Skip to main content

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်တွင် မန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေဟူ၍ ရှိပါကြောင်း၊ ရေနံမြေမှကုန်တင်ကုန်ချ အလုပ်သမားများသည် လုပ်အားခ ပြည့်ဝစွာမရရှိသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု မိမိတို့အား အကြောင်းကြားသဖြင့် ၁၃-၇-၂၀၁၈ ရက်နေ့တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ အလုပ်သမားများနှင့် သွားရောက်တွေ့ဆုံပြီး မည်သို့သော အခက်အခဲများရှိသည်ကို စုံစမ်းမေးမြန်းခဲ့ပါကြောင်း၊ အလုပ်သမားများသည် တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ယခင်က တစ်နေ့လုပ်အားခ ၂၅၀၀ နှုန်းသတ်မှတ်သော်လည်း ၂၂၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၃၆၀၀ နှုန်းသတ်မှတ်သော်လည်း ၃၄၀၀ နှုန်း၊ တစ်နေ့လုပ်အားခ ၄၈၀၀ သတ်မှတ်သည့်အခါ ခေတ်ကာလနှင့် လျော်ညီသည့် လုပ်အားခရရန် တိုးတောင်းသည့်အခါ ၂၀၁၈ ခုနှစ် မတ်လမှစပြီး ၂၁၀၀ ခန့်သာပေးခဲ့ပါကြောင်း၊ ၄၈၀၀ နှုန်း တိုးမပေးနိုင်သေးသော်လည်း ၃၄၀၀ နှုန်းနှင့် ရှင်းပေးလျှင် ၎င်းတို့ စားဝတ်နေရေးအတွက် အဆင်ပြေသည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် အလုပ်သမားများနှင့် တွေ့ဆုံပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီးနှင့် သွားရောက်တွေ့ဆုံသော်လည်း သေချာရေရာသည့် အဖြေကိုမရရှိခဲ့သည့် အတွက်ကြောင့် မေးမြန်းခြင်း ဖြစ်ပါကြောင်း၊

မိမိတို့ စုံစမ်းကြည့်သည့်အခါ နေ့စားလုပ်သားများကို MOGE မှ မခိုင်းဘဲ MPI မှ ခိုင်းပါကြောင်း၊ MPI မှ ခိုင်းသော်လည်း လုပ်အားခ ပြည့်ပြည့်ဝဝမရပါကြောင်း၊ MPI မှ ပိုက်လိုင်းများရှင်းရန် တစ်နေ့လျှင် ၁၄ ယောက်၊ ကားဆိုင်းအတွက် ၁၂ ယောက်ပေးရပါကြောင်း၊ MPI မှ ၁၂ ယောက်ခကိုသာ ရှင်းပြီး ၁၄ ယောက်ခကို မရှင်းပါကြောင်း၊ လုပ်သားခများနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးဘတ်ဂျက်မှ ဘတ်ဂျက် စီမံခန့်ခွဲပြီးပေးသည်ဟု သိရပါကြောင်း၊ တိကျသည့် အဖြေမရသည့်အတွက် ဇူလိုင်လ ၂၄ ရက်နေ့တွင် ယခုမေးခွန်းကို တင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အလုပ်သမားများကို လှမ်းမေးသည့်အခါ ၁၀ လပိုင်းမှစပြီး တစ်နေ့လုပ်အားခ ၃၀၀၀ နှုန်းနှင့် ရှင်းပေးသော်လည်း မူလ ၃၄၀၀ နှုန်းမရရှိသေးပါကြောင်း၊ သတ်မှတ်ထားသည့် ၄၈၀၀ နှုန်းရမှသာလျှင် ၎င်းတို့အတွက် အဆင်ပြေမည်ဖြစ်ပါကြောင်း၊ နေ့စားလုပ်သား ဖြစ်သည့်အတွက် အလုပ်မဆင်းသည့်နေ့အတွက် မပေးသော်လည်း အလုပ်ဆင်းသည့်နေ့အတွက် လုပ်ခပြည့်ဝအောင်ပေးလျှင် ကျေနပ်ပါသည်ဟု ပြောပါကြောင်း၊ နေ့စားလုပ်သားများ ဖြစ်သော်လည်း ရေနံမြေအတွက်ခေါ်သည့်အခါ အမြဲတမ်းအလုပ်ဆင်းနိုင်ရန် အဆင်သင့် ရုံးတွင်ထိုင်နေရပြီး အလုပ်ဆင်းနေရပါကြောင်း၊ ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ငန်းတင်မကဘဲ ကားဆိုင်းများ၊ သံပိုက်များခိုင်းသည့် လုပ်ငန်းမှန်သမျှ အားလုံးလုပ်ပေးရသည်ဟု ပြောပါကြောင်း၊ သို့ဖြစ်ပါ၍ မန်းရေနံမြေမှ ဆင်းရဲသားကုန်တင်ကုန်ချ အလုပ်သမားများအတွက် လုပ်အားခပြည့်ဝစွာ ရရှိနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက် ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေမှ ကုန်တင်ကုန်ချလုပ်သားများ၏ လုပ်အားခနှုန်းထားများကို ပေးချေခြင်းကိစ္စနှင့် ပတ်သက်ပြီး အဆိုပါလုပ်သားများသည် နေ့စားလုပ်သားများအဖြစ် စီစဉ်ဆောင်ရွက်ထားခြင်း မဟုတ်ပါကြောင်း၊ အဆိုပါလုပ်သားများကို လုပ်ငန်းရှိသည့်အချိန်တွင် ကုန်တင်ကုန်ချဆောင်ရွက်ရန် ပုတ်ပြတ်လုပ်သားအနေနှင့်သာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောင်ရွက်ရသည့် ကုန်တန်ချိန်အပေါ်တွင် တန်ချိန်နှင့်တွက်ပြီး တန်ချိန်အလိုက် လုပ်အားခကို ပေးချေသည့်စနစ်ဖြစ်ပါကြောင်း၊ အဆိုပါဝန်ထမ်းများကို လုပ်ငန်းလုပ်ကိုင်သည့် တန်ချိန်အပေါ်တွင် သတ်မှတ်ထားသည့် လုပ်အားခနှုန်းထားသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေမှ မြို့နယ်ကုန်တင်ကုန်ချဦးစီးဌာန မြို့နယ်ဦးစီးမှူးထံသို့ ချက်လက်မှတ်နှင့် လုပ်အားခများ ပေးချေခြင်းဖြစ်ပါကြောင်း၊  မြို့နယ်ဦးစီးမှူး၏ စီမံခန့်ခွဲမှုနှင့် ပေးချေသည့် လုပ်အားခများကို တန်ချဝန်ထမ်းဦးရေနှင့်စားပြီး အချိုးကျ ခွဲဝေပြီး ၁၅ ရက်လျှင် တစ်ကြိမ် ထုတ်ပေးနေသည့်စနစ်ကို မြို့နယ်ကုန်တင်ကုန်ချဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ဆောင်ရွက်ပေးနေပါကြောင်း၊ ထို့ကြောင့် တစ်ရက်နှင့်တစ်ရက် လုပ်အားခရရှိမှုနှုန်းထားသည် တူညီမှု မရှိပါကြောင်း၊ ချရသည့် ကုန်ပစ္စည်းအမျိုးအစား၊ တန်ချိန်ပမာဏပေါ်မူတည်ပြီး ပေးချေရသည့် ပမာဏနှင့် နောက်တစ်နေ့တွင် ဆောင်ရွက်ရသည့် လုပ်ငန်းပမာဏအလိုက် ဌာနများဘက်မှ ပေးချေသွားခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ လစဉ်ရငွေများမှာ တစ်တန်နှုန်းထားတွက်ချက်မှုသည် ယခင် ရုံးချုပ်မှ သတ်မှတ်ထားသည့်နှုန်းနှင့် တွက်ချက်ပေးချေနေရခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လဘဏ္ဍာရေးနှစ်အတွင်း သယ်ပို့ကိုင်တွယ်စရိတ် ဘတ်ဂျက်ရရှိမှု အခြေအနေနှင့် မဖြစ်မနေလုပ်ငန်းများ ဆောင်ရွက်ရန်ရှိသည့်အခါ၊ လုပ်ငန်းများအပ်နှံ ဆောင်ရွက်သည့်အခါ၊ ကုန်တင်ကုန်ချတန်ချိန်ပမာဏနည်းပါးသည့်အခါ ကုန်တင်ကုန်ချလုပ်သား တစ်ဦး၏ တစ်ရက်ပျမ်းမျှရရှိသည့်ငွေသည် ၂၁၀၀ ကျပ်နှုန်း ဖြစ်သွားပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းတူးဖော်သည့် လုပ်ငန်းနည်းပါးလျှင်၊ ဘတ်ဂျက်ရရှိမှု နည်းပါးလျှင်၊ ပစ္စည်းများ အတင်အချကိုင်တွယ်စရိတ် ပေးချေရသည်မှာ နည်းပါးသွားပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသအသီးသီးရှိ လုပ်ငန်းသုံးပစ္စည်းများ၊ ကုန်တင်ကုန်ချလုပ်အားခနှုန်းထားများကို ယခုထက်ပိုပြီး တိုးမြှင့်ပေးနိုင်ရန် ဌာနဘက်မှ စဉ်းစားပါကြောင်း၊ ထို့ကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသအသီးသီးရှိ လုပ်ငန်းသုံးပစ္စည်းများ၏ ကုန်တင်ကုန်ချနှုန်းထားများကို သက်ဆိုင်ရာမြို့နယ်များရှိ ဒေသန္တရပေါက်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပြီးမှသာ ကွဲပြားခြားနားသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် တစ်တန်အတွက် ကုန်တင်ကုန်ချလုပ်အားခများကို သင့်တော်သည့် နှုန်းထား တိုးမြှင့်ပြင်ဆင်သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေပါကြောင်း၊ အဆိုပါနှုန်းထားပြင်ဆင်သတ်မှတ်နိုင်မှုကို အတည်ပြုချက်များရရန် ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိပြီ‌း ၁-၁-၂၀၁၉ ရက်နေ့မှစ၍ နှုန်းသစ်များနှင့် စတင်ပေးချေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဝင်းဝင်း(မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။

အလုပ်သမားများ၏ ပြောပြချက်အရ ၎င်းတို့သည် ပုတ်ပြတ်လည်းမဟုတ်ဘဲ တန်ချိန်နှင့် လုပ်အားခရှင်းပေးသည်လည်း မဟုတ်ပါကြောင်း၊ ဝန်ကြီးရှင်းပြသွားသလို တစ်နေ့လုပ်ရသည့် လုပ်ငန်းအပေါ်မူတည်ပြီး လုပ်တဲ့လုပ်အားခကို တန်ချိန်နှင့် ရှင်းမည်ဆိုလျှင် ဖြူစင်သည့် ဆင်းရဲသားအလုပ်သမားများအနေနှင့် ကျေနပ်ပါကြောင်း၊ မလုပ်ဘဲနှင့် လုပ်ခကို မလိုချင်ပါဟု ၎င်းတို့ ပွင့်ပွင့်လင်းလင်းပြောပါကြောင်း၊ နေ့စားမဟုတ်ဘဲ ပုတ်ပြတ်ဖြစ်ပြီး တန်ချိန်နှင့် ရှင်းပေးရသည့် အလုပ်သမားများဟု ပြောသွားသော်လည်း မြေပြင်အခြေအနေတွင် ထိုသို့မဟုတ်ပါကြောင်း၊ မနေ့က မိမိဖုန်းလှမ်းဆက်မေးသည့်အခါ နေ့စားအဖြစ် တစ်နေ့လျှင် ယခင်က ၂၁၀၀ နှုန်းရှင်းခဲ့သော်လည်း ယခု တစ်နေ့လျှင် ၃၀၀၀ နှုန်း တွက်ပြီးပေးမည်ဟု ပြောပါကြောင်း၊ ဝန်ကြီးပြောသွားသလို အလုပ်မှာ တစ်ခါတလေ ပင်ပန်းပြီး တစ်ခါတလေ သက်သာသော်လည်း ၃၀၀၀ နှုန်းသာ သတ်မှတ်ပေးသွားမည်ဟု ပြောပါကြောင်း၊ ထို့ကြောင့် အဖြေနှင့် မြေပြင်အခြေအနေသည် ကွဲလွဲနေသောကြောင့် သေချာစုံစမ်းစစ်ဆေးပြီး အလုပ်သမားများ၏ လုပ်အားခကို ပြည့်ဝစွာရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ ဆက်စပ်မေးမြန်းခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

ပထမအဖြေတွင် တိတိကျကျ မှန်မှန်ကန်ကန် ဖြေဆိုထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေနှင့် အဆိုပါ ကုန်တင်ကုန်ချလုပ်ငန်းကို စာရင်းဇယားများအရလည်း တန်ချိန်နှင့်သာ ပေးချေခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ဖြေကြားချက်တွင် ပါရှိနေသည့် မြို့နယ်ကုန်တင်ကုန်ချဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှတစ်ဆင့် ပေးချေခြင်းဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်ကိစ္စမှာ မြို့နယ်ဦးစီးမှူးဘက်မှ ဆောင်ရွက်မည့် အစီအစဉ်သည် မိမိတို့ဌာန၏ စီမံခန့်ခွဲမှုမဟုတ်သည့်အတွက် အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအနေဖြင့် ဖြေရှင်းပေးနိုင်ခြင်း၊ ဖြေကြားပေးနိုင်ခြင်း မရှိပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာနည်းလမ်းနှင့် ဆောင်ရွက်မည့် ကိစ္စရပ်မှာ ယခုပေးချေနေသည့် ကုန်တင်ကုန်ချ တန်ချိန်တန်နှုန်းများကို ပိုမိုသင့်တော်သည့် ဈေးနှုန်းသို့ ပြင်ဆင်သတ်မှတ်ပေးပြီး ၁-၁-၂၀၁၉ ရက်နေ့မှ စတင်ပေးချေသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်