ဆွေးနွေးပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း