Skip to main content

 

ဆေးရုံအဆောက်အဦ မူလချထားသည့်ပုံစံသည် နှစ်ထပ်အဆောက်အဦပုံစံဖြစ်ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်တွင် ကျပ်သန်း ၈၀၀၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁၂၀၀ စုစုပေါင်း ကျပ်သန်းပေါင်း ၂၀၀၀ နှင့် ခွင်‌့ပြုချထားပေးခဲ့သော်လည်း ထိုအချိန်က တာဝန်ယူခဲ့သည့် တာဝန်ရှိသူများသည် နှစ်ထပ်အဆောက်အဦအစား ငါးထပ်အဆောက်အဦ ပြောင်းလဲဆောက်သဖြင့် ပြည်သူများထည်‌့ဝင်ငွေ သန်းပေါင်း ၆၄၁.၃၄ သန်း ထည်‌့ဝင်သော်လည်း အဆောက်အဦသည် လက်စမသတ်နိုင်ပါကြောင်း၊ ယခုအခါ ထိုငါးထပ်အဆောက်အဦသည် အကြမ်းထည် ၈၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ ထို အဆောက်အဦသည် ပြည်သူများ၏ ဘဏ္ဍာငွေနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်စသတ်ဆောက်လုပ် ပေးရန် လိုအပ်နေပါကြောင်း၊ လက်စသတ်ဆောက်လုပ်မပေးနိုင်သေးလျှင် ဘဏ္ဍာငွေများကို ပြည်သူများ အသုံးမချနိုင်သေးသည့်အတွက် နစ်နာနေမည်ဖြစ်ပါကြောင်း၊ နောက်တစ်ချက်အနေဖြင့် မုံရွာဆေးရုံကြီးရှိ ဖျားနာဆောင်မျက်နှာကြက်များသည် ပြိုကျပြီး လူနာများမထားနိုင်ဘဲ အန္တရာယ်ရှိအဆောင်အဖြစ် သတ်မှတ်ထားရပြီး လူနာများအတွက် အခက်အခဲဖြစပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ခုတင်အသုံးချမှုမှာ တစ်ခါတလေ ၅၈၁ လုံးဖြစ်ပါကြောင်း၊ မုံရွာတွင် စရိတ်မျှပေးအခန်းများရှိသော်လည်း တစ်ခန်းလျှင် သုံးယောက်ကြပ်တည်းစွာ နေထိုင်နေရပါကြောင်း၊ ထို့ကြောင့် လူနာများ သက်တောင်‌့သက်သာ တည်းခို ကုသနိုင်ရန်အတွက် ငါးထပ်အဆောင်ကြီး အမြန်ပြီးစီးရန် လိုအပ်နေပါကြောင်း၊ ထို့နောက် မုံရွာမြို့နယ် သည် လူဦးရေ ၃၇၀၀၀၀ ရှိသည့်  မြို့တော်ဖြစ်ခြင်း၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း ဆက်သွယ်ရေး လွယ်ကူခြင်း၊ မုံရွာ(ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်)၊ စီးပွားရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊  ကွန်ပျူတာ တက္ကသိုလ်၊ ပညာရေးကောလိပ်၊ စက်မှုလက်မှုအထက်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်း၊ အားကစားသိပ္ပံကျောင်း စသည့် ကျောင်းပေါင်းစုံရှိသည့်အတွက် နယ်ပေါင်းစုံမှ ကျောင်းသူ/သားများရှိ သဖြင့် လူဦးရေထူထပ်သောကြောင့် ငါးထပ်ဆေးရုံကြီးပြီးစီးရန် လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ဆောက်လက်စငါးထပ် ဆေးရုံကြီးကို ပြီးစီးရန်အတွက် လက်စသတ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။


 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၏ တိုးချဲ့လူနာဆောင် ဆောက်လုပ် ရေးအတွက် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ကာလတွင် နှစ်ထပ်အဆောက်အဦအဖြစ် စတင်၍ ရန်ပုံငွေ ကျပ် သန်း ၂၀၀ ဖြင်‌့ ခွင်‌့ပြုခဲ့ပါကြောင်း၊ မုံရွာပြည်သူ့ဆေးရုံကြီး၏ တိုးချဲ့လူနာဆောင် တည်ဆောက်ရေး လုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင်‌့ ကော်မတီ ၇ ယောက်ဖွဲ့၍ ၁-၇-၂၀၁၄ ခုနှစ်မှ စတင်၍ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆေးရုံကြီး၏ လူနာတက်ရောက် ကုသမှုများပြား ခြင်းကြောင့် နှစ်ထပ်ဆောင်မှငါးထပ်ဆောင်သို့ ပြောင်းလဲဆောက်လုပ်ရန် ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ် ကာလအတွင်း လုပ်ထုံးလုပ်နည်းများနှင်‌့အညီ ခေါင်းစဉ်ပြောင်းလဲဆောင်ရွက်ခဲ့ပါကြောင်း၊ မုံရွာပြည်သူ့ ဆေးရုံကြီး၏ တိုးချဲ့လူနာဆောင်အထပ်မြှင်‌့တင်မှုအရ ၂၀၁၄-၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်ကာလတွင် ဖြည်‌့စွက်ရန်ပုံငွေအဖြစ် ကျပ်သန်း ၆၀၀ ကိုလည်းကောင်း၊ ၂၀၁၅-၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်ကာလတွင် ကျပ်သန်း ၁၂၀၀ ကိုလည်းကောင်း ခွင်‌့ပြုခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဒေသကြီးကြပ်ရေး ကော်မတီ၏ စိစစ်မှုဖြင်‌့ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း၊ မုံရွာပြည်သူ့ဆေးရုံကြီး၏ လူနာဆောင်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကာလတွင် နိုင်ငံတော်အစိုးရ၏ ခွင်‌့ပြုရန်ပုံငွေ ကျပ်သန်း ၂၀၀၀ နှင်‌့ ပြည်သူလူထုထည်‌့ဝင်လှူဒါန်းငွေ ၆၆၅.၇ သန်းတို့ဖြင့် တည်ဆောက်ခဲ့ရာ လုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းပြီးစီးမှုဖြစ်ပြီး မြို့ပြလုပ်ငန်းပြီးစီးမှုသည် ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း စီမံကိန်းအင်ဂျင်နီယာ ခုတင် ၅၀၀ ခန့်ဆေးရုံတည်ဆောက်ရေး၏ အစီရင်ခံစာအရ သိရှိရပါကြောင်း၊ မုံရွာပြည်သူ့ဆေးရုံကြီး တိုးချဲ့ငါးထပ်ဆောင် လူနာဆောင်၏ စီမံကိန်းတန်ဖိုးအား ဒေသကြီးကြပ်ရေးကော်မတီ၏ စီမံကိန်းအင်ဂျင်နီယာမှ တွက်ချက်တင်ပြရာ ကျပ်သန်း ၅၉၀၀ ခန့်မှန်း တွက်ချက်မှုအား တင်ပြပြီး ထပ်မံလိုငွေမှာ ကျပ်သန်း ၃၂၃၄.၃ သန်းဖြစ်ကြောင်း၊ မုံရွာပြည်သူ့ဆေးရုံကြီး ၏ စီမံခန့်ခွဲရေးလုပ်ငန်းတန်ဖိုးတွက်ချက်တင်ပြရာတွင် မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဓာတ်လှေကားလုပ်ငန်းနှင်‌့ အခြားဆက်စပ်မှုလုပ်ငန်းများအတွက် တွက်ချက်ထားခြင်းဖြစ်ကြောင်း၊ မုံရွာ ပြည်သူ့ဆေးရုံကြီး၏ လုပ်ငန်းပြီးစီးမှုအခြေအနေအား စိစစ်ခဲ့ရာ မြို့ပြလုပ်ငန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်း ခန့်ပြီးစီးပြီး လုပ်ငန်းစီမံကိန်းတစ်ရပ်လုံး၏ ၄၅ ရာခိုင်နှုန်းပြီးစီးနေပါကြောင်း၊ မုံရွာအထွေထွေရောဂါကု ဆေးရုံကြီး တိုးချဲ့တည်ဆောက်မှုဖြင်‌့ ပြည်သူလူထုအတွက် ကောင်းမွန်သောကုသရေးဝန်ဆောင်မှုများ တိုးတက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသဖြင်‌့ တည်ဆောက်ရေးလုပ်ငန်း အပြီးသတ်တည်ဆောက်နိုင်ရန် အတွက် စီမံကိန်းလုပ်ငန်း၏ အရည်အသွေးကြံ့ခိုင်မှု၊ စီမံကိန်းလုပ်ငန်းများ လုပ်ငန်းဆိုင်ရာများအား ဌာန ဆိုင်ရာကျွမ်းကျင်ပညာရှင်များမှ စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းများ လုပ်ထုံးလုပ်နည်း များနှင်‌့အညီ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် အစီအစဉ်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင်‌့ တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရန် ရည်မှန်းချက်ချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျန်းမာရေးနှင်‌့ အားကစားဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်