Skip to main content

 

မာန်အောင်မြို့နယ်မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းထားပြီးသော ကျေးရွာ အုပ်စု (၁၂) အုပ်စုရှိ ကျေးရွာ( ၅၇) ရွာအား လျှပ်စစ်မီးရရှိရေးအတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက် နေသည်ကို သိလိုခြင်းနှင့် တစ်မြို့နယ်လုံးရှိ ကျေးရွာများအား ၂၀၁၈-၂၀၁၉ ခုနှစ်များအတွင်း မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ထဲမှ မိမိတို့မာန်အောင်မြို့နယ်သည် ဝေးလံ ခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် မြို့နယ်တစ်ခုဖြစ်သဖြင့် ပိုမိုဆင်းရဲပါကြောင်း၊ မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိသည့် မြို့နယ်တစ်ခုဖြစ်သည့်အပြင် လူဦးရေအားဖြင့် ၆၅၀၀ ကျော် နေထိုင်လျက်ရှိသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုမာန်အောင်တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် မြို့အနီးရှိ ကုန်းတန်းရွာ တစ်ရွာ၏တစ်ဝက်ခန့်သာ တစ်ရက်လျှင်မီးခြောက်နာရီ ရရှိပါကြောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်မှ ညနေ ၁၀ နာရီ ၁၅ မိနစ်အထိ လေးနာရီနှင့် နံနက် ၄ နာရီ ၁၅ မိနစ်မှ နံနက် ၆ နာရီ ၁၅ မိနစ်အထိနှစ်နာရီ လျှပ်စစ်မီးရရှိကြပြီး လျှပ်စစ်မီးတိုင်စိုက်ထားသည့် ကျေးရွာ ၅၇ ရွာသည် မီးတိုင်စိုက်ထားသည်မှာ နှစ်နှစ်ကျော်ရှိခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး မရရှိသေးပါကြောင်း၊

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၆ မြို့သည် ၂၄ နာရီလျှပ်စစ်မီးရရှိကြပြီး လျှပ်စစ်မီးတစ်နေ့ခြောက်နာရီ ရရှိသည့်မြို့သည် မိမိတို့မာန်အောင်မြို့တစ်ခုသာ ကျန်ရှိပါကြောင်း၊ မြို့နယ် (၅) ရပ်ကွက်နှင့် ကုန်းတန်းကျေးရွာ တစ်ဝက်ရှိ နေအိမ်များကို  500 KVA မီးစက်နှစ်လုံးနှင့် မီးပေးနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မာန်အောင်ကျွန်းသည်လည်း မိမိတို့နိုင်ငံထဲတွင် အရှည်လျားဆုံးနှင့်အလှပဆုံး သဘာဝပင်လယ်ကမ်းခြေအလှရှိသည့် ကျွန်းတစ်ကျွန်းပါကြောင်း၊ လွှတ်တော်နှင့် နိုင်ငံတော်အစိုးရကလည်း မိမိတို့မာန်အောင်ကျွန်းပေါ်တွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ပါကြောင်း၊ သို့သော် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် လျှပ်စစ်မီးသည် ယနေ့အထိ မရရှိသည့်အတွက် ပြည်သူများကလည်း လျှပ်စစ်မီးရရှိရန် ပြောသည့်အတွက် ရွာများ၊ အိမ်များတွင်ရှိသည့် သစ်ပင်၊ အုန်းပင်များကို ရှင်းလင်းပြီး လျှပ်စစ်မီးတိုင်များ စိုက်ခွင့်ပေးထားခဲ့ကြပါကြောင်း၊ လျှပ်စစ်မီးတိုင်များစိုက်ပြီး လျှပ်စစ်မီး မရရှိသည်မှာ နှစ်နှစ်ကျော်ကြာခဲ့ပါပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့ပေါ် (၅) ရပ်ကွက်နှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းထားပြီးသည့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိ ကျေးရွာ ၅၇ ရွာနှင့် မာန်အောင်တစ်ကျွန်းလုံးကို လျှပ်စစ်မီးအား မည်သည့်အချိန်တွင် ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ငါးခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာ တည်ရှိပြီး လက်ရှိမြို့ပေါ်ရပ်ကွက်ငါးခုနှင့် မြို့နှင့်တစ်ဆက် တစ်စပ်တည်း တည်ရှိနေသော ကုန်းတန်းရွာအထိ အိမ်ထောင်စု ၁၀၀၂ စုအား ၅၀၀ ကေဗွီအေ ဒီဇယ် ဓာတ်အားပေး စက်နှစ်လုံးဖြင့် ဝန်ကြီးဌာနက တစ်ရက်လျှင်လေးနာရီ ဓာတ်အားပေးစက် မောင်းနှင် ရန် အတွက်လည်းကောင်း၊ မီးလင်းရေးကော်မတီက တစ်ရက်ကိုနှစ်နာရီ ဓာတ်အားပေးစက်ကို မောင်းနှင်ရန်သော်လည်းကောင်း စီစဉ်ပြီး စုစုပေါင်းတစ်ရက်လျှင် ခြောက်နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက် ရှိပါကြောင်း၊ မာန်အောင်မြို့သည် ကျွန်းမြို့တစ်ခုဖြစ်နေပြီး ပင်လယ်ပြင်ကို ဖြတ်သန်းပြီးမှ သွားလာရသည့်အနေအထား ဖြစ်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ်တွင် လက်ရှိရောက်ပြီးဖြစ်သည့် ဓာတ်အားစနစ်ကနေပြီး ဓာတ်အားလိုင်းများ သွယ်တန်းပြီး လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အလွန်စွာအခက်အခဲရှိနေခြင်း ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲနေသည့် မြို့များနည်းတူ မာန်အောင်ကျွန်းတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန်အတွက်ကို ပြည်ထောင်စုဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှစပြီး အာရုံစိုက် စဉ်းစားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေစဉ်းစားခဲ့ပါကြောင်း၊ နည်းလမ်းပေါင်းငါးခု စဉ်းစားခဲ့ရာ ရေအားလျှပ်စစ်နှင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းရှိ/မရှိ၊ လေအားလျှပ်စစ်ဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းရှိ/မရှိ၊ သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ဓာတ်အားပေးစက် တည်ထောင်ပြီး ဓာတ်အားပေးမည်ဆိုလျှင် အဆင်ပြေနိုင်ခြင်း ရှိ/မရှိ၊ ပင်လယ်ကိုဖြတ်ပြီး ပင်လယ်ရေအောက်မှတစ်ဆင့် ဓာတ်အားလိုင်းများ မြှုပ်နှံပြီးမှ တည်ဆောက်လျှင် အဆင်ပြေနိုင်ခြင်း ရှိ/မရှိ၊ နေအားလျှပ်စစ်ကိုသုံးပြီးမှ ဓာတ်အားပေးနိုင်ရင် အဆင်ပြေနိုင်ခြင်း ရှိ/မရှိစသည့် နည်းလမ်းများကို အသုံးပြုပြီး ဖြစ်နိုင်ခြေရှိ/မရှိနှင့် ကုန်ကျစရိတ်များကို ချင့်ချိန်နှိုင်းယှဉ်စဉ်းစား ခဲ့ပါကြောင်း၊ ထို့နောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့များနှင့်အတူ ကိုရီးယားကုမ္ပဏီ Posco Daewoo Corporation တို့ ပူးပေါင်းပြီး မာန်အောင်မြို့ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် နည်းပညာဆိုင်ရာ ဆန်းစစ်လေ့လာမှုများကို အသေးစိတ် ထပ်မံဆက်လက် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုကြောင့် နည်းလမ်းငါးမျိုးအနက် ဆိုလာ၊ ဒီဇယ်၊ စွမ်းအင်သိုလှောင်မှုစနစ်တို့ ပေါင်းစပ်ထားသည့် Hybrid System သည် အသင့်တော်ဆုံး ဖြစ်မည်ဟု ဆန်းစစ်လေ့လာ တွေ့ရှိခဲ့ရခြင်းဖြစ်ပါကြောင်း၊

မာန်အောင်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် အဆင့်သုံးဆင့်ပိုင်းခြားပြီး ဆောင်ရွက်မှသာ တိုးတက်မှုကိုရရှိမည်ဟု သုံးသပ်တွေ့ရှိပါကြောင်း၊ အဆင့်(၁)အနေဖြင့် ဆိုလာဓာတ်အားပေး စက်ရုံ 0.5 Mega Watt ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မတ်လအတွင်း ဆောင်ရွက်သွားရန် စိစဉ်ထားရှိပါကြောင်း၊ လက်ရှိ ဒီဇယ်ဓာတ်အားပေးစက်များနှင့် ဓာတ်အားပေးလျက်ရှိသည့် အိမ်ထောင်စုများကို ဆိုလာ၊ ဒီဇယ်၊ စွမ်းအင်သိုလှောင်မှု ပေါင်းစပ်စနစ်ဖြင့် ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး သွားနိုင်မည့်အခြေအနေ ဖြစ်သည့်အတွက်ကြောင့် ယခင်က ခြောက်နာရီ မီးလင်းသည့်အဆင့်မှ ၂၄ နာရီဓာတ်အားရရှိမည့် အဆင့်ကို အဆင့်(၁) အနေဖြင့် စတင်ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ အဆင့် (၁) အတွက် စီမံကိန်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂.၅ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ ထိုကုန်ကျငွေကို ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကိုရီယားကုမ္ပဏီ Posco Daewoo Corporation ၏ CSR ရန်ပုံငွေမှ ကျခံဆောင်ရွက်ပေးရန်လည်း ညှိနှိုင်းထားပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းတည်ဆောက်နိုင်ရန်အတွက် မာန်အောင်မြို့၊ ခအုန်းမော်ကျေးရွာအုပ်စုအနီး ကွင်းအမှတ် (၈၅၉-ခ) တွင် မြေလွတ်၊ မြေရိုင်း ၁၅ ဧကအား စီမံကိန်းဆောင်ရွက်ရန် သင့်တော်သည့် မြေနေရာအဖြစ် ရွေးချယ်ခဲ့ပြီး မြေသုံးစွဲခွင့် ရရှိရေးအတွက် ၂၁-၈-၂၀၁၈ ရက်နေ့တွင် ပြည်နယ်မြေယာကော်မတီမှတစ်ဆင့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၊ နေပြည်တော်သို့ မြေအသုံးပြုခွင့်ရရှိရေး လျှောက်ထား ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊

ကျန်ရှိသည့် ကျေးရွာများ ဓာတ်အားရရှိနိုင်ရန်အတွက် အဆင့် (၂) ကို ဆက်လက်ဆောင်ရွက်ရန် ကိုရီးယားနိုင်ငံ KOICA ထံမှ ချေးငွေရရှိရေး အဆိုပြုဆောင်ရွက်မည်ဟု လျာထားလျက်ရှိပါကြောင်း၊ ချေးငွေရရှိရေးအတွက်ကိုလည်း အဆင့်ဆင့်ဆက်လက် တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ချေးငွေရရှိခဲ့မည်ဆိုလျှင် နောက်ထပ်ဆိုလာ 2.5 MW ကို ၂၀၂၀ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် Hybrid System နှင့် ကျေးရွာ ၅၇ ရွာ၊ အိမ်ထောင်စု ၄၉၃၈ စုကို ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် စီစဉ်ပေးသွားမည် ဖြစ်ပါကြောင်း၊ အဆင့် (၃) အနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ရရှိမှုအပေါ် မူတည်ပြီး မာန်အောင်ကျွန်းပေါ်တွင် ကျန်ရှိသည့် အိမ်ထောင်စု ၁၉၁၀ စုကို လျှပ်စစ်ဓာတ်အားပေးနိုင်ရန် စီမံသွားမည် ဖြစ်ပါကြောင်း၊ လက်ရှိစီမံကိန်းအဆိုပြု မြေနေရာ ၁၅ ဧကသည် အဆင့် (၁) နှင့် အဆင့် (၂) အတွက်သာ လုံလောက်မှုရှိသည့် အတွက်ကြောင့် အဆင့် (၃) ကို ဆက်လက် ဆောင်ရွက်ရန် အတွက် မာန်အောင်ကျွန်း၏ တောင်ဘက်ပိုင်းတွင် မြေနေရာထပ်မံရွေးချယ်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ၎င်းအတွက် မြေနေရာရရှိထားခြင်း မရှိသေးပါကြောင်း၊ စီမံကိန်းတစ်ခုလုံး ပြီးဆုံးသွားမည်ဆိုလျှင် မာန်အောင်မြို့နယ်တစ်ခုလုံးကို လျှပ်စစ်ဓာတ်အားပေးရန် 4 MW နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးသွားနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဓာတ်အားလိုင်းများ ကြိုတင်တည်ဆောက်ပြီးသည် ဖြစ်သည့်အတွက်ကြောင့် စီမံကိန်း လျာထားချက်အတိုင်း အကောင်အထည် ဖော်နိုင်ရေးအတွက်ကို ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုမေးခွန်းနှင့်ပတ်သက်ပြီး အဆင့် (၁)နှင့် တင်ပြထားသည့် အဖြေသည် ကတိကဝတ်အဖြစ် မှတ်တမ်းတင်ပေးရန်နှင့် အဆင့် (၂) နှင့် အဆင့် (၃) သည် အနာဂတ် Plan ကို လျာထားချက် မျှသာဖြစ်ပြီး ချေးငွေရရှိမှုကိုလည်း Commitment မရရှိသည့်အတွက်ကြောင့် မိမိတို့၏ အနာဂတ် Plan ကို တင်ပြခြင်း ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားပါသည်။

ဦးတင်နု (ခ) ဦးတင်နုအောင် (မာန်အောင်မဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့မာန်အောင်ကျွန်းကို မောဂဝတီကျွန်းဟု ခေါ်ဆိုပါကြောင်း၊  မောဂဝတီဆိုသည်မှာ မိုးများသည့် အရပ်ဒေသဟု အဓိပ္ပာယ်ရပါကြောင်း၊ မိမိတို့မာန်အောင်တွင် တစ်နှစ်ကို မိုးရေချိန်လက်မ ၂၀၀ ကျော် ရွာသွန်းသည့် ကျွန်းတစ်ကျွန်း ဖြစ်ပါကြောင်း၊ မိုးရာသီတွင် ရက်သတ္တပတ်တစ်ပတ်ခန့်အထိ နေရောင်ခြည်နှင့် အလင်းရောင်မရနိုင်သည်အထိ မိုးဆက်တိုက်ရွာသည့် နေ့များရှိပါကြောင်း၊ နေရောင်ခြည်နှင့် အလင်းရောင်မရလျှင် လျှပ်စစ်ရရှိရေးအတွက် အခက်အခဲများ ဖြစ်လာနိုင်ပါကြောင်း၊

မာန်အောင်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်းတွင် ရှိသည့်အတွက် ပင်လယ်လေသည် တစ်နာရီ ၆ မိုင်နှုန်းနှင့်အထက် နေ့စဉ် ၂၄ နာရီ ဆက်တိုက်တိုက်ခတ်လျက် ရှိသည့်အတွက် သဘာဝပင်လယ်လေကို အသုံးပြုပြီး ကျန်သည့်ကျေးရွာ ၈၀ ကို လေအားလျှပ်စစ် လုပ်ပေးလျှင် ရရှိနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

လေအားလျှပ်စစ်ဖြင့် ဆောင်ရွက်ခြင်းသည် ဖြစ်နိုင်သည့် နည်းလမ်းတစ်ခု လေ့လာထားသည်ကို တွေ့ရှိရပါကြောင်း၊ သို့ရာတွင် လေအားလျှပ်စစ်နှင့် တည်ဆောက်မည်ဆိုလျှင် လေအား Wind တာဘိုင် တစ်ခုကို တည်ဆောက်ရုံဖြင့် မလုံလောက်ပါကြောင်း၊ မာန်အောင်ကျွန်းပေါ်တွင် Wind တာဘိုင်ပေါင်းများစွာကို အုန်းပင်၊ ထန်းပင်၊ အုန်းတော၊ ထန်းတောကြီးများကဲ့သို့ ကျွန်းကြီးအပြည့် တည်ဆောက်ရမည် ဖြစ်သည့်အတွက်ကြောင့် မြေနေရာပြဿနာများစွာ ဖြစ်ပေါ်လာနိုင်မည့် အနေအထားတစ်ခု ရှိပါကြောင်း၊ ဒုတိယအချက်က လေအားလျှပ်စစ်ဖြင့် တည်ဆောက်သည့် အချိန်တွင် ရင်းနှီးမြှုပ်နှံရမည့် ကုန်ကျစရိတ် 1 MW ထုတ်ရန်အတွက်ကို အမေရိကန်ဒေါ်လာ ၄ သန်းခန့် ကုန်ကျမည် ဖြစ်သည့်အတွက် အဆိုပါဘတ်ဂျက် ကုန်ကျမည့် ကုန်ကျစရိတ် မြောက်မြားစွာကို ဆက်လက်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုလည်း ရှိပါကြောင်း၊ မိုးများသည့် အရပ်ဒေသ ဖြစ်သည့်အတွက်ကြောင့် တစ်နေ့ နေရောင်ခြည်ရရှိမှု အားနည်းမည်ကိုလည်း တွေ့ရှိရသည့် အတွက်ကြောင့် ဝန်ကြီးဌာန၏ အဖြေတွင် နေရောင်ခြည်၊ ဒီဇယ်ဓာတ်အားပေးစက်၊ မြန်မာနိုင်ငံတွင် တည်ရှိမှု မရှိသေးသော စွမ်းအင်သိုလှောင်မှု စနစ် (Energy Saving System-ESS System) ကိုပါ ပေါင်းစပ်စဉ်းစားထားပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်